Wednesday, September 28, 2011

ဆိုးတူကောင်းဖက် ခရီးအတူဆက်ကြမည်……။

မောင်ကိုဦး
September 28, 2011

အမေ ခရီးတခုကို စတင်တော့မည်။

အရင်က အမေ ဘာပဲလုပ်လုပ် ကျနော်တို့ သိခွင့်ရသည်။ အမေဘာလုပ်လုပ် ကျနော်တို့ အမေဘေးမှာ မကွဲမကွာ ရှိခဲ့ကြသည်။ အမေကို ယုံကြည်မှု အပြည့်ဖြင့် အားပေးခဲ့ ၀န်းရံခဲ့ ထောက်ခံခဲ့ကြသည်။ အမေ့ကို မနာလို မုန်းတီသူများက စွေစောင်း ကြည့်လျှင်ပင် ကျနော်တို့ မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။ အမေ အခက်အခဲဖြစ်လျှင် ကျနော်တို့ တတ်နိုင်သမျှ ၀ိုင်းကြ ၀န်းကြ အားပေး ခဲ့ကြသည်။ ထိုမျှ ကြည်ညို အားကိုးခဲ့သလို အမေကလည်း ကျနော်တို့ အတွက် အစစ ပေးဆပ် ခဲ့သည်ချည်းပင်။ အမေသည် ကျနော်တို့ အတွက် ယုံကြည်ရာ၊ အားကိုးရာ၊ ကျနော်တို့၏ လမ်းပြ၊ ကျနော်တို့၏ သူရဲကောင်း။ ကျနော်တို့၏ အာဇာနည်။

ယခု အမေ ခရီးသစ် တခုကို စတင်တော့မည်။ ထိုခရီးက နီးသလား၊ ဝေးသလား။ ခက်ခဲသလား၊ ငြိမ်းချမ်းမလား၊ အဆင်ပြေမည့် လမ်းလား၊ သူများလမ်းဖြစ်ဖို့ လမ်းခင်း ပေးရမည်လား။ အန္တရာယ် များသလား၊ အန္တရာယ် ကင်းမလား။ အဆင်းလမ်းလား၊ အတက်လမ်းလား။ ဘယ်ပုံ ဘယ်ခရီးကို ဘယ်နည်းနှင့် သွားမည်လဲ.. ကျနော်တို့ ဘာမှ သိခွင့်မရ။

ကျနော်တို့သည် အမေ့အတွက် စိုးရိမ်ကြသည်။ ယုံကြည်ကိုးစားသော ကြည်ညို အားထားသော ဦးညွှတ် အလေးထားသော အမေ့ အတွက် ကျနော်တို့ စိုးရိမ်မိသည် ကတော့ အမှန်ပင်။ အမေသည် ကျနော်တို့ ဒုက္ခရောက်အောင်တော့ လုပ်မည် မဟုတ်မှန်း ယုံကြည်သည်။ သို့သော် အမေ လျှောက်သော လမ်းမှာ အဆင်ပြေပြေ ဖြစ်ပါ့မလား ဆိုသည်ကိုတော့ စိတ်ပူ စိုးထိတ်ခွင့်တော့ ရှိသည် မဟုတ်လား။ အမေသည် ကျနော်တို့ အတွက် ဒီခရီးကို သွားမည်၊ ကျနော်တို့ တိုးတက် သာယာဖို့ ဒီခရီးကို သွားမည် ဆိုတာတော့ ချွင်းချက်မရှိ ယုံကြည်သည်။ သို့သော် အမေသွားမည့် လမ်းမှာ လမ်းကောင်းဖြစ်လျှင် ကျနော်တို့ စံရမည်။ လမ်းဆိုးဖြစ်လျှင် အမေသာမက ကျနော်တို့လည်း အခက်အခဲတွေ ဖြစ်မည် မဟုတ်လား။ အမေ့ကို ယုံသော်လည်း ကံကိုတော့ ယုံဖို့ခက်သည်။

အမေသည် သူ ဘယ်ခရီးလမ်းကို ဘယ်ပုံဘယ်သို့ ဘယ်မျှကြာကြာ ဘယ်လိုနည်းဖြင့် ဘာကြောင့် သွားမည်ကို ကျနော်တို့ လုံးလုံး မသိရသေး။ ကျနော်တို့ကို တချိန်ချိန်မှာတော့ အမေ သိခွင့် ပေးလိမ့်မည်။ အခြေအနေ ကြောင့် ကျနော်တို့ သိခွင့် မရှိသေးသည့်တိုင် အမေ၏ သွေးရင်းမောင်နှမ များတော့ သိထား သင့်သည်ထင်သည်။ ဒါကြောင့်လည်း အမေ့သား တချို့က အမေ့အတွက် ပူပန်မှုနှင့် အတူ ဘ၀င်မအေး ဖြစ်ကာ အမေ့ကို စကားနာ ထိုးကြသည် အထိပင်။

