September 15, 2011
လယ်တွင်ကြွက်နှင့်ဖါးအပြင် အခြားဝေနေယျတွေလည်း နေ၏။ ကြွက်နှင့်ဖါးကား မြွေတို့ အာဟာရ။ ကြွက်က စပါးကို စား၏။ မြွေနှင့်လူက ကြွက်ကိုစား၏။ လယ်တွင် ကြွက်သည် လူနှင့်မြွေ၏ အစားခံသက်သက်။ ထို့ကြောင့် ကြွက်ဦးရေ သိတ်မတက်။ စပါးလည်းသိတ် မပျက်။ မြွေကားအစားမခံရသေး။ ထို့အတွက် ကြွက်ဦးရေ လျော့ကျလာသလောက် မြွေ ဦးရေသိသိသာသာ တက်လာ၏။ သို့ဖြင့် မြွေကိုက်ခံရသည့် လယ်သမားအရေအတွက်လည်း တက်လာ၏။ မြွေအန္တ ရာယ် ကာကွယ်ရေး တောစီးလည်ရှည်ဖိနပ်လည်း အလုံအလောက်မရှိ။ မြွေဆိပ် ဖြေဆေးလည်း ပေါပေါလောလော မ သုံးနိုင်သည့် ဗမာပြည်တွင် တနှစ်တနှစ် ပိုးထိပြီးသေရသည့် လယ်သမားစာရင်းလည်း ရှည် ရှည်လာ၏။ ဤတွင် မြွေနှိမ် နင်းရေးများလည်း လုပ်ရပြန်၏။ အစကတော့ မြွေတွေ့ရင်သတ်နှင့်စခဲ့ပြီး နောက်တော့ ရှာသတ် သတ်ရ၏။ ထိုအဆင့် လောက်အထိ ဘာပြဿနာမှမပေါ်သေး။ မြွေဆိုးတို့ ကြမ္မာမဆိုးသေးဟု ဆိုရမည်။
မြန်မာပြည်တွင် မြွေသားစားသူဘယ်လောက်ရှိသလဲတော့ ကျနော်လည်းမသိ။ စားတော့စားကြ၏။ စားသည့်နေရာတွင် လည်း အဆိပ် မရှိသည့် လင်းမြွေလို မြွေပတုတ်လို မြွေမျိုးသာစားလေ့ရှိကြ၏။ နောက်တော့ ဘယ်သူက စတင်တွေ့ရှိ သည် မပြောတတ်။ မြွေတွင် မြွေပွေးသား စားအကောင်းဆုံးဆိုပြီး ဖြစ်လာ၏။ ဤတွင် မြွေဆိုးတို့ဘေးဆိုးဝင်ကာ ကြမ္မာ ငင်တော့၏။ စားသူများလာသည့်အလျှောက် ဝယ်လိုအားနှင့် ဈေးကွက်ရှိလာပြီး ကြက်သားထက်ပင် ဈေးကောင်းလာ တော့၏။ မူလက ကြွက်ရန်ကိုလူနှင့်အတူ ကူတိုက်ရာက တစတစအင်အားကြီး ထွားလာပြီး လူကိုရန်မူတာများတော့ တိုက်ဖော်တိုက်ဘက်အဖြစ်မှ ရန်ဘက်ဖြစ်ခဲ့သည့် မြွေသည် ယခုတော့ လူ၏အစားခံဘဝ။ ဈေးကွက်၏ ရောင်းကုန်အ ဖြစ် မျိုးကန်းရမည့်အခြေသို့ ဆိုက်ရတော့၏။ ထွန်ရေးငင်ချိန်မှ တလင်းသိမ်းချိန်တိုင်မကတော့ အချိန်ရှိသမျှမြွေမုဆိုးတို့ တောတိုးကာမြွေလည်ကြ၏။ မြွေပွေးဆိုလျှင် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတွေ ဖြစ်လာ၏။ မြွေပွေးအပေါဆုံးနှင့် အစားအခံ ရဆုံးနယ်များတွင် မင်းလှမိုးညိုလည်း ပါမည်ထင်၏။
