Tuesday, September 27, 2011

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်

September 26, 2011
အေး​နိုင်

အစိုးရတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) နယ်မြေကို တပ်ရင်း ၁၀ ရင်းနဲ့ အပြင်းအထန် ထိုးစစ် ဆင်နေတယ် လို့ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) က ပြောပါတယ်။

ကေအိုင်အိုတပ်မဟာ (၄) ခွင်ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ပြင်းထန် နေတယ်လို့ ဆိုပါတယ်။


ဒီတိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အခြေပြု ကေအိုင်အေ တပ်ရင်း ၂ နဲ့ တပ်ရင်း ၉ ကို လက်လွှတ်ပေး လိုက်တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်​။

“လက်နက်ကြီးနဲ့ပဲ တရစပ်ပစ်တဲ့အတွက်ကြောင့် နောက်တန်း ရုံးအဖွဲ့တွေကို နေရာဖယ်ခိုင်း လိုက်တာပါ။ အားလုံးကို ရှေ့တန်း ကို လွှတ်ထား လိုက်ပါပြီ။ ကျနော်တို့ လက်ရှိ ကျင့်သုံးနေတာက ပြောက်ကျား စစ်ဗျူဟာပါ။”

တိုက်ပွဲဟာ မူဆယ်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ ဖြစ် ပွားနေပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ တပ်အင် အားတွေ ဖြည့်တင်း နေတယ်လို့ ဆိုပါတယ်​။

“တိုက်ပွဲတော်တော်ပြင်းထန်တယ်။ သူ့ရဲ့အင်အားက ၁၀၀၀ ကျော်သွားပြီ။ ဒီနေ့ရတဲ့ စာရင်းအရ၊ တပ်ပို့တွေ ထပ်ဖြည့်တာတွေ လည်းရှိတယ်။”

ကေအိုင်အေ တပ်မဟာ ၄ ခွင်ကိုတိုက်တဲ့ အစိုးရထိုးစစ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် လေးလပတ် အစည်းအဝေး မတိုင်ခင် ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကို ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု- ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး တို့ ဦးစီး ကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

အစိုးရဘက်ကထိုးစစ်ဟာ မူဆယ်မြို့က ရွှေပြည်သစ်ရဲဘက်စခန်းကို ကေအိုင်အေတပ်မဟာ ၄ က ၀င်စီး ခဲ့ပြီးနောက် အစိုးရဘက် က တိုက်ခိုက်မှု ဖြစ်ပါတယ်။

ကေအိုင်အေဘက်ကလည်း ထိုးစစ်ကို ခုခံနေချိန်မှာ အခြားနေရာတွေဖြစ်တဲ့ ဗန်းမော် – လွယ်ဂျယ်လမ်းပေါ်က စိန်လုံနဲ့ လွယ်ဂျယ် တို့မှာ ကေအိုင်အေဘက်က စတင် တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဗန်းမော် – မြစ်ကြီးနား လမ်းပေါ်ရှိ တုန်ဖုန်း ယန် မြို့နယ် အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကေအိုင်အေ သတင်းရပ်ကွက် အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ကြောင့် အခုလာမယ့် လေးလပတ်ပုံမှန် အစည်းအဝေးမှာလည်း စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် တွေပဲ ကျလာဖို့ များတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။

“အခု သူတို့ပြောဆိုနေတာတော့ နိုင်ငံရေး ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ တဖက်မှာ ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ စစ်ရေး နည်းနဲ့ပဲ အားလုံးကို ဖြေရှင်းနိုင်တယ်။ အားလုံးကို စိုးမိုးနိုင်တယ်ဆိုတဲ့ ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်။ ဒါကြောင့်မို့ ဒီလေးလပတ်မှာ ထွက်လာမယ့် ရလဒ်ကတော့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါလိမ့်မယ်။”

၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့ ကေအိုင်အိုဟာ အစိုးရစီမံတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပယ်ချပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်နေ့ကစလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အပစ်ရပ်ရေးစကားပြောနေပေမယ့် လက်တွေ့ မရပ်သေးပဲ ဖြစ်နေ တာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့