Monday, September 26, 2011

မြစ်ဆုံ စီမံကိန်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေး

အောင်လင်းထွဋ်
Friday, 23 September 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အစသည် ၂၀၀၅ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော Asian-African Summit 2005: Commemoration of Golden Jubilee of Asia-Africa Conference တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံ ဆွေးနွေးမှုမှ ပေါ်ပေါက်လာသော စီမံကိန်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ပြီး ထွက်လာသော လျှပ်စစ် ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဟူကျင်းတောင်နှင့် သဘော တူညီခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် (နအဖ ကောင်စီ အတွင်းရေးမှူး ၁ ဟောင်း)၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း (နိုင်ငံခြားရေး ဝန်ကြီးဟောင်း)၊ ပြည်သူ့လွှတ်တော် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ (အမျိုးသား စီမံကိန်း ဝန်ကြီးဟောင်း) တို့ ပါဝင်သည်။

အဆိုပါ သဘောတူညီချက်အရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ ဧရာဝတီမြစ်၏ အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး လေ့လာ တိုင်းတာမှုများ စတင်ပြုလုပ် ခဲ့ကြသည်။ လေ့လာ တိုင်းတာမှုများ အရ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာနိုင်ငံ၏ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ကြောင်း ထိုစဉ်က တာဝန်ရှိသူများ သိရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိ ပြည်သူအတွင်း ပေါက်ကြား နေခဲ့သော လေ့လာ တိုင်းတာမှုများ အစီရင်ခံစာ အတိုင်းပင် ဖြစ်ပါသည်။

ထိုစဉ်က နအဖ ထိပ်ပိုင်းခေါင်းဆောင်အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မှုကို မနှစ်မြို့ကြ သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြန်မပြောရဲ၍ တိုးတိုး တိတ်တိတ်သာ ဝေဖန် ဝံ့ကြသည်ဟု သိရပါသည်။ အခြေအနေမှန်ကို သိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လည်း အဆိုပါစီမံကိန်း ဆက်လုပ်ရေး မလုပ်ရေး ချီတုံချတုံ ဖြစ်ခဲ့သည်ဟု နီးစပ်သော အသိုင်းအဝိုင်းမှ ကြားသိရသည်။ ဤကဲ့သို့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း နှောင့်နှေး နေမှုကြောင့် တရုတ် အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံတိုင်း အမြန်ဆုံး အကောင်ထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

၂၀၀၉ ခုနှစ် ကိုးကန့် အရေးအခင်းအပြီးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ထိုးခွင့် ပြုလိုက်ရပါသည်။ အကြောင်းမှာ ကိုးကန့် ငြိမ်းချမ်ရေး အဖွဲ့အား နယ်ခြားစောင့်တပ် အတင်းအကြပ် ပြုလုပ်ခိုင်းရာမှ မြန်မာ စစ်တပ်၏ လက်လွန်ခြေလွန် ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ ကိုးကန့် နယ်မြေအတွင်းမှ တရုတ်လူမျိုး သောင်းနှင့်ချီ၍ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်။ တရုတ်လူမျိုး တို့၏ ပိုင်ဆိုင်မှု အများ အပြားလည်း ပျက်စီး ဆုံးရှုံးခဲ့သည်။ တရုတ် အစိုးရက မြန်မာ အစိုးရအား တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များကိစ္စနှင့် ပတ်သက်၍ စစ်ရေးနည်းဖြင့် မဖြေရှင်းရန် မကြာခဏ မေတ္တာ ရပ်ခံသည့်ကြားမှ မြန်မာစစ်တပ်က ဖုန်ကြားရှင်၏ ကိုးကန့် ငြိမ်းချမ်းရေး အဖွဲ့ကို တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့သည်။

