Monday, September 26, 2011

ရွှေဝါရောင် လေးနှစ်ပြည့် ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ဆူးလေ ဘုရားသို့ ဆုတောင်းရန် သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်းနှင့် ရဲအင်အား ၄၀၀ ခန့်မှ တနင်္လာနေ့တွင် တာဆီးကာ လူစုခွဲ လိုက်သည်။

ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် စီတန်းလှည့်လည်သူများ ကမ္ဘာအေး ဘုရားလမ်းပေါ် မိုးလေဝသနှင့် ဇလဗေဒရုံးချုပ် အနီး ပလက်ဖောင်းပေါ်တွင် မေတ္တာသုတ် ရွတ်ဆိုမှု ပြုလုပ်နေသည်ကို တွေ့မြင်ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဆူးလေသို့ သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်း၊ ရဲ၊ ထောက်လှမ်းရေး အင်းအား ၄၀၀ ခန့်မှ မရမ်းကုန်းမြို့နယ် စာတိုက်မှတ်တိုင် အနီးရှိ မိုးလေဝသနှင့် ဇလဗေဒရုံးရှေ့တွင် မရမ်းကုန်း မြို့နယ် ရဲမှူး ဦးမောင်စိုးမှ တားဆီးကာ တည်ဆဲ ဥပဒေအရ အရေးယူနိုင်ကြောင်း ပြောဆိုသည်ဟု ဆုဆောင်းမှုကို ဦးဆောင်သူ တဦးဖြစ်သူ ကိုဝေဋ္ဌု က မဇ္ဈိမကို ပြောသည်။

"သူတို့က ဒီလက်ရှိ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၃၅၄ အရ လွတ်လပ်စွာ စီတန်းခွင့်နဲ့ သွားလာခွင့် ရှိတယ် ဆိုတဲ့ ဥပဒေက လက်ရှိ လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းဖို့ မဆုံးဖြတ်ရသေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှိ တည်ဆဲ ဥပဒေ ငါးယောက်ထက် ပိုမစုရ ဆိုတာနဲ့ ကျနော်တို့ကို ဖမ်းလို့ ရတယ်လို့ ပြောလာပါတယ်။" ဟု ကိုဝေဋ္ဌု က ဆိုသည်။



ယင်းကဲ့သို့ လူစုခွဲခိုင်းခြင်းကြောင့် ဒေသ စံတော်ချိန် ၁း ၄၅ မိနစ်တွင် လူစုခွဲလိုက်ကြပြီ ဖြစ်ကြောင်းလည်း ဆုတောင်းမှုတွင် ပါဝင်သူ တဦးဖြစ်သူ ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။

"သုံးယောက် တတွဲစီ လူစုခွဲပြီးတော့ ပြန်ရမယ်လို့ ကျနော်တို့ကို ညွှန်ကြားချက် ပေးပါတယ်။ အဲဒီတော့ ကျနော်တို့ လူစုက နည်းနည်းများတဲ့ အတွက် စည်းမဲ့ ကမ်းမဲ့ ဖြစ်သွားမှာစိုးလို့ ကျနော်တို့ သုံးယောက်ချင်း သုံးယောက်ချင်း လူစုခွဲဖို့ ကျနော်တို့ လူစုခွဲနေပါပြီ။ ဥပဒေရဲ့ ညွှန်ကြားချက် အတိုင်း အတိအကျ လိုက်နာမှာ ဖြစ်ပါတယ်" ဟု ဦးဝင်းချိုက ဆိုသည်။

ရဲအရာရှိတဦးနှင့် ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် စီတန်း လှည့်လည်သူများအနက်မှ တဦး ဆွေးနွေး ပြောဆိုနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ထူးခြားစွာပင် ဆန္ဒပြမှုကို ကန့်ကွက်မှုများလည်း တပါတည်း ထွက်ပေါ်လာခဲ့သည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ရှိတယ်။ တိုင်းပြည် တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာ ဖြေရှင်းဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိ မြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီလို ပြောထားတယ်။ ဒီလို ဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။”ဟု ရန်ကုန်မြို့ အခြေစိုက် Weekly Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ကိုးကား၍ သူ၏ အပတ်စဉ်ထုတ် ဂျာနယ် ဝီးကလီး အလဲဗင်း၏ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

ရွှေဝါရောင် တော်လှန်ရေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့တွင် အစိုးရဆန့်ကျင် ဆန္ဒပြ သံဃာတော် များကို အာဏာပိုင် များက ရိုက်နှက်မှု ဖြစ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်တွေ စသည့် မြို့ကြီးများတွင် သံဃာ့ လှုပ်ရှားမှုများ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့