Monday, September 26, 2011

တံတိုင်းနှင့် ဆည်၏ သားကောင်များ

ဇေ၀င်းနောင်
Sunday, 25 September 2011

မဟာတံတိုင်းကြီး နောက်ကွယ်က သမိုင်းအမှန်တွေကို ရောင်ပြန်ဟပ်စေသော ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့ပါသည်။

ဘီစီ ၂၀၀ ၀န်းကျင်။ မဟာ တံတိုင်းကြီး တည်ဆောက်သော ခေတ်ကာလ ကျန်းနန်ပြည်နယ် တစ်နေရာ။ အိမ်နီးချင်းများ ဖြစ်ကြသည့် မန်အိမ်နှင့် ကျန်းအိမ်။ သူတို့ နှစ်အိမ်စလုံးက သားထောက် သမီးခံ မရှိကြ။ တစ်နှစ်မှာတော့ မန်အဘိုးကြီးက ခွံမာသီးပင် ခြုံတစ်ခြုံကို စိုက်ပျိုးခဲ့သည်။ အပင် တစ်စတစ်စကြီး လာပြီး ကျန်းအိမ် ဘက်ကိုပါ ရောက်လာသည်။ ကျန်းအိမ်ဘက်မှာ အသီးကြီး တစ်လုံး သီးလာခဲ့သည်။ သူပိုင်သည်၊ ငါပိုင်သည် အငြင်းပွားကြရင်း နောက်ဆုံးမှာတော့ ခွဲယူဖို့ ဆုံးဖြတ် လိုက်ကြသည်။ အသီးကြီးကို ခွဲလိုက် သောအခါတွင်တော့ ကလေးငယ် တစ်ဦး ထွက်လာခဲ့သည်။ ကလေးကို နှစ်အိမ်စလုံးက အတူပျိုးထောင် လာခဲ့ကြပြီး နှစ်ဖက်မျိုးရိုး အမည်များ ပါစေရန် မန်ကျန်းနုဟု အမည်ပေးခဲ့ကြသည်။ (နုမှာ မိန်းကလေး ဟု အဓိပ္ပာယ်ရသည်)

မန်ကျန်းနု ကလေးအရွယ် ရောက်လာသော အခါတွင်တော့ ဖန်ရှီးလင် ဆိုသော လုလင်ပျိုနှင့် ချစ်ကြိုက် မိကြကာ လက်ထပ် ထိန်းမြားရန် စီစဉ်ခဲ့သည်။ ဒီအချိန်မှာ ကံကြမ္မာဆိုး က ၀င်လာခဲ့သည်။ မင်္ဂလာဆောင်သည့် နေ့တွင်ပင် ရှီးလင်ကို မဟာတံတိုင်း တည်ဆောက်ရေး အတွက် ချွေးတပ်ဆွဲ (ပေါ်တာဆွဲ) သွားကြသည်။ မဟာတံတိုင်း အတွက် ချွေးတပ် ဆွဲခံခဲ့ရသူ တစ်ဦး၏ဘ၀သည် ငတ်မွတ် ခေါင်းပါးမှုတို့ဖြင့် သေခြင်းသာ အဆုံးရှိသည်က များကြသည်။

