သွင်အောင်
သောကြာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၁
ကျနော်တို့ငယ်ငယ်က မိုးဝေကဗျာခေတ်ဆိုတာ ရှိခဲ့ဖူးတယ်လို့ အသက်ကြီးလာတဲ့ အခါ ပြန်ကြားခဲ့ဖူး ပါတယ်။ အဲဒီ မိုးဝေကဗျာခေတ် ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ကဗျာဆရာတွေ ရေးခဲ့တဲ့ ကဗျာတွေက ဖိနှိပ်မှုတွေကို ဆန့်ကျင် တော်လှန်တဲ့ သက်ရောက်မှုတွေနဲ့ ရေးခဲ့ ကြတာလို့ဆိုပါတယ်။
အဲတုန်းက ကဗျာတပုဒ်ကို အဲဒီခေတ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့ဖူးတဲ့ နောင်တော် တယောက်ကပြန် ပြောပြလို့ သိခဲ့ပါတယ်။ အဲဒီကဗျာကတော့ ဆရာ မောင်လေးအောင်ရဲ့ “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ပါပဲ။ ကဗျာကတော့ ၁၉၆ဝ ကျော် ၇ဝ ကာလများက ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲရဲ့ နောက်ခံ အကြောင်းအရာကို ကဗျာဆရာက စိတ်ကူးဉာဏ် ကွန့်ပြီးတော့ စပ်ထားခဲ့တာ ဖြစ်ပါတယ်။
နှစ်ပိုင်းကွဲနေတဲ့ ဗီယက်နမ်နိုင်ငံမှာ မြောက်ပိုင်းက ကွန်မြူနစ်နိုင်ငံ ဖြစ်နေပြီး၊ တောင်ပိုင်း ကတော့ အမေရိကန်ရဲ့ ကျောကန် ပေးထားမှုနဲ့ ကွန်မြူနစ် ဆန့်ကျင်တဲ့ နိုင်ငံဖြစ်နေတာပါ။ တနိုင်ငံလုံးကို ပေါင်းစည်းပြီး ကွန်မြူနစ် နိုင်ငံတော် တည်ထောင်ဖို့ မြောက်ပိုင်းက ကြိုးစားလာတဲ့ အခါမှာ အမေရိကန်တို့က ကွန်မြူနစ်ဝါဒ မပြန့်ပွားစေဖို့ တောင်ပိုင်းကနေ ကူတိုက်ဖို့ ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။ တောင်ဗီယက်နမ်က ပြည်သူတွေထဲမှာ မြောက်ဗီယက်နမ်ကို ထောက်ခံတဲ့ မြေအောက် တော်လှန်ရေး သမားတွေ ရှိနေ၊ လှုပ်ရှားနေပြီ ဖြစ်ပေမယ့် တောင်ဗီယက်နမ် ပြည်သူတွေက တခဲနက်ထောက်ခံပြီး အစကထက် မြောက်ဗီယက် နမ်ရဲ့ ပေါင်းစည်းရေး လှုပ်ရှားမှုအတွက် ပိုမိုတက်ကြွစွာ လှုပ်ရှား လာစေခဲ့တဲ့ အဖြစ်အပျက်လေး တခုဟာ တောင်ဗီ ယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံမှာ ဖြစ်ပျက်ခဲ့ပါတယ်။
