Tuesday, September 27, 2011

မဲဆောက်- မြ၀တီတံတားကို ထိုင်းစစ်တပ် သံဆူးကြိုးဖြင့် ပိတ်ဆို့

September 26, 2011

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် မြ၀တီ – မဲဆောက်တံတား အနားတ၀ိုက်ကို ထိုင်းစစ်တပ်က ဒီနေ့ သံဆူးကြိုး တွေချပြီး ပိတ်ဆို့ ထားလိုက်ပါတယ်။

ထိုင်းနယ်စပ်ကော်မတီက မြန်မာနယ်စပ်ကော်မတီ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိတ်ဆို့တာလို့ သိရကြောင်း ကွင်းဆင်း လုပ်ဆောင်ရေး တာဝန်ကျ ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။


ဒီကိစ္စမှာ သူဟာ အမြင့်ဆုံး​ တာဝန်ခံ​ မဟုတ်တဲ့​ အတွက် အသေးစိတ် ပြောပိုင်ခွင့်​ မရှိဘူးလို့ ဆိုပါတယ်။

တံတားအထက်ပိုင်းကနေ တံတားမြောက်ပိုင်း ပြည်သူပိုင် ကျွန်းအထိ ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ခုလိုပိတ်ဆို့ ရတာဟာ လူကူးလမ်းကြောင်းတွေကနေ မူးယစ် ဆေးဝါးတွေ မ၀င်လာနိုင်ဖို့​ ဖြစ်တယ်လို့  ဗိုလ်မှူးကြီး ပစံစန်းစီရီ လတ်က ဆိုပါတယ်။

တံတားတ၀ိုက်ကို ခုလို ပိတ်ဆို့ လိုက်ပေမယ့် သာမန် ကူးလူး သွားလာမှုတွေအတွက် တံခါးတခုကို လုံခြုံရေးအစောင့်ချပြီး ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ က ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့ နယ်ဘက်က သယ်ဆောင်လာတဲ့ ရာဘ ခေါ် မြင်းဆေး ပြား ၈ သောင်းကျော်ကို မယ်ဆိုင်မြို့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်ကလည်း မြင်းဆေးပြား ၁ သိန်းခွဲကို ဆေးပြားထုတ်လုပ်ရေး ကိရိယာတွေနဲ့အတူ အိုက်စ်မူးယစ်ဆေး ဂရမ် ၈၅၀၀ ကျော်အပြင် အခြားမူးယစ်ဆေးဝါးမျိုးစုံ ကီလိုဂရမ် ၇၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာ ၄ ဦး ထိုင်းနိုင်ငံဘက်ကမ်း မယ်ဆိုင် မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် ယင်လတ်ဦးဆောင်တဲ့ ထိုင်းအစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၆ လအတွင်းအပြီး လုပ်ဆောင်မယ်လို့ ကြေညာ ထားပြီးနောက်မှာ ဖမ်းဆီးမှုတွေတိုးလာတဲ့အပြင် ခုလို သံဆူးကြိုးချကာ ကာကွယ်တာတွေကို လုပ်ဆောင်လာတာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့