တစ်နှစ်သာ ကြာသွားသည်။ ရှီးလင် သတင်းကမရ။ နုက စိတ်ပူလှပြီ။ မဟာတံတိုင်းကို ရောက်အောင် သွားပြီး သူ့ခင်ပွန်း အကြောင်း သွားစုံစမ်းဖို့ ဆုံးဖြတ် လိုက်သည်။ ခက်ခဲသော တစ်ကိုယ်တော် ခရီးကို ဖြတ်သန်းပြီး မဟာတံတိုင်းဆ ရောက်တော့ သတင်းဆိုးက ဆီးကြိုနေသည်။ ရှီးလင် တစ်ယောက် အလုပ်လုပ်ရင်း သေလွန်ခဲ့ပြီ။ အလောင်းကရော။ တံတိုင်းအောက်မှာ သေသူ အလုပ်သမားတွေကို မြှုပ်ထားသည် ဆိုခြင်းကို နု သိလိုက်ရသည်။ သည်းထန်စွာ ငိုကြွေး ရင်း တံတိုင်းကို ဖြိုတော့သည်။ သစ္စာ မေတ္တာစွမ်းက ကြီးလှသည်။ သူငိုကြွေးရင်း ထုနှက်သော နေရာတစ်ဝိုက်မှ တံတိုင်းကြီး ပျက်စီး ပြိုလဲ သွားခဲ့သည်။ မရေ မတွက်နိုင်သော အရိုးတွေ တောင်ပုံရာပုံ။ သူ့ချစ်လင်၏ အရိုးကို ရှာဖို့အတွက် သစ္စာဆို သည်။ သူ့လက်ထိပ်ကို ကိုက်၊ ကျလာသော သွေးနှင့် အရိုးတိုင်းကို စမ်းကာ ချစ်လင် အရိုးဖြစ်လျှင် ကျသော သွေးကိုအရိုးက စုပ်ယူပါစေဟု သစ္စာဆိုခဲ့သည်။ ချစ်လင်အရိုးကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သော အခါတွင်လည်း အရိုးပုံကို ဖက်ပြီး ငိုရှာရပြန်သည်။

အမျက်ထွက်နေသော ကျင်မင်းဆက် ပြည့်ရှင် ဧကရာဇ်ကြီးက ပျက်စီးသွားသော နေရာကို လာကြည့်သည်။ မအိုသေးသော မုဆိုးမ မန်ကျန်းနုကို မြင်တော့ ဘုရင်ကြီး သဘော ခွေ့သွားသည်။ ဒေါသတွေ အရည် ပျော်သွားသည်။ တောင်းဆိုချက် သုံးချက်ကို ခွင့်ပြုလျှင် လက်ထပ်မည် ဟု နု ကတုံ့ပြန်သည်။ ပထမအချက် က သူ့ချစ်လင်ကို တော်ဝင် အခမ်းအနားဖြင့် သင်္ဂြိုဟ်ရမည်။ ဒုတိယ အချက်က ဧကရာဇ်ကြီးနှင့် သူ့အစိုးရသည် ဈာပနကို တက်ရမည်။ တတိယအချက်က သူသမုဒ္ဒရာကို ကြည့်ချင်သည်၊ လိုက်ပို့ ပေးရမည်ဟု။ အရပ်သား တစ်ယောက်အတွက် လုပ်မပေး ချင်လှသော်လည်း သူ့မယား လိုချင် သူ့လင်ကောင်းကောင်း သင်္ဂြိုဟ် ပေးရမည်ပေါ့။ တတိယ တောင်းဆိုချက် ရောက်လာသည်။ သမုဒ္ဒရာ ကမ်းခြေသို့ အရောက်တွင်တော့ နု တစ်ယောက် ဘုရင်ကြီးကို ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီး သမုဒ္ဒရာထဲ ခုန်ချ လိုက်လေသည်။ ဤတွင်ဇာတ်လမ်း ဆုံးလေသည်။

