Tuesday, September 27, 2011

အဝါရောင် တီရှပ်ဝတ် ၂၀၀ ခန့်လမ်းလျှောက် ဆန္ဒထုတ်ဖော်

ရန်ပိုင်
26 September 2011

ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့ အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ တဦးက ပြောသည်။


“၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက လွန်ခဲ့တဲ့လေးနှစ်က အဓမ္မ ဖြိုခွင့်းခဲ့တဲ့ အမှတ်တရ အနေနဲ့ ချီတက် ကြ တာ” ဟု ၎င်းက ဆိုသည်။

လမ်းလျှောက် ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ ပို့စတာများ ကိုင်ဆောင်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေး အကျဉ်း သားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး၊ ဧရာဝတီမြစ်ဆုံရှိ မြစ်ဆုံရေကာတာ တည်ဆောက်နေမှု ရပ်စဲပေးရေး၊ ၂၆ - ၉ -၂၀၁၁ သံဃာ လှုပ်ရှားမှု စသည့် စာတန်းများပါရှိသော တီရှပ်များကိုသာ ၀တ်ဆင်ထားကြကြောင်း အဆိုပါ သူကပြော သည်။

ချီတက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ဥက္ကလာပ မြို့နယ်မှ ဆူးလေဘုရားသို့ ကား ၃ စီးဖြင့် ထွက်လာကြသည့် ဒေါ်နော်အုန်း လှနှင့် ဦးဝင်းချိုတို့ ဦးစီးသော အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့များကို လုံထိန်းများက န၀ဒေး လမ်းဆုံတွင် တားဆီး ပိတ်ပင်ထား သည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

နေ့လယ် ၂ နာခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ် န၀ဒေး လမ်းထိပ်၌ ပိတ်မိနေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့အား လုံထိန်း များ က ထွက်ခွာခွင့် ပေးလိုက်သည့်အတွက် လမ်းလျှောက် ဆန္ဒပြသူများသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် မှတ်တိုင်မှ ဆူးလေ ဘုရားသို့ ပြန်လည် ချီတက်သွားကြကြောင်း သိရသည်။

ညနေ ၃ နာရီတွင်မူ လမ်းလျှောက်ဆန္ဒပြသည့် လူစုသည် ဆူးလေဘုရား၌ ၀တ်ပြု ဆုတောင်းမှုများ ထပ်မံပြုလုပ်ပြီး ဘုရားကို လက်ျာရစ် သုံးပတ်ပတ်ကာ လူစုခွဲခဲ့ကြောင်း လမ်းလျောက်ချီတက်ရာတွင် ပါဝင်သူက ပြောသည်။


လမ်းလျှောက်ချီတက်သူများ အနေဖြင့် အစိုးရထံ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းပြန်လွှတ်ပေးရန်၊ ဧရာဝတီမြစ်ဆုံ ရေကာ တာ စီမံကိန်း ရပ်တန့်ရန်၊ ပြည်တွင်းစစ်များ ချက်ချင်းရပ်ဆိုင်းရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကို အဓိက တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့နံနက်က စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်တွင်း နိုင်ငံရေးအင်အားစုများ စုံစုံညီညီ တက် ရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်း ဆို ခဲ့ကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့