ကျနော် မိုးညိုကိုရောက်သည့် နှစ်က လယ်တွေကြွက်ဖျက်လိုဆိုကာ လယ်သမားတွေ အကြီးအကျယ် ညည်းသံကို ကြား ရ၏။ ကျနော်က ကြွက်နှိမ်နင်းရေးမလုပ်ကြဘူးလားဟု မေးကြည့်တော့ လုပ်တာပေါ့ မလုပ်ဘဲနေမလား၊ လုပ်လည်းလုပ် လုပ်ပဲရှိတာလေ၊ ဒီကောင်တွေက လူမနိုင် နိုင်လောက်အောင်ကို ပေါက်အားကောင်းပြီး အပွားမြန်တဲ့ကောင်တွေကွ၊ အ ရင်က မြွေပေါသေးတော့ နည်းနည်းတော့ တော်သေးတာပေါ့။ အခုဟာက မြွေကလည်းမရှိတော့သလောက်ဆိုတော့ ဒီ ကောင်တွေ ပြန်ခေါင်းထောင်ထလာတာပဲ ဟုဆို၏။ သို့ဖြင့် ကြွက်ဖျက်စပါးခင်းတွေ များလာ၏။ နောက်တော့ စပါးခင်း ကနေ ကိုင်းတွေ ကျွန်းတွေတောင်ယာတွေအထိ ကြွက်တို့နယ်ချဲ့လာကြ၏။ လူ့ စားနပ်ရိက္ခာတို့ကို လုယူဖျက်ဆီးကြ၏။ ရောဂါဘယတို့ သယ်ဆောင်လာကြ၏။ သဘာဝတရားကြီးတွင် ဟန်ချက်ရှိ၏။ လူ၊ ကြွက်နှင့် မြွေတို့တွင်လည်း သဘာဝ တရား၏ ဟန်ချက်ရှိ၏။ ထိုဟန်ချက်တနေရာရာမှ စပျက်လျှင်တစုံလုံးပျက်ကာ အဆိုးသံသရာတွင် လည်ကြ၏။ ထို့ ကြောင့် သဘာဝတရား၏ ဟန်ချက်သည်မဖျက်စကောင်း။ ဖျက်လို့မရ။ မဖျက်အပ်ဟုဆိုကာ သဘာဝဝါဒီတို့က ကမ္ဘာတ ဝှမ်းလှုံ့ဆော်မှုတွေလုပ်ကာ ရှေ့ထွက်လာကြ ခြင်းဖြစ်၏။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း သိတ်ဘဝင်မ ခွေ့ကြ။ တလောကဖြစ်ခဲ့သည့် မက္ကဆီကိုပင်လယ်ကွေ့ ရေနံတူးစင်က ပိုက်ပေါက်ကာ ရေနေသတ္တဝါတွေ သေရုံမက ပတ်ဝန်းကျင်သဘာဝကြီးပါ ထိခိုက်ပြီး နိုင်ငံရေးကိစ္စအထိ ပြဿနာတွေ တက်ခဲ့ရ၏။
ရေနံသည် ခေတ်၏ လူ့ဘောင်၏လိုအပ်ချက်ဖြစ်၏။ ရေနံလိုချင်လျှင် ကမ္ဘာမြေ၏ရင်ဝကို မဖေါက်ဘဲမရ။ ဓါတ်သတ္ထုလို လျှင် ကမ္ဘာမြေ့ရင်ကို မခွဲလို့မရ။ ရေအားလျှပ်စစ်လိုလျှင် ချောင်းမြစ်တို့မနာမကျင်ဘဲမရ။ ဒါဆို ပေါက်ပေါက်၊ ပြဲပြဲ၊ နာနာ မတတ်နိုင်ဘူး။ ဖေါက်စရာရှိဖေါက်မှာပဲ ခွဲစရာရှိ ခွဲမှာပဲမတတ်နိုင်ဆိုပြီး တဇောက်ကန်းစိတ်ဖြင့် ရမ်းလို့တော့မဖြစ်။ ချင့် ချိန်ရမည်။ အချုပ်အခြာအာဏာနယ်ကမြေသည် နိုင်ငံသားတို့၏ အမိမြေဖြစ်၏။ မြေကမ္ဘာသည် လူသားတိုင်း၏ အမိမြေ ဖြစ်၏။ အမိမြေများ ဖျက်ဆီးခံရလျှင် ရင်နာဖွယ်ဖြစ်ရ၏။ လူသားဆန်သည့်လူသည် ဘယ်အမိမြေကိုမှ နာကျင်အောင် ရင်နာအောင် မလုပ်အပ်။ လူ့ဘောင်ကောင်းကျိုးနှင့် လိုအပ်ချက်အတွက် ကမ္ဘာမြေကို မဖြစ်မနေ နာကျင်အောင် လုပ်မှရ တော့မည်ဆိုလျှင်လည်း အတတ်နိုင်ဆုံး အနာအကျင်သက်သာအောင် သက်သက်ညှာညှာ လုပ်ရမည်ဖြစ်၏။ ဒါက ကမ္ဘာမြေ ကိစ္စ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ။