ကိုးကန့်ကိစ္စကြောင့် မြန်မာအစိုးရအား တရုတ်အစိုးရက နိုင်ငံတကာတွင် ထောက်ခံ ပေးနေမှုကို ပြန်လည် စဉ်းစားကောင်း စဉ်စား လာရလိမ့်မည်ဟု တရားမဝင် အသံပြုလာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က နံပတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကိုယ်တိုင် တရုတ် ခေါင်းဆောင်များအား သွားရောက်ရှင်းပြ တောင်းပန်ခဲ့ရသည်။ သို့သော် တရုတ် ခေါင်းဆောင်များက ကျေနပ်မှု မရှိဘဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းထက် အဆင့်မြင့်သော၊ အဆုံးအဖြတ် ပေးနိုင်သော နအဖ ခေါင်းဆောင်ကို စေလွှတ်ရန် ပြောလွှတ်လိုက်ကြောင်း၊ ထို့အပြင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါဝင် တခြားစီမံကိန်း ၃ ခုကို ထိုနအဖ ခေါင်းဆောင်မှ MOU လက်မှတ် ရေးထိုး ပေးရန်လည်း မှာကြား လိုက်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင် နအဖ ဒုဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိ ဒု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်မြင်ဦး (နအဖ အတွင်းရေးမှူး ၁ ဟောင်း)၊ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေး (နအဖ အဖွဲ့ဝင်)၊ လက်ရှိလျှပ်စစ် (၁) ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်း၊ ဦးဥာဏ်ဝင်း၊ ဦးစိုးသာ၊ ပြည်သူ့လွှတ်တော် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ (စွမ်းအင်ဝန်ကြီးဟောင်း)၊ လက်ရှိ အမျိုးသား စီမံကိန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီးစောင်း) တို့ ပါဝင်သည်။

အဆိုပါခရီးစဉ်တွင် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် တရုတ် ဒု သမ္မတနှင့် ဧရာဝတီ မြစ်ဆုံတွင် ရေအားလျှပ်စစ် ထုတ်လုပ် ရောင်းချခွင့်ပေးရေး သဘော တူညီခဲ့ရသည်။ အဆိုပါ သဘောတူစာချုပ်ကို မြန်မာဘက်မှ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသိန်းလွင်နှင့် တရုတ်ဘက်မှ China Power Investment Corporation ဥက္ကဋ္ဌ မစ္စတာ Lu Qizhou တို့ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုနေ့တွင်ပင် တခြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး MOU ကို ဝန်ကြီး ဦးစိုးသာနှင့် တရုတ် ကုန်သွယ်ရေး ဒု ဝန်ကြီး မစ္စတာ Chen Jian ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး MOU ကို သံအမတ်ကြီး ဦးသိန်းလွင်နှင့် China National Petroleum Corporation မှ မစ္စတာ Liao Yongyuan တို့ အသီးသီး လက်မှတ်ရေးထိုး ခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များ၏ မှားယွင်းသော အတွေး အခေါ်နှင့် အတ္တကြီးမှု၊ စဉ်းစားဉာဏ် အမြော်အမြင် နည်းပြီး ခေတ်ပညာ အားနည်းမှု၊ ပညာရှင်များကို ပစ်ပယ်မှု၊ တိုင်းပြည်အရေးထက် ကိုယ့်အကျိုး စီးပွားကို ဦးစားပေးခဲ့မှု၊ ဗေဒင်လက္ခဏာ ယုံကြည်မှု၊ နိုင်ငံတကာ နိုင်ငံရေးပြောင်းလဲ နေမှုများကို လျစ်လျူရှုမှု စသည့် အချက်များကြောင့် ယနေ့ မြန်မာနိုင်ငံသည် တချိန်က ကိုယ်ထောက်ပံ့ ပေးခဲ့ရသော အိမ်နီးချင်း လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများထက်ပင် နိမ့်ကြနေသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ နိုင်ငံရေး ချွတ်ခြုံကျမှု၊ စီးပွားရေး ယိုယွင်းလာမှု တို့ကြောင့် ၁၉၈၈ ခုနှစ်မတိုင်မီ တချိန်က ရန်သူဖြစ်ခဲ့သော တရုတ်နိုင်ငံ၏ ကိုလိုနီ ကျွန်နိုင်ငံဘဝ ရောက်မှန်းမသိ ရောက်နေရသည်ကို ယနေ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းက သက်သေ ပြနေပါသည်။