(ဇာတ်နာမှာ စိုးရိမ်သူ သူတို့ကတော့ မန်ကျန်းနုကို နဂါးမင်းကြီး နှင့် သမီးတော်များက ကယ်တင်လိုက် ကြသည်ဟု ဆိုကြသည်။) ဒီဇာတ်လမ်းသည် စီမံကိန်းကြီးကြောင့် ခင်ပွန်းကို ဆုံးရှုံး လိုက်ရသော မုဆိုးမများ၊ သားကို ဆုံးရှုံးလိုက်ရသော မိဘများ အားလုံးကို ကိုယ်စားပြုနေသည်။ တရုတ်ပြည်၏ မြောက်ဖက်ဖျားကို အိမ်ခြံစည်းရိုး ခတ်သလို တံတိုင်းကာဖို့သည် တရုတ်၏ ပထမဆုံး ဧကရာဇ် ရှီဟွမ်တီ၏ အကြံအစည်။ မြောက် ဖျားမှ သူတို့ခေါ်ဝေါ်မှု အရ လူရိုင်းတွေ၏ ရန်မှ ကာကွယ်ရေး။ ရည်ရွယ်ချက် ကဖြင့် ကောင်းချင် ကောင်းနိုင်ပါသည်။ သို့ပေမဲ့ ပေးဆပ်လိုက်ရသည်က များလွန်း လှသည်။ မုဆိုး အလိုကျ စတေး လိုက်ရသည့် သားကောင်တွေ တစ်ပုံတစ်ပင်။ သည်တံတိုင်းကြီးက အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည်ကလည်း မွန်ဂို၊ မန်ချူး၊ ဗြိတိသျှ၊ ဂျပန် တို့၏ ကျူးကျော် သိမ်းပိုက်မှု အလီလီ ခံခဲ့ရခြင်းက သက်သေ။

ဒီ မဟာတံတိုင်းကြီး ဆောက်ပြီးနောက် အနှစ် ၂၀၀၀ နီးပါး အကြာ။ မဟာတံတိုင်း နောက်ပိုင်း အကြီးမားဆုံး စီမံကိန်းသည် တစ်ဖန် နိုးထလာသော တရုတ်တွင် ပေါက်ဖွား လာခဲ့ပြန်သည်။ ၂၁ ရာစု မဟာတံတိုင်းဟု ဆိုနိုင်သော Three Gorges Dam ။ တစ်မိုင်ခွဲ ကျယ်ပြီးပေ ၆၀၀ မြင့်သော ဆည်ကြီးသည် မိုင် ၄၀၀ ကျော် ရှည်လျားသည်။ စီမံကိန်းကြီးကို ခေတ်သစ် တရုတ်နိုင်ငံ၏ ဖခင်ကြီး ဆွန်ယက်ဆင်က စတင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ်ကတည်းက ဖြစ်သည်။ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ ဆိုသော ရည်ရွယ်ချက်ကောင်းများ။

၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာ ထိုစဉ်က တရုတ်ကို သိမ်းထားသော ဖက်ဆစ် ဂျပန်များ၊ ၁၉၄၉ မှာ မော်စီတုန်း အားလုံးက တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ် တွင်မှ တည်ဆောက်ရေးကို တရုတ်ပြည်သူ့ ကွန်ဂရက်တွင် စတင် အတည်ပြု နိုင်ခဲ့သည်။ ကိုယ်စားလှယ် ၂၆၃၃ ယောက်မှာ ၁၇၆၇ ဦး ထောက်ခံပြီး ၁၇၇ ကန့်ကွက်ကာ ၆၆၄ မဲပယ် ဖျက်ခံရပြီး ၂၅ ဦးမဲ မပေးခဲ့ကြခြင်းဖြင့် ဒီဆည်ကြီး တည်ဆောက်ရေး အတည် ဖြစ်လာခဲ့သည်။ ကန့်ကွက်သူ ပမာဏသည် နည်းလှသည်ဟု ထင်ရသော်လည်း တစ်ပါတီ စနစ်ရှိသော နိုင်ငံတစ်နိုင်ငံ အတွက် ကန့်ကွက်မှုနှုန်း စံချိန်တင်သည့် ကိစ္စ ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့သော ဆည်ကြီးကို ၂၀၀၉ ခုနှစ် ကတည်းက စတင် လည်ပတ်ရန် မျှော်လင့်ခဲ့သော်လည်း အဆင်မပြေခဲ့။ ဒီလထဲတွင်တော့ စလည်ပတ်နေပြီ။