အမေ့ အကို ကျနော်တို့ ဘကြီးများ ကတော့ အမေသွားမည့် ခရီးအတွက် ကျနော်တို့ အားလုံး လိုက်ပါသွားဖို့ တိုက်တွန်း ထားသည်။ သို့သော် ဘယ်လမ်း ဘယ်စခန်း ဆိုသည်ကိုတော့ ဘကြီးတို့ပင် သိပုံမပေါ်။ ဘကြီးတို့၏ မျက်နှာသည်လည်း ကျနော်တို့ ခံစား မိသလောက်တော့ ဟိုအရင်လို တက်တက်ကြွကြွ မဟုတ်။ ဟိုအရင်လို ကြည်လင် အေးချမ်းပုံမရ။

အမေဘာလုပ်လုပ် ထောက်ခံ အားပေး လိုက်ပါရမည်မှန်သော်လည်း ကျနော်တို့ အနေဖြင့် တတ်စွမ်း သမျှတော့ ၀ိုင်းဝန်း ချင်ကြသည်။ အမေ့ ခရီးလမ်းကို အသေးစိတ် မဟုတ်တောင် အရှေ့လား အနောက်လား အထက်လား အေက်လား ဆိုတာလောက် သိရလျှင် ကျနော်တို့ တခုခု လုပ်ပေးနိုင်မည်။ ပြင်ဆင်နိုင်မည်ဟု ထင်မိသည်။ အမေ့ကို ယုံကြည် အားကိုးသည်မို့လည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့ အသက်ပေးရမည့် လမ်းဖြစ်လျှင်ပင် ဇွတ်မှိတ်ပြီး လိုက်မည်မှာ အမှန်ပင်။ သို့သော် ကျနော်တို့ မဟုတ်တောင် အမေ့ သွေးရင်း မောင်နှမ များဖြစ်သော ဘကြီး၊ ဦးလေးများ သိမည်ဆိုလျှင်ပင် ကျနော်တို့ သည်လမ်းအတွက် လျှောက်ရတာ ပိုအားရှိမည် ထင်သည်။ နေပူမည့် ခရီးဆိုလျှင် အမေ့အတွက် ထီးမိုးပေးချင်သည်။ ရေကမ်းပေးလိုသည်။ အမေ့စိတ်ဓါတ်နှင့် အမေ့ ပေးဆပ်မှုများ အတွက် အမေ့ ကျေးဇူးတွေ အတွက် လိုအပ်လျှင် ခြေနင်းဖိနပ် အဖြစ်နှင့်ပင် ထမ်းဆောင်ဖို့ ၀န်မလေး။ ခုတော့ လိုက်သာ လိုက်ရမည်၊ ရှေ့ခရီးက ဘာမှန်းမသိ။ အမေ မောပမ်းမည့် တောလမ်းဆိုလျှင် ကျောထမ်းပြီး လိုက်ဖို့ ပြင်ချင်သည်။ အန္တရာယ် ထူပြောမည် ဆိုလျှင် ကျနော်တို့ သား၊ တူမောင်တွေက ဓါး ယူဆောင် ခဲ့ကြမည်။ အမေ ပူပင်မောမည် ဆိုလျှင် ကျနော်တို့ နှမ မေပျိုတွေက ပျားရည်ချိုတွေ ယူဆောင်ခဲ့ကြမည်။ အစည်းအပြည် မပျက်ပဲ ခရီးအတူ ထွက်ချင်ကြပါသည်။

အစဉ်အမြဲ အမေနှင့်အတူတွဲပြီး လှိုင်းကြီးကြီး လေပြေပြေ နေပူပူ မိုးခခ နှင်းကျကျ ရေကြီးကြီး ခရီး အတူတွဲ ဆက်ခဲ့တဲ့ သွေးသောက် သွေးရင်း ညီရင်း အကိုမောင်နှမတွေနဲ့ အမေချစ်တဲ့ သားသမီးမြေး တဆွေ တ၀န်းက အမေနဲ့ အတူ ရဲရဲကြီး အတူ လိုက်ကြမှာမို့… (အမေ့ခရီး အရိပ်အမြွတ်ကိုတော့) ပြောသင့် ပြောထိုက်သူတွေကို ပြောလိုက်ဖို့ လိုပြီထင်တယ် အမေ..။

ဘာပဲဖြစ်ဖြစ် အမေ့ကိုတော့ ယုံကြည်သည်ပင်။

0 comments:

အပေါ်သို့