ယခင်လွန်ခဲ့သော အနှစ် ၂၀ နီးပါးကတည်းက လုပ်သင့်သော အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကို ယခုမှ တက်သုတ်ရိုက် လုပ်လာ ကြရပါသည်။ စာရေး သူတို့ငယ်စဉ် ကလေးဘဝက ၁၉၆၇ ခုနှစ် တရုတ်-မြန်မာ အရေးခင်းကို မီခဲ့ပါသည်။ ထိုစဉ်က တရုတ်တို့၏ ယဉ်ကျေးမှု တော်လှန်ရေး မြန်မာနိုင်ငံသို့ ကူးစက်လာပြီး တရုတ်တို့၏ စော်ကား ရိုင်းပြမှုများကြောင့် အရေးအခင်း ဖြစ်ခဲ့သည်ဟု နားလည်ခဲ့ပါသည်။

၁၉၆၇ ခုနှစ်နောက်ပိုင်း တရုတ်စစ်တပ်များ ကိုယ်တိုင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ တပ်များ အဖြစ် အရေခြုံ၍ တရုတ် နယ်စပ်နေ တရုတ်လူမျိုးများ၊ “ဝ” နှင့် ”ကိုးကန့်” တို့သည် တရုတ်-မြန်မာ နယ်စပ် မြန်မာပိုင် နယ်မြေများအား ယနေ့အချိန်ထိ သိမ်းယူထားဆဲ ဖြစ်ပါသည်။ စာရေးသူ အပါဝင် လက်ရှိ စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များသည် တရုတ် ထောက်ပံ့သော ဗကပ တပ်များနှင့် ၁၉၈၈ ခုနှစ် နှောင်းပိုင်းအထိ စစ်တိုက် ခဲ့ကြရသည်။

ဒု သမ္မတ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးသည် ၁၉၈၈ ခုနှစ် အရေးအခင်း အပြီး အမှတ် (၁၁) ခြေလျင် တပ်ရင်း ဒု တပ်ရင်းမှူး ဗိုလ်မှူးတင်အောင်မြင်ဦး အနေဖြင့် ဗကပနှင့် တိုက်သည့် မိုင်းယန်း စစ်ဆင်ရေးတွင် သီဟသူရဘွဲ့ ရခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် ဗိုလ်မှူးတင်အောင်မြင်ဦး၏ တပ်ရင်းမှူး အပါဝင် အရာရှိစစ်သည် အများအပြား ကျဆုံး သွားခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မ (၈၈) တပ်မမှူး တာဝန်ယူစဉ် မိုင်းယောင်းမြို့တခုလုံး တရုတ် ထောက်ပံ့သော ဗကပ တပ်များ၏ လက်ချက်ကြောင့် ဝင်ရောက် သိမ်းပိုက်ခံခဲ့ရပြီး အရာရှိစစ်သည် အများအပြားနှင့် အရပ်သားများပါ သေကြေခဲ့ရသည်။ အလားတူ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တပ်မ (၇၇) တပ်မမှူး ဖြစ်စဉ် မော်ဖဒေသတွင် အရာရှိ စစ်သည်ပေါင်းများစွာ တရုတ် ထောက်ပံ့သော ဗကပ တပ်များ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ကြသည်။ ထိုကျဆုံးသွားသည့် အရာရှိ စစ်သည်များ အပေါ် လက်ရှိ ခေါင်းဆောင်များ အနေဖြင့် သစ္စာစောင့်သိ သင့်ပါသည်။

တရုတ်တို့သည် ၁၉၈၈ ခုနှစ်အရေးအခင်း အပြီး မြန်မာအစိုးရနှင့် အနောက်နိုင်ငံများ နိုင်ငံရေး အဆင်မပြေမှု အပေါ် အခွင့်ကောင်း ယူ၍ မြန်မာနိုင်ငံ အပေါ် နည်းပရိယာယ် ပြောင်းလဲ ကျင့်သုံးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပထမဦးဆုံး တရုတ်သြဇာခံ နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်များကို မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့ပြီး ဗကပ ခေါင်းဆောင်များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရစဉ် တရုတ် သံအမတ်ကြီးက ပထမဦးဆုံး အသိမှတ် ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာလွှဲ မပေးမှန်း သိလာသောအခါ ပြန်လည် နောက်ဆုတ် သွားခဲ့သည်။