ဆည်ကြီး မတည်ဆောက်မီက လူသန်းချီ နေရာ ရွှေ့ပြောင်းရမည်။ ရှေးအမွေ အနှစ်တွေ ရေလွှမ်း ကုန်မည်။ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်ရွှေ့ ပြောင်းကြရမည်။ အားလုံးကို တွက်ချက်ပြီး ဆောက်ခဲ့ကြသည် ဟုတော့ သူတို့ အစောပိုင်းမှာ ဆိုခဲ့ကြပါသည်။ စတေးရမည့် သားကောင် အရေအတွက် ကို နားလည်ထားပြီး ဖြစ်သည်ဆို သောသဘော။

သဘာဝကို ကိန်းဂဏန်းဖြင့် လျှော့တွက်မိခြင်း ဖြစ်ခဲ့သည်ကိုတော့ အချိန်လွန်မှ နားလည် ခဲ့ကြသည်။ ဂျပန်လိုနိုင်ငံ မျိုးမှာပင် ငလျင် လှုပ်မည်ကို အချိန်စောပြီး မပြောနိုင်သေး။ သဘာဝဘေး တို့ကို လူသား၏ တွက်ချက်နိုင်စွမ်းက အပြည့်အ၀ လိုက်မမီသေး။ သို့ပေမဲ့ သဘာဝသည် ဖြစ်ချင်တိုင်း ဖြစ်နေသည်တော့ မဟုတ်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း တစ်ခါက ပြောခဲ့ဖူးသည်။ “ထာဝရဘုရားသည် သဘာဝ တရားနဲ့ ကြွေအံမကစား”ဟူ၍။ သဘာဝ တရားသည် ဖြစ်ချင်တိုင်း ဖြစ်နေသည် မဟုတ်။ အကြောင်းတရား များကြောင့် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အရှင်အဿဇိမထေရ် က ရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတ္တိသပရဗိုဇ်ကို ဟောပြခဲ့သည့် ဗုဒ္ဓတရား အနှစ်ချုပ်ကို အမှတ်ရမိသည်။ ယင်းဂါထာ၏ အစ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ဆိုသော စာသား။ အကြင်တရား တို့သည် အကြောင်းကြောင်းကြောင့် ဖြစ်ကုန်၏ ဟူ၍ အနက်ရပါသည်။ လူတို့ တွက်ချက်နိုင်သော အကြောင်းတရား မည်မျှ ရှိနိုင်မည်နည်း။ ဘက်ပေါင်းစုံမှ တွက် ချက်ထားပြီးဖြစ်သည်ဟု မည်သူကများ ပြောနိုင်မည်နည်း။

နောက်တစ်ချက်က ကိန်းဂဏန်းများဖြင့် သဘာဝတရားကို ကိုင်တွယ်ခြင်း၏ အလုပ်ဖြစ်၊ မဖြစ် ဆိုသည့် အချက်ဖြစ်သည်။ ကာလနှင့် အာကာသအပေါ် မှီတည်ပြီး သင်္ချာသည် ကွဲပြားနိုင်သည်။ ခန့်မှန်း တွက်ချက်မှုသည် ဖြစ်လာမည်ဟု အာမခံနိုင်သော အရာမျိုး မဟုတ်။ ဂျပန် ငလျင်နှင့် ဆူနာမီဖြစ်စဉ်ကို အနှစ် ၁၀၀ တွင်း တိုကျို တစ်ဝိုက်မှာ ဖြစ်မည်ဟု တွက်ချက် ခန့်မှန်းထားသည် ဆိုသော ကိန်းဂဏန်း။ ဖြစ်လာသော အခါ ကာကွယ်ဖို့ အတွက် လုံလောက်သော တွက်ချက်မှု မဟုတ်။ သည်လို ကိန်းဂဏန်းမျိုးတွေ ပါသော မရေရာသည့် တွက်ချက်မှုတို့ဖြင့် သဘာဝတရားကို ဇက်ကြိုးတပ်ရန် ကြံမိခြင်း ဖြစ်သည်။

ပြဿနာပေါင်းများစွာ ကပ်ပါလာခဲ့သည်။ ဆည်ကြီးပြီးစီးလုချိန် ၂၀၀၇ မှာတည်းက ၀န်ကြီးချုပ် ၀မ်ကျားပေါင် ကိုယ်တိုင်က အန္တရာယ် ကို ၀န်ခံလာရသည်။