ကွန်မြူနစ်ဆန့်ကျင်ရေး မူဝါဒအရ အမေရိကန်ရဲ့ လွမ်းမိုးမှု ကိုခံနေရတဲ့ တောင်ဗီယက်နမ်က လူငယ် အချို့ဟာ အမေရိကန် လွှမ်းမိုးမှုအောက်က လွတ်မြောက်ပြီး ကွန်မြူနစ်ဝါဒ ကျင်သုံးတဲ့ ဗီယက်နမ် တနိုင်ငံတည်း ဖြစ်စေဖို့ ဗီယက်ကောင်း (Vietcong) လို့ ခေါ်တဲ့ အမျိုးသား လွတ်မြောက်ရေး တပ်ဦးနဲ့ ဆက်သွယ်ပြီး မြေအောက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီအထဲက လူငယ်တယောက်ဖြစ်တဲ့ ငုယင်ဗန်ထျွိင်းဟာ အသက် ၁၇ နှစ်သာ ရှိသေးပြီး သူဟာ တောင်ဗီယက်နမ်ကို ၁၉၆၃ ခု မေလ အတွင်း အလည်အပတ် လာရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် မဂ္ဂနာမာရားကို လုပ်ကြံဖို့ ကြိုးစားမှုနဲ့ တောင်ဗီယက်နမ် အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ် ချမှတ်ခဲ့ပါတယ်။
၁၉၆၄ ခုအောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ချီဟို (Chi Hoa) အကျဉ်းထောင် အတွင်း သတင်းထောက်များ ရှေ့မှောက်မှာ သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကို ကွပ်မျက်ခဲ့ပါတယ်။ အခြား မြေအောက် တော်လှန်ရေး သမားတွေ ကြောက်လန့် သွားအောင် သင်ခန်းစာ ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းထောက် အများရှေ့မှာ ကွပ်မျက်ဖို့ အမေရိကန်ရဲ့ အကြံပေးချက် အရ တောင်ဗီယက်နမ် အစိုးရဟာ စဉ်းစား လုပ်ကိုင်ခဲ့တာလို့ ယူဆ ခဲ့ကြပါတယ်။
သူ့ပြည်သူတွေကို ဘယ်လောက်ချစ်ကြောင်း၊ သူ့တိုင်းပြည်ကို ဘယ်လောက် ချစ်ကြောင်း သတင်းထောက် တွေကို ရဲရဲဝံ့ဝံ့ အော်ပြောရင်း ကိုယ်ထဲကို သေနတ်ကျည်ဆန် ဖောက်ဝင်သွားတဲ့ အချိန်မှာတောင် အဖ ဗီယက်နမ် နိုင်ငံတော် အဓွန့်ရှည်ပါစေလို့ နောက်ဆုံး ထွက်သက်အထိ ရဲရင့်စွာ ပြည်သူတွေ အတွက် ကြွေးကြော်သွားခဲ့တဲ့ ငုယင်ဗန်ထျွိင်းဟာ အမေရိကန်နဲ့ တောင်ဗီယက်နမ် အစိုးရတို့ရဲ့ ရည်ရွယ်ချက်ကို မှန်းချက်နဲ့ နှမ်းထွက် မကိုက်စေခဲ့ပါဘူး။
သူ့ရဲ့ ရဲရင့်တဲ့ ရုပ်ပုံလွှာဟာ မြင်ရ၊ ကြားရသူ တောင်ဗီယက်နမ် ပြည်သူတိုင်း၊ လူငယ်တိုင်းကို ဗီယက်နမ် နိုင်ငံတော် အတွက် နိုးထဖို့ စေ့ဆော် ပေးနိုင်ခဲ့ပါပြီ။ အဲလိုနဲ့ တောင်ဗီယက်နမ် ပြည်သူတွေဟာ အမေရိကန် ဆန့်ကျင်ရေး၊ ဗီယက် နမ်နိုင်ငံ တခုတည်း ထူထောင်ရေး တို့မှာ ရှေ့တန်းက စွန့်စွန့်စားစား တိုက်ပွဲ ဝင်လာခဲ့ကြပြီး ကမ္ဘာ့ စူပါပါဝါ အမေရိကန် တပ်တွေ နောက်ဆုံးတော့ ဗီယက်နမ်ကနေ အကွဲကွဲ အပြဲပြဲ ပြန်ဆုတ်ပေးရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။