နောက်တခုက အမွေကိစ္စနှင့် လူကိစ္စ။ လူသားတို့ ထိန်းသိမ်းစောင့်ရှောက်အပ်သည့် အရာများတွင် ယဉ်ကျေးမှုပါသလို ထိုယဉ်ကျေးမှုများထွန်းကားစည်ပင်ရာနှင့် ဆက်နွယ်သည့် တနည်းပြောရလျှင် လူ့ယဉ်ကျေးမှုသမိုင်းနှင့်နွယ်သည့် အရာ များလည်းပါ၏။ လူ့သမိုင်း၏အရိုင်းဆန်သည့် အဖြစ်အနေမှ ယဉ်ကျေးရာအရုံဦးတို့သည် လွင်ပြင်ကျယ်မြေနိမ့်မြစ်ဝှမ်း များတွင် လာဖူးကြပွင့်ကြဝေခဲ့ကြရ၏။ ယူဖရေးတီးစ်နှင့် တိုက်ဂရစ်၊ နိုင်းလ်မြစ်နှင့်ဂင်္ဂါ၊ မြစ်ဝါနှင့် ဧရာဝတီတို့သည် လူ သား၏သမိုင်း။ လူသား၏ ယဉ်ကျေးမှု။ လူသား၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်။ ယဉ်ကျေးပြီး ယဉ်ကျေးမှုကို ထိန်းရ ကောင်းမှန်းသိသူသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် ယင်း၏တန်ဖိုးကို သေချာစွာနားလည်၏။ ထိုသို့နားလည်မှလည်း ထို သူအား လူယဉ်ကျေးဟု ဆိုအပ်၏။ ယဉ်ကျေးမှုရှိ၍သာ လူသည်ယဉ်ကျေးရခြင်း ဖြစ်၏။ ယဉ်ကျေးသူသည် အမွေအနှစ် ကိုချစ်၏။ မိမိချစ်ရာ အမွေအနှစ်ကို မည်သူမျှမစွန့်လွှတ်ချင်။ မိမိချစ်သည့်အမွေအနှစ်တွင် ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချ ထွန်ယက်စိုက်ပျိုးခဲ့သည့် မြေ၊ ချက်မြုတ်ရာနှင့် ခေါင်းချရာ မြေလည်းပါ၏။ သည်မြေကို ဘယ်သူမှ မမေ့ရက်။ လူ့ဘောင် ၏ လိုအပ်ချက်အတွက် ယဉ်ကျေးမှုကိုဖျက်ခြင်း၊ ချစ်မြတ်နိုးရာ အမွေအနှစ်ကိုဖျက်ခြင်း၊ အဓမ္မစွန့်လွှတ်ခိုင်းခြင်းကား မ လုပ်အပ်။ မလုပ်ထိုက်သည့် ကိစ္စဖြစ်၏။ ယဉ်ကျေးမှုအမွေနှင့် ချစ်အပ်သောအရာကို မြတ်နိုးသူတို့အား ထိခိုက်ပျက်စီး စေလိုစိတ်သည် လောကဖျက်တတ်သူတို့ အတွေးမှလာသည့် အကုသိုလ်စိတ်သာ ဖြစ်၏။