ပြဿနာ အတိမ်အနက်ကို ဝေဖန်မှုတွေက ဟိုးအောက်ခြေကနေ ထိပ်ပိုင်းအထိ ထွက်လာသည်။ ဘေးဆိုးကြီး ဖြစ်လာနိုင်ချေ ရှိသည်ကို လက်ခံ လာကြသည်။ လူ ၁ ဒသမ ၄ သန်း နေရာ ရွှေ့ပြီးသော်လည်း နောက်ထပ် သန်းချီ ရွှေ့ရဦးမည်။

တရုတ် ဗိသုကာပညာ စွမ်းပ ကား၏ ပြယုဂ်၊ တိုးတက်လာသော နိုင်ငံစွမ်းအင် လိုအပ်ချက် အတွက် ဖြည့်ဆည်းရာ၊ ရေကြီးမှုများ အတွက် အရန် အတား အဖြစ် ၀င့်ကြွားခဲ့သော ကမ္ဘာ့ အကြီးဆုံး ဆည်ကြီးကို တည်ဆောက်ခဲ့ခြင်းသည် သရဲ မွေးသလို ဖြစ်လာသည်။ ရေအားလျှပ်စစ် ပညာရှင်များက နုန်းတင် မြေနုများ ပိတ်နေ စေခြင်းဖြင့် ဆည်သည် မြစ်အောက်ပိုင်း ကမ်းပါး တစ်လျှောက် ရေလွှမ်းနိုင်ချေကို ပိုပြီး တိုးစေသည် ဟု အချိန်လွန် ထောက်ပြမှုများ လုပ်ကြသည်။

သိပ္ပံပညာရှင်များကတော့ ဒီထက်ပိုဆိုးသည်ဟု ဆိုကြသည်။ ယန်ဇီမြစ်လက်တက်များ၏ ရေ အရေ အသွေးက သိသိသာသာ ဆိုးလာသည်။ ဆည်ပိတ်ထားသော မြစ်သည် အညစ်အကြေး တို့ကို ထိထိ ရောက်ရောက် မစွန့်ပစ်နိုင်တော့။ ရေလှောင်ကန်ကြီး ပြီးသည့် ၂၀၀၆ ကတည်း ကစပြီး ရေမှော်တွေ အလွန်အမင်း ပေါက်ဖွားသည့် ထူးခြားဖြစ်စဉ်က ပေါ်လာသည်။ မြစ်ကမ်းပါးတွေ ပြိုကုန်သည်။ ယန်ဇီမြစ် လက်တက်တွေ ရှိရာ ကမ်းခြေတွေမှာ မြေပြိုမှု တွေရှိလာသည်။ ဒီတိုင်း ဆက်သွားလို့တော့ ဒုက္ခများ ကြတော့မည်။

၂၀၁၁ မေလ ထဲမှာလည်း ဆည်ကြီး အကြောင်းက ထပ်ပြောရပြန်ပြီ။ တရုတ်ပြည်သူများ အတွက် အကျိုးပြုခဲ့ သော်လည်း ဂေဟဗေဒ ဘေးဆိုး ကပ်ဆိုးများ အန္တရာယ် ကာကွယ်ရေး၊ ဘူမိအန္တရာယ် ကာကွယ် ရေး၊ ရွှေ့ပြောင်း ပေးရသူများကို အဆင်ပြေပြေ ပြန်လည် နေရာချရေး တို့အတွက် ချက်ချင်း ဆောင်ရွက် ရမည့် ပြဿနာများစွာ ရှိကြောင်း တရုတ်အစိုးရ ၀န်ခံလိုက်ရသည်။