အဲဒီအဖြစ်လေးကို ကဗျာဆရာမောင်လေးအောင် က “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း" ဆိုပြီး ကဗျာဉာဏ် ကွန့်မြူးလို့ ရေးခဲ့တဲ့ မိုးဝေခေတ် ကဗျာလေး တပုဒ်ကို ကျနော် သိခွင့် ရခဲ့တာပါ။
ဆရာမောင်လေးအောင်က အဲဒီ အချိန်က အမေရိကန်သ မ္မတဖြစ်တဲ့ နစ်ဆင်ဟာ ငုယင်ဗန်ထျွိင်းရဲ့ ကိစ္စကို အခြား တော်လှန်ရေး သမားတွေ ကြောက်သွားအောင် သတင်းသမားတွေ ရှေ့မှာ သင်ခန်းစာ အဖြစ် ကွပ်မျက်ခိုင်းလိုက် တာဟာ စစ်တုရင်ပွဲ တခုမှာ ကွက်ရွှေ့ မှားသွားတာမျိုးပဲ ဖြစ်ပြီး အဲဒါကြောင့်လဲ တပွဲလုံး ရှုံးသွားရသလို စစ်ရှုံးသွားရတာ လို့ နှိုင်းယှဉ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူး ရေးထားတဲ့ ကဗျာလေးပါ။
အချိန်တွေကြာလာတော့ အဲဒီကဗျာလေးကို မေ့တောင်နေပါပြီ။ ဒါပေမယ့် တိုက်တိုက် ဆိုင်ဆိုင်ပါပဲ အဲဒီလို အဖြစ် အပျက်လေးတခု အခု ဖြစ်နေပြီလို့ ခံစားလိုက်ရလို့ ကဗျာလေးကို ကျနော်ပြန် အမှတ်ရ လာမိပါတယ်။
အခုတကြိမ် အကွက်ရွှေ့မှားသွားတာကတော့ မြန်မာပြည်က မျက်နှာဖုံး အမျိုးမျိုး ပြောင်းတပ်နေတဲ့ စစ်ဗိုလ်ချုပ် တစုပဲ ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံ အကွက်မှားရွှေ့တာ မဟုတ်ပါဘူး။ တဘက်က ဘုရင်မကြီးကို အပိုင်ဆိုပြီး သွားချက် (Chess Mate) လိုက်ကာမှ ကိုယ့်ဘုရင်ကြီးကို အစားခံရမယ့် အကွက် (တခါတည်းရှုံ မယ့် အကွက်) ပွင့်ထွက် သွားရတာပါ။ တကွက်တည်းနဲ့ မဟုတ်တောင် နောက်နှစ်ကွက်၊ သုံးကွက်ထက် မပိုတော့ပါ။ ရှုံးကွက် ပွင့်သွားခဲ့ရပါပြီ။
သူတို့အပိုင်ဆိုပြီးသွား ချက်လိုက်တဲ့ ဘုရင်မကြီးကတော့ မြန်မာပြည်က ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီ မြစ်ကြီးပဲ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီး မွေးဖွားရာ မြစ်ဆုံ အရပ်မှာ ဆည်ကြီးဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေ ထုတ်ဖို့ တရုတ် နိုင်ငံနဲ့ သဘောတူ ခဲ့တာပါပဲ။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ ရိုးရိုးအမှား တခုတင် မဟုတ်ပါဘူး။