ထိုအချိန်က တရုတ်တို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၄င်းတို့အတွက် စီးပွားရေးသည် အဓိက ဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်ရန် လိုသည်ဟု မူဝါဒ ချမှတ်ခဲ့သည်။ မြန်မာ့ပြည်တွင်းရေး ကိစ္စများ ရှုပ်ထွေးပြီး အနောက်နိုင်ငံများ၏ ဖိအား များလာလေ တရုတ်တို့ ကြိုက်လေပင် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင် လောက်မှ စ၍ မြန်မာနိုင်ငံ၏ သယံဇာတများ အပေါ် တရုတ်တို့ မျက်စေ့ကျလာပြီး ငွေလုံးငွေရင်းနှင့် ရင်းနှီး မြုပ်နှံ လာကြသည်။ နိုင်ငံတကာတွင် မြန်မာ့နိုင်ငံကို ထောက်ခံပေးမည် ဆိုသည့် ကတိကဝတ်နှင့် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ရန် ပြုလုပ်လာသည်ကို တွေ့ရသည်။ တရုတ်တို့သည် မြန်မာအတွက် စီးပွားရေးသာမက လူမျိုးရေး အရပါ အန္တရာယ် ရှိလာခဲ့သည်။ တရုတ်အစိုးရ ခေါင်းဆောင်ပိုင်း များလာတိုင်း မြန်မာနိုင်ငံအတွင်း ရှိနေသော တရုတ်လူမျိုး များအား အကာအကွယ် ပေးရန် မြန်မာ အစိုးရ တာဝန်ရှိသူများကို မှာကြားလေ့ ရှိသည်။

ယနေ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာ ဆက်ဆံရေး အတွက် အဓိက အရေးပါသော ဆုံးဖြတ်ချက်ကို လက်ရှိ မြန်မာ အစိုးရက ဆုံးဖြတ် ရပါတော့မည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ဦးတည်း သဘောနှင့် တရုတ်တို့နှင့် သဘော တူညီခဲ့သော အဆိုပါ စီမံကိန်းကြီးသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမှန်း သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နားလည်ပါသည်။

၂၀၀၁ ခုနှစ်က ဧရာဝတီမြစ်အတွင်း အိန္ဒိယသမုဒ္ဒရာမှ ဗန်းမော်မြို့အထိ တရုတ် ကုန်သင်္ဘောများ သွားလာခွင့်ကို သဘော တူပြီးနောက် သမ္မတ ကျန်ဇီမင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် လက်မှတ်ထိုးခါနီး၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောမတူဟု လုပ်သဖြင့် ထိုအချိန်က တရုတ်တို့ ဒေါသ ထွက်ခဲ့ဖူးသည်။ တရုတ်တို့ အနေဖြင့် စီးပွားရေး ဆက်လုပ်မည်ဆိုလျှင် တရုတ် မုန်းတီးရေးဝါဒ မြန်မာ တိုင်းရင်းသားများ အတွင်း မကြီးထွားလာအောင် ကြိုးစား ရပါလိမ့်မည်။ တရုတ်-မြန်မာ ဆက်ဆံရေး ဆက်လက် ကောင်းချင်လျှင် တရုတ်အစိုးရ အနေဖြင့်လည်း မြန်မာ ပြည်သူတို့၏ ဆန္ဒကို အသိအမှတ်ပြုရန် လိုသကဲ့သို့ မြန်မာအစိုးရသစ် အနေဖြင့် တရုတ် အစိုးရအား ပြေလည်ရာ ပြေလည်ကြောင်း ရှင်းပြ၍ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်သင့်ပါသည်။

ဧရာဝတီမြစ်အရေးသည် အမျိုးသားရေးဖြစ်ပါသည်။ လူတဦးတယောက် တပါတီအရေး မဟုတ်ပါ။ ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသား အားလုံး အနေဖြင့်လည်း အစိုးရအတွင်း တာဝန်ရှိသူများကို အမျိုးသားအရေး အမြင် ရှိလာအောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းမှ ဧရာဝတီကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့