စီမံကိန်းရေးဆွဲမှုနှင့် တည်ဆောက်ရေးတွင် အလွှာစုံ၌ ပြဿနာတွေက ပေါ်လာသည်၊ ချက်ချင်း မဖြေရှင်း နိုင်သေး။ ဆည်ကြောင့်ဖြစ်သော ပြဿနာများကို ဆက်ထုတ်ပြန် ပေးဖို့ အစိုးရက ကတိပေးခဲ့သည်။ ဘေးအန္တရာယ် သတိပေး စနစ်တွေ တပ်ဆင်ဖို့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ရန်ပုံငွေတွေ ထပ်ချပေးဖို့ ကတိပြုခဲ့သည်။ နစ်မြုပ်သွားသော မြို့များ၊ သမိုင်းဝင် နေရာများ နှင့် အတူ ရေလှောင်ကန်ကြီး ပတ်လည် က ညစ်ညမ်းမှုနှင့် ဘူမိ အန္တရာယ်များ တစ်ပါတည်း ဖြစ်ပေါ်လာသည်။

Three Gorges Dam ဖွင့်ပွဲ အခမ်းအနားကို ဘူမိနှင့် ရေအား လျှပ်စစ် အင်ဂျင်နီယာ ပညာ အသီးသီး ဖြင့် ကျောင်းပြီးခဲ့ ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ မတတ်ရောက်ခဲ့။ သမိုင်း တရားခံတော့ အဖြစ် မခံလိုကြ။ ဒီစီမံကိန်းကို စလုပ်ခဲ့သည်က သူတို့မဟုတ်။ ၁၉၉၂ ခုနှစ် က ၀န်ကြီးချုပ်လီပင်း။ တိုးပွားလာသော လူဦးရေ၊ အသုံး များလာသော လျှပ်စစ် ဓာတ်အားကြောင့် ဆွန်ယက်ဆင် မျှော်လင့်ခဲ့သလို တစ်နိုင်ငံလုံး မီးပေး၍ရမည့် ဓာတ်အားလည်း မဟုတ်တော့။ အပြည့် လည်နိုင်ချိန်တွင် ထုတ်နိုင်မည့် မီဂါဝပ် ၂၃၀၀၀ သည်ပင် လူဦးရေ ၇ ရာခိုင်နှုန်းကိုသာ မီးပေး နိုင်တော့မည်။

ဆည်ကြီးကပေးသော သင် ခန်းစာသည် တရုတ်တစ်နိုင်ငံတည်း အတွက် မဟုတ်။ တစ်ကမ္ဘာလုံး အတွက် ဖြစ်သည်။ ဧရာမဆည် (Mega Dam) တွေ တည်ဆောက်ရေးကို ပြန်သုံးသပ် လာကြသည်။ ဘုရားဇီးက အမေဇုန်မြစ်မှာ ဆည်ကြီး ဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။ တရုတ် ကိုယ်တိုင်လည်း နောက်ထပ်ဆည်တွေ ဆောက်ရေးကို ပြန်သုံးသပ် နေရသည်။ အန္တရာယ် ရှိနိုင်သည့် စီမံကိန်း တို့ကို ဖျက်သိမ်း လိုက်သည်။ သို့ပေမဲ့ အချို့ကိုတော့ မလွှဲမရှောင်သာ ဆက်ဆောက်ရမည်။ ဂျပန်ငလျင်နှင့် နျူ အကျပ်အတည်းကြောင့် တရုတ်၏ လျှပ်စစ်ဓာတ်အား အတွက် နျူစက်ရုံကို မှီခိုရေး ကြံရွယ်မှုမှာလည်း နောက်ဆုတ်ရမည့် သဘော ဖြစ်သွားခဲ့သည်။ ဓာတ်အား လိုအပ်ချက် ကလည်း ရှိနေသည်။ ပြည်ကြီး ရှင်တွေ၊ ပြည်ကြီးရဲ့ သဘာဝ ရင်းမြစ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေ ကိုတော့ ဆည်ကြီးများ၏ သားကောင်အဖြစ် မခံလိုတော့။ . . .

Ref;CNN,China Daily,Time, WallStreetJournal,LA Time, London Times,NY Times, Scien-tificamerica.com,thegreatwall .com

Ref: EMG News

0 comments:

အပေါ်သို့