အမေရိကန် နိုင်ငံသားတွေဟာ မစ္စစပီမြစ်ကြီး အတွက် ဂုဏ်ယူကြပါတယ်။ အီဂျစ်တွေကလဲ နိုင်းလ် မြစ်ကြီးကြောင့် ဂုဏ်ယူပါတယ်။ တရုတ်ပြည်သား တွေကလဲ ယန်စီမြစ်ကြီး ကြောင့်ပေါ့။ နိုင်ငံသားတိုင်းဟာ သူတို့ နိုင်ငံတွေရဲ့ အဓိက မြစ်ကြီးတွေကြောင့် ဂုဏ်ယူ ဝင့်ကြွား ကြပါတယ်။ ကိုရီးယားသားတွေ ကလဲ ဟန်မြစ်ကြီးပေါ့။ မြစ်ကြီးတွေနဲ့ ပတ်သက် ပြီး အိပ်ရာဝင် ပုံပြင်တွေလဲ အများကြီး မွေးဖွား ခဲ့ကြပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု တခု အနေနဲ့လည်း တန်ဖိုး ထားကြပါတယ်။
ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို ပြညွှန်းနေရာ သက်ရှိ ပြတိုက်ကြီး တခုပါပဲ။ ဧရာဝတီ မြစ်ဟာ မြန်မာပြည်ရဲ့ အသက်သွေးကြော ဆိုတာကိုလဲ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးတဲ့သူတိုင်း သိကြပါတယ်။ မြစ်ကြီး ကိုမှီပြီး ရေလုပ်ငန်း လုပ်ကိုင် စားသောက် နေကြရတယ်။ လယ်ယာ စိုက်ပျိုး လုပ်ကိုင် နေကြရတယ်။ လမ်းပန်း ဆက် သွယ်ရေးတွေ ဖြောင့်ဖြူး နေကြရတယ်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်း နေကြရတယ်။ ရာသီဥတုတွေ မှန်ကန် နေကြရတယ်။ ပတ်ဝန်းကျင်ဂေဟ စနစ်တွေ မျှတ နေရတယ်။ တိရစ္ဆာန် မျိုးစိတ်တွေ ရှင်သန် နေကြရတယ်။
မြစ်ဆုံဆိုတာ အားလုံးသိကြတဲ့အတိုင်း မေခနဲ့မလိခ မြစ်နှစ်သွယ် ပေါင်းပြီး ဧရာဝတီမြစ် ဆိုတာ စတင် ဖြစ်ပေါ်ရတဲ့ နေရာပါ။ အဲဒီ ဧရာဝတီ မြစ်ကြီးကြောင့်လည်း အထက်က ပြောခဲ့သလို အကျိုးကျေးဇူးတွေ ရနေ ကြရတာပါ။ မြစ်ဆုံမှာ အခုတော့ စင်္ကာပူနိုင်ငံ အကျယ် အဝန်းထက် ကြီးတဲ့ ဆည်ကြီးတခု ဆောက်တော့မယ်လို့ စစ်အုပ်စုက လုပ်နေကြပါပြီ။ အဲ့လိုလုပ်လို့ ပြည်သူတွေ ဘာဖြစ်မလဲ တချက် ကြည့်ကြည့်ရအောင်။
အရင်ဆုံးတော့ ဆည်ဆောက်မယ်ဆိုတဲ့ နေရာက ကျေးရွာပေါင်း ၅ဝ နီးပါးနဲ့ ကျေးရွာနေလူထု ၂ သောင်းကျော်က သူ တို့ မွေးရပ်နေရာ ဒေသတွေကို စွန့်ခွာပြီး ရွှေ့ပြောင်း ပေးကြရမှာပါ။ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့ နေရာတွေကို ရုတ်တရက် စွန့်ခွာပြီး နေရာစိမ်းမှာ ဘဝတခုကို ချက်ချင်း တည်ဆောက်ဖို့ ဆိုတာ လုံးဝ မလွယ်ပါဘူး။ ဒါက ပထမဆုံး ဒုက္ခ ရောက်ကြရမယ့် ဘဝတွေပါ။