နောက်တခု အခွင့်အရေးကိစ္စ။ လူသည်မမွေးခင်ကပင် အုပ်ချုပ်မည့်သူရှိနေပြီးသားဆိုသည်မှာ မှန်သော်လည်း လူသား တိုင်းတွင် မွေးရာပါ အခွင့်အရေးသည် တန်းတူရှိ၏။ ထိုအခွင့်အရေးသည် သူတပါးပေးမှရသည့် ကိစ္စမဟုတ်။ ရအောင် လုပ်ပြီးယူရသည့် ကိစ္စဖြစ်၏။ ထို့အတူ လူချင်းအတူတူ လူတယောက်က အခြားတယောက်၏ အခွင့်အရေးကို ချိုးဖေါက် ခွင့် ဘယ်သူ့တွင်မှမရှိ။ ချိုးဖေါက်လာလျှင် ချိုးဖေါက်သူအား အာခံတိုက်လှန်ပိုင်ခွင့်လည်း ရှိ၏။ တိုက်လှန်ရာတွင်လည်း ကြိုက်သည့်နည်းသုံးခွင့်ရှိ၏။ ကြိုက်သည့်နည်း သုံးခြင်းအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်ဖို့နေစရာမလို။ မိမိ၏၊ မိမိတို့ ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် ဓါးမဦးချမြေ၊ ချက်မြုတ်ရာနှင့် ခေါင်းချရာမြေတွင် လွတ်လပ်စွာ အခြေချနေထိုင်ခွင့် လူတိုင်းတွင် ရှိ၏။ လူသည် လူပီသစွာ လူ့ဂုဏ်သိက္ခာနှင့်အညီ နေနိုင်ရန် လူ့အခွင့်အရေး ရှိကိုရှိရမည်။ ထိုအခွင့်ကို ထိ ပါးသူအား တိုက်လှန်ခြင်းသည်တရား၏။ မျှတ၏။ မတရားသဖြင့်တောင်းဆိုမှုမဟုတ်။ အဓမ္မမှု မဟုတ်။
ယခု ဧရာဝတီကို လူ့ဘောင်၏လိုအပ်ချက်ဟုဆိုကာ အညှာအတာမဖက် ရက်စက်ကြတော့မည်။ အမိမြေကို၊ ကမ္ဘာမြေ ကို နာကျင်အောင်ပြုကြတော့မည်။ သဘာဝတရားကို၊ သဘာဝတရား၏ ဟန်ချက်ကို ဖျက်ကြတော့မည်။ ယဉ်ကျေးမှုကို၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ကြတော့မည်။ လူသားကို၊ လူသားမွေးရာပါအခွင့်အရေးကို ထပ်ပြန်တလဲလဲ ချိုးဖေါက် ကြဦးတော့မည်။ လောက၊ မြေကမ္ဘာ၊ ယဉ်ကျေးမှု အမွေ၊ လူ့တန်ဖိုးဂုဏ်သိက္ခာကို ရစရာမရှိအောင် ဖျက်ကြတော့မည်။
ကြွက်နှင့် မြွေ၏ သဘာဝဟန်ချက်ကို ဖျက်မိသဖြင့် လူ့အကျိုးစီးပွားပျက်ရ၏။ လောက၏ သဘာဝ၏ ဒဏ်ခတ်ခြင်းဖြစ်ရ ၏။ ထိုဒဏ်ကို ဖျက်သူလောက်သာ ကွက်ခံရသည်မဟုတ် ဝင်မဖျက်သူလည်း ခံရ၏။ ဖျက်သူတို့ ဖျက်ခြင်းကြောင့် မဖျက် သူများလည်း ပျက်ကြရပြန်၏။ သူတို့ဖျက်သည့်ဒဏ်ကို ကိုယ်ပါရောခံ ဝင်ခံပေးရတော့မည်။ ဆိတ်ဆိတ်မနေခြင်းဖြင့် ထိုဒဏ်ကို ကာကွယ်နိုင်၏။ ထို့ကြောင့် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ဖျက် လိုဖျက်ဆီး ပြုသူများအား ရောက်သည့်နေရာမှ ရသည့်နည်းဖြင့် တိုက်လှန်ခြင်းသည် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းသာ ဖြစ်ရ၏။
မျိုးမြင့်ချို
Ref: နေ့သစ်
0 comments:
Post a Comment