နောက်တခု ကတော့ မြစ်ကြောင်း တလျှောက်က လူထုရဲ့ ကံကြမ္မာပါပဲ။ ဆည်ကြီးက ရေတွေကိုထိန်း လိုက်ပြီဆိုတော့ မြစ်ရဲ့ ရေစီးရေလာက ဆည်ကြီးက ရေလွတ် ပေးမှုပေါ်ကိုပဲ တည်သွားမှာပါ။ အဲ့တော့ တခါတလေ ရေစီးမယ်။ တခါ တလေ ရေမရှိဘဲ နေမယ်။ တခါတလေ ရေတွေ တလဟော ထိုးစီးမယ်။ စီးလာမယ့်ရေက ဆည်ထဲက လှောင်ရေတွေမို့ သန့်ရှင်းမှာ မဟုတ်ပါ။
အဲ့တော့ ရေကြောင်း သွားလာရေး ပျက်မယ်။ ရေတွေကြီးမယ်။ မြစ်ကိုမှီပြီးနေတဲ့ တိရစ္ဆာန်တွေ သေကြေမယ်။ ရေ လုပ်ငန်း လုပ်နေတဲ့သူတွေ ထမင်းငတ်မယ်။ မြစ်ထဲမှာ ရေမရှိလို့ မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ရေတွေ ဝင်လာမယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်ကုန်မယ်။ ရောဂါဘယတွေ ထူပြောမယ်။ မြစ်ရေနဲ့ပေါက်တဲ့ ဒီရေတောတွေ သေမယ်။ မြစ်ကိုမှီနေရတဲ့ သစ်တောတွေ သေကြေမယ်။ ရာသီဥတု ဖောက်ပြန်မယ်။ နောက်ထပ် "နာဂစ်"တွေ အများကြီး ရောက်လာဦးမယ်။
အဓိက,ကတော့ မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို ရင်ထဲက ဆွဲထုတ် သွားတာပါပဲ။ ဒီလိုတွေ ဖြစ်လာရင်တော့ နိင်ငံ ဂုဏ်ဆောင် မြစ်ကြီး ကောရတော့မှာပါ။ သေဆုံး ရတော့မှာပါ။ မြစ်ကြီးနဲ့အတူ မွေးဖွားလာတဲ့ ဧရာဝတီ ပုံပြင်တွေ၊ သီချင်းတွေ၊ ကဗျာတွေဟာ မြစ်ကြီးနဲ့ အတူ သေဆုံး သွားရတော့မှာပါ။
ဒီနေရာမှာ တချိန်ကတော့ ဧရာဝတီဆိုတဲ့ မြစ်ကြီးတစင်း ရှိခဲ့ဖူးတယ် ပြောတာပဲ ဆိုတဲ့ စကားလေးပဲ ကျန်ခဲ့တော့မှာပါ။ ဘဝတွေ၊ အသက်တွေ၊ တည်ငြိမ်မှုတွေ ပျောက်ဆုံး သွားရတော့မှာပါ။ တိုင်းပြည်ရဲ့ စပါးကျီကို တွန်းလှဲ ခံကြရတော့ မှာပါ။ မြန်မာပြည်သားတွေ ဂုဏ်ယူခဲ့ရတဲ့ ယဉ်ကျေးမှုကို ကွပ်မျက် ပစ်ကြတော့မှာပါ။ ဧရာဝတီ သေဆုံး ရတော့မှာပါ။
စစ်အုပ်စုက အဲဒီမြစ်ကြီး မွေးဖွားရာအရပ်မှာ မြစ်ကို သင်းသတ်ဖို့ ကြံနေကြပါပြီ။ အဲဒီဆည်က ရမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း တရုတ်ပြည်ကိုပဲ တင်ပို့ ရောင်းချမှာပါ။ ရရှိမယ့် အကျိုးဆက် ဓါတ်အားတွေက မြန်မာပြည်သူတွေ အတွက် ဖြစ်ဦး၊ ဒီလို ကိုယ့်အိမ်ခေါင် ကိုယ်မီးနဲ့ရှို့မယ့် အလုပ်ကိုတော့ ဘယ်သူမှ အားပေးမှာမဟုတ်။ အခုတော့ ရရှိမယ့် အကျိုးရလဒ်ကလည်း သူများဆီသွားဦးမည်တဲ့။ ဗိုလ်ချုပ်တွေ အိတ်ထဲတော့ မြိုးမြိုးမျက်မျက် ဝင်မှာပေါ့။ ဒီကိစ္စကို စစ် အုပ်စုက အပိုင်ဆိုပြီး လုပ်နေကြပြီ။
အပိုင်တွက် လုပ်ပေမယ့် သူတို့ရှုံးရတော့မှာကို တဘက်က ထင်ရှားစွာ ပြနေလေပြီ။ ပြည်သူက ငြိမ်မနေတော့။ တခြားဟာဆို ကြောက်လို့ပဲ ဖြစ်ဖြစ်၊ စိတ်ကုန်လွန်းနေလို့ပဲ ဖြစ်ဖြစ် ရေငုံနေ၊ မျက်စိ ပိတ်နေချင်နေကြမည်။ ဒါကိုတော့ ဆွံအ မနေကြတော့။ အသံတွေက ကျယ်လောင် လာကြပြီ။ ဆင်းရဲသည့် ဒါဏ်ကို ခါးစည်း ခံနေကြရပေမယ့် အတတ်နိုင်ဆုံး ငြိမ်နေခဲ့ကြသည်။
စစ်ဘေးစစ်ဒါဏ်တွေကို ဆိုးရွားစွာ ခံနေကြရပေမယ့် ဥပက္ခာ ထား၍ ခေါင်းငုံ့ နေခဲ့ကြသည်။ ချစ်သောသူများ ကြက်ကလေး၊ ငှက်ကလေးလို သေကြေ နေကြရသည်ကို မျက်ရည်ဝဲလျက် အံကြိတ် ခံနေခဲ့ကြသည်။ ယခုကတော့ နောက်ဆုံး ခံတပ်ကို ထိပါး လာနေသည်ကို အားလုံး ခံစားအသိနှင့် သိနေကြပါပြီ။ ဒုက္ခတွင်းထဲ တွန်းချထားရုံ အားမရသေးဘဲ တသက်လုံးပြန် မတက်နိုင်အောင် လုပ်နေသည်ကို ငြိမ်နေ၍ မရတော့မှန်း သိနေကြပါပြီ။ လူကို ဒုက္ခပေးယုံနဲ့ အား မရဘဲ ရင်ဘတ်ထဲ အထိ ဒုက္ခပေးရန် လုပ်နေကြတာကို မြင်နေကြပြီ။ အလွှာစုံက တုံ့ပြန် ကြတော့မယ်။
ပြည်သူတွေ လုပ်သင့်တာကို လုပ်နေကြပါပြီ။ တရုတ်နိုင်ငံ ကိုယ်တိုင်ပင် ဧရာဝတီ မြစ်ဆုံဆည် ဆောက်ရန် ကိစ္စကို ပြည်သူတွေ ဤမျှလောက် အသံထွက်၍ ကန့်ကွက် လာလိမ့်မည် မထင်ခဲ့။ ယခုမျက်မြင် တွေ့ရချိန်တွင် အံအား သင့်သွား ကြလေပြီ။ ဧရာဝတီကို အကြောင်းပြု၍ ပြည်သူတွေ မိမိတို့မှာ ရှိနေတဲ့ မေ့လျော့နေကြတဲ့ အားတွေကို ပြန်လည် အမှတ်ရ၊ သိရှိ ခံစားမိလာ ကြပါတော့မယ်။
၁၉၈၈ တုန်းက ပြည်သူ့ အင်အားတွေ၊ အစွန်းကုန် ရက်စက်တဲ့ အာဏာရှင်တွေကို ရော်ဝါရွက်ခြွေသလို ခြွေပစ်ခဲ့တဲ့ မိမိတို့ အားတွေ အပြည့် ရှိနေသေးတာကို ဉာဏ် အလင်းရသလို သိရှိ လာကြတော့မယ်။ ဒါဆိုလျှင် ဧရာဝတီကို ရေမစီးနိုင်အောင် လုပ်နေသူတွေကို ဧရာဝတီရေ စီးတွင် မျှောပစ်နိုင်ရန် မဝေးတော့ပါပြီ။ ပြည်သူများမှ မိမိတို့အားကို မိမိတို့ ယုံယုံကြည်ကြည်နှင့် နောက်အကွက်များ ဆက်ရွှေ့ရန်သာ လိုပါတော့တယ်။ စစ်အုပ်စု၏ အကွက်ရွှေ့ အမှားကား စစ်အာဏာရှင်တို့၏ နေ့ရက်များကို ကုန်ဆုံး စေတော့မည်မှာ အမှန် မလွဲပင် ဖြစ်နေပါပြီဟု လေးစားစွာ တင်ပြလိုက် ရပါတယ်။
Ref: မဇ္ဈိမ
Tuesday, September 27, 2011
ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment