Monday, September 26, 2011

'သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ'ဟောပြောပွဲ (Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်)

Saturday, 24 September 2011

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲ ဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကို ချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက် လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသ အသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသ အရပ်အသီးသီးမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးအားလုံး အပါအ၀င် နိုင်ငံတကာမှာ ရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော် မျက်ဝါးထင်ထင် မြင်ရတဲ့အခါ ကျွန်တော်တို့ နိုင်ငံဟာ အရေးကြုံတဲ့ အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ရတာကို အများကြီး ဂုဏ်ယူမိကြောင်း ပဏာမ ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ အခု ပြောကြားခွင့်ရတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်အခု ပြောကြားမယ့် အကြောင်းအရာက သတင်းမီဒီယာ ရှုထောင့်ကပဲ ပြောကြားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာ ရှုထောင့်ဆိုတာ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ရတယ်။ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ အချက်အလက်တွေကို နားထောင်ရတယ်။ အချက်အလက်တွေကို စုဆောင်းရတယ်။ သမိုင်း၊ ပထ၀ီ၊ အခြေအနေ အရာရာ အားလုံးကို သုံးသပ်ရတယ်။ ပြီးတော့ မိမိတို့ရဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှု၊ မိမိတို့ရဲ့ Common Sense နဲ့ ပြည်သူလူထုကို နားလည်အောင် ပြန်လည် ရှင်းပြရတာ သတင်း မီဒီယာတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သတင်း မီဒီယာ အနေနဲ့ အခုလို ပြည်သူလူထုကို တင်ပြတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ သွယ်ဝိုက်တဲ့ နည်းနဲ့ တင်ပြရတာ ရှိသလို တစ်ခါတလေ မှာလည်း တည့်တည့် Straight forward ပဲ တင်ပြရတာ ရှိပါတယ်။ ဧရာဝတီမြစ်ဆုံ အရေးဟာ ကျွန်တော်အနေနဲ့ တင်ပြတဲ့ အခါ Straight forward တည့်တိုးပဲ ပြောသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ဒီလို တည့်တိုး ပြောတဲ့အခါ ပညာရှင် မဆန်တာပဲ ဖြစ်စေ၊ သံတမန် မဆန်တဲ့ စကားလုံးတွေပဲ ပါသွားလို့ဖြစ်စေ ရိုင်းပျသလို ဖြစ်သွားရင်လည်း ခွင့်လွတ်ပေးကြဖို့ အားလုံးကို တောင်းပန်လိုပါတယ်။

ကျွန်တော့်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ခုနက environmental ရှုထောင့်က တင်ပြ သွားတာတွေဟာ အားလုံး ပြည့်စုံပါတယ်။ environmental ရှုထောင့်ကနေ ဆင်ခြေရာ ထပ်ရှာစရာ အကြောင်း မရှိတော့ပါဘူး။ ကျွန်တော်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နောက်ဆုံး ဘယ်နေရာ ဘယ်ရှုထောင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံရေး ရှုထောင့်ကလည်း သုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ လူမှုရေး ရှုထောင့်က တင်ပြရရင် ကျွန်တော် ခုန ဆရာ ဦးဝင်းမျိုးသူလည်း ရှင်းပြသွားပါပြီ။ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အထွတ်အမြတ် ဖြစ်ပါတယ်။ မလိခဆိုတဲ့ မြစ်နဲ့ အင်မိုင်ခလို့ ခေါ်တဲ့ မေခမြစ်တို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ဒီမြစ်ရဲ့ ဒဏ္ဍာရီဟာ ကချင်ဒဏ္ဍာရီမှာ အခိုင်အမာ ပါဝင်ပြီးတော့ ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဒေသဆိုတာ ဘယ်သူမှ ငြင်းပယ်လို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေအနေနဲ့ ရွှေတိဂုံ စေတီတော်ကို အထွတ်အမြတ် ထားရာ ရွှေတိဂုံကိုမြင်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ပြီလို့ ထင်ကြတဲ့အထိ အထွတ်အမြတ်ထားရာ ဖြစ်သလို မြစ်ဆုံဟာလည်း ကချင် လူမျိုးတွေရဲ့ အထွတ်အမြတ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေကို ကျော်ဖြတ်လာတဲ့ အချိန်မှာ ရွှေတိဂုံဟာ ဘေးမသီရန်မခ ရှိနေခဲ့တာဟာ ကျွန်တော်တို့နဲ့ အယူအဆ မတူသူ၊ ၀ါဒမတူသူ၊ ဘာသာမတူသူ လူမျိုး မတူသူတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း လေးစား လိုက်နာခဲ့တဲ့အတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း လိုက်နာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ် ဆိုတာကို ဦးစွာ ပြောကြားလိုပါတယ်။

ဒါ့အပြင် တခြားလူမှုရေးရှုထောင့်က တင်ပြလိုတာကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဒူဝါကြီး၊ ကျွန်တော့် အဖေကလည်း ကချင် ဒေသခံပါ။ ဒူဝါကြီးထက် ငယ်ပေမယ့် ကချင်ပြည်နယ်မှာပဲ မွေးဖွားပြီး ကချင်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့တဲ့သူပါ။ ဒူဝါကြီးက ကျွန်တော့် အဖေထက် အသက်ကြီးပါတယ်။ ဒူဝါကြီးရဲ့ စိတ်ခံစားချက်ကို ကျွန်တော်အများကြီး နားလည်နိုင်ပါတယ်။ CPI ကုမ္ပဏီ ဥက္ကဋ္ဌ ရှင်းပြသွားတဲ့ အချိန်မှာ ဒီ Dam ဟာ ရစ်ခ်ျတာစကေး ၈ ထိ ခံနိုင်ရည်ရှိတယ်လို့ ပြောပါတယ်။ error တွေကို ထည့်တွက်ရင် ၇ ၊ ၈ ထက်ကျော်ရင် ခံနိုင်ရည် မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကို ပြန်ကြည့်ခဲ့ရင် ကချင်ပြည်နယ် ဒါမှမဟုတ် မြစ်နဲ့ နီးစပ်တဲ့ဒေသမှာ ရစ်ခ်ျစတာစကေး ၇.၅ နဲ့အထက် ငလျင်ကြီးသုံးခု ဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီငလျင်တွေကတော့ ၁၉၃၁မှာ လှုပ်ခတ်ခဲ့တဲ့ ကာမိုင်းငလျင်၊ ၁၉၄၆ မှာဖြစ်တဲ့ တကောင်းငလျင်၊ ၁၉၉၁ မှာဖြစ်တဲ့ ထီးချိုင့်ငလျင်၊ ဒါတောင် ၁၉၉၄မှာ မြစ်ကြီးနားငလျင် လှုပ်သွားပါသေးတယ်။ ရစ်ခ်ျစတာစကေး ၆ ရှိပါတယ်။ ဒါဟာ အချက်အလက် အားဖြင့် ဒီဒေသမှာ ငလျင်ဆိုတာကို ငြင်းပယ်လို့မရတဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတုပူ နွေးပြောင်းလဲလာတယ်။ ခုနကလည်း ဆရာဦးထွန်းလွင် ပြောခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့ အမျှ ကမ္ဘာ့အောက်ခြေမှာ ရှိနေတဲ့ ဓာတ်သဘောသဘာဝ ပြောင်းလဲလာတယ် ဆိုတာ ဘာမှ ငြင်းလို့ မရပါဘူး။ အရင်တုန်းက ငလျင်ဆိုတာ ဒီလောက်ဖြစ်လေ့ မရှိပါဘူး။ ၂၀၀၄ခုနှစ် ဆူမားတြား ငလျင်ပြီးတဲ့နောက်မှာ ရစ်ခ်ျစတာစကေး ၈ အထက် ငလျင်ကြီး ၁၀ ခုတိတိ လှုပ်သွားတယ်ဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ ခုနစ်နှစ်အတွင်းမှာ ရစ်ခ်ျစတာစကေး ၈ ရှိတဲ့ ငလျင်ကြီးဟာ မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ် ထပ်လှုပ်လာခဲ့ရင်၊ ဒီမြစ်ဆုံဒေသမှာ ထပ်လှုပ်လာခဲ့ရင် ဘယ်လို အခြေအနေမျိုးတွေ ဖြစ်မလဲ၊ ဒူဝါကြီး အိပ်မပျော်တာကို ကျွန်တော်တို့ အများကြီး ကိုယ်ချင်းစာနာလို့ ရပါတယ်။

ကျွန်တော်တို့ သတင်းမီဒီယာတစ်ခုအနေနဲ့ ဒီကိစ္စကို တိတိကျကျ ပြည်သူလူထုကို သတိပေးနိုင်တဲ့ ဟာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘာဘေးအန္တရာယ်မှ မရှိဘူး။ အေးအေးဆေးဆေး စိတ်ချလက်ချ နေနိုင်တယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ဘယ်လောက် Risk ရှိမယ်။ ဘယ်လောက် Risk မရှိဘူးဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေရှိပါတယ်။ အမြင့်ပေ ၅၀၀ ရှိတဲ့ ဒေသကနေ ကျလာမယ့် စတုရန်းမိုင် ၅၀၀ ရှိတဲ့ ရေလုံးကြီးရဲ့ ဖိအားကြောင့်ရောက်ခဲ့ရင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ခဲ့တဲ့ ရေလှိုင်းကြီးရဲ့ အဆပေါင်း ဘယ်လောက်များစွာ ရှိမလဲ၊ ဒီလို အိပ်မပျော်တဲ့ ညပေါင်းများစွာ ကျော်ဖြတ်နိုင်မယ့် မြစ်ကြီးနား လွင်ပြင်ဒေသက လူသုံးသိန်းကျော်ကို ဘယ်လို နှစ်သိမ့်မလဲ။ သူတို့ကိုနေပါလို့ ကျွန်တော်တို့ ဘယ်လိုသွားပြောမလဲ မီဒီယာရှုထောင့်ကနေ ခင်များတို့ မပြောင်းပါနဲ့ နေပါ။ စိတ်ချလက်ချနေပါ။ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လို သွားပြောမလဲ ဒီလိုမပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီဒေသက လူတွေတဖြည်းဖြည်းနဲ့ လူတွေ စွန့်ခွာခဲ့ရင် ဒီမြစ်ကြီးနားမြို့ ဘာဖြစ်သွားမလဲ၊ ကချင်ပြည်နယ် ဘာဖြစ်သွားမလဲ။ ကချင်ပြည်နယ်ရဲ့ မြို့တော်ဟာ ဘာဖြစ်သွားမလဲ။ ဒီအထိ ရေရှည်စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်ပြောနေတာတွေဟာ လှုံ့ဆော်နေတာ မဟုတ်ဘူး။ ပုံကြီးချဲ့ ကားနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် တကယ်အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း တင်ပြနေတယ် ဆိုတာကို အားလုံး လက်ခံ ယုံကြည် စေချင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ စီးပွားရေးတွက်ခြေကိုက်မှု..
ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲမူ ပြောသွားတာ ကျွန်တော် သဘော ကျပါတယ်။ ကချင်လူမျိုး နှစ်သောင်းကျော် ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီး တစ်ခုလုံး အကျိုးရှိရင် ကျွန်မတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုး နပ်ပါတယ်။ ကောင်းပါတယ်။ ဒီစိတ်ဓာတ်မျိုး ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတွေ အနစ်နာခံလို့ ကျွန်တော်တို့ ပြည်ထောင်စုကြီး၊ ကျွန်တော်တို့ တစ်နိုင်ငံလုံး ဘာဖြစ်သွားမှာ မို့လို့တုန်း။ CPI ဥက္ကဋ္ဌက ပြောပါတယ်။ သူ့ရဲ့စာတမ်းမှာ ။ မြန်မာ တစ်နိုင်ငံလုံးက ဒီမြစ်ဆုံ စီမံကိန်းကြီး ပြီးသွားလို့ရှိရင် Industrialize နိုင်ငံ ဖြစ်သွားလိမ့်မယ်လို့ မြစ်ဆုံ စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ် စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအား သုံးစွဲမှုကိုကြည့်ရင် ကျွန်တော်တို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင် ကျွန်တော်တို့ဟာ ၁၅၀၀ ပဲ ရှိပါတယ်။ စင်ကာပူဟာ ၅၀၀၀ ရှိပါတယ်။ ထိုင်းဟာ ၁၃၀၀၀ ရှိပါတယ်။ တရုတ်ပြည်ဟာ ၄၀၀၀၀၀ ကျော် ရှိပါတယ်။ ဒီအခြေအနေကို နှိုင်းဆကြည့်ရင် ကျွန်တော်တို့ အလွန်ဆုံး သုံးနိုင်ရင် တစ်သောင်းကျော်ပဲ ရှိပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် ၁၀ နှစ် ၁၅ နှစ်နေရင် တစ်သောင်းကျော်ပဲ ရှိပါတယ်။ ခု ရေအားလျှပ်စစ် စီမံကိန်းတွေကို လေ့လာကြည့်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ဆဲ တည်ဆောက်ဖို့ ကြံစည်နေတဲ့ ရေအားလျှပ်စစ်က ထွက်အားဟာ အရမ်းများပါတယ်။ အခု တာပိန်(၁)၊ (၂)၊ ရွှေလီ..။ ရောင်းချပြီးတဲ့ဟာ ထောင်ချီနေတဲ့ ရေအားလျှပ်စစ်က ကျွန်တော်တို့ အတွက် ၁၅ ရာခိုင်နှုန်း ပဲရှိပါတယ်။ ဒီဟာတွေ တရုတ်ပြည် ရောင်းချလိုက်လို့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ မကြာခင်မှာ ရပ်တော့မယ့် ဟတ်ကြီး၊ တရုတ်ပြည်က သဘာဝ ပညာရှင်တွေ ကန့်ကွက်မှုကြောင့် ရပ်စဲသွားတဲ့ တာဆန်း၊ ခု အိန္ဒိယက ကြိုးစားနေတဲ့ ထမံသီ၊ ဒီပမာဏတွေဟာ မြစ်ဆုံနဲ့ စာရင် ဘာမှ မပြောပလောက်ပါဘူး။ ကျွန်တော်တို့မှာ ရေအားလျှပ်စစ် အလျှံပယ် ထွက်နိုင်တဲ့ နေရာတွေရှိပါတယ်။ သဘာဝ ဓာတ်ငွေ့ကလည်း လျှပ်စစ် ရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ Industrialize နိုင်ငံဖြစ်ဖို့ အတွက် မြစ်ဆုံ စီမံကိန်းဆောက်ဖို့ လုံးဝ မလိုအပ်ပါဘူး။

နောက်တစ်ချက်က စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ခုနက ဆရာဦးဝင်းမျိုးသူလည်း ပြောသွားပါတယ်။ ဆရာ ပြောသွားတဲ့ အချက်လေးက ပညာရှင် ဆန်ပြီးတော့ သံတမန် ဆန်ပြီးတော့ အင်မတန် သိမ်မွေ့ပါတယ်။ ကျွန်တော်ကတော့ တည့်တိုးပဲ ပြောပါမယ်။ CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ ။ ကျွန်တော် အင်မတန် ရင်နာသွားပါတယ်။ ကျွန်တော်သိတာ အစက ၃၀။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့ နိုင်ငံဟာဒေါ်လာ ၄၇ ဘီလျံ ရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှု စာတမ်းမှာ ရေအားလျှပ်စစ် ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ကျွန်တော်တို့ နိုင်ငံဟာ ၁၇ ဘီလျံရမယ်တဲ့။ တရုတ်က ၁၁ ဘီလျံရမယ်။ This is quite different ။ ဒီအချက်ဟာ ကျွန်တော်တို့ မီဒီယာ ရှုထောင့်က ပြောရရင် ထောက်ပြစရာ အချက် ဖြစ်ပါတယ်။ သူက ဒီလို အဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ဒီလိုမျိုး အဆင့်ဆင့် တွက်ချက်ပြီးတော့ ၀န်ကြီးဌာန အဆင့်ဆင့်ရော ရှေ့နေချုပ် ရုံးတွေရော တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဒီလို မတွက်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်လိုက်မယ်။ ၁၇ ဘီလီယံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲရမယ်။ ကျွန်တော်တို့ သန်း ၃၀၀ နဲ့ ဒီလောက် ငြင်းခုံဖို့ လိုအပ်မယ်လို့ ထင်လို့လား။

တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ ရမယ်။ မြစ်ကြောင်း ထိန်းသိမ်းရေး ပို့ဆောင်ရေး ၀န်ကြီး ဌာနမှာ မေးကြည့်မယ်၊ တစ်နှစ်ကို ဘယ်လောက် ကုန်မလဲ၊ သန်း ၁၀၀ လောက် အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်း ထိန်းသိမ်းရေးပဲ ရှိတယ်။ အောက်မှာ ဆုံးရှုံး သွားတာတွေ ကျန်သေးတယ်။ စီးပွားရေး တွက်ခြေကိုက်မှု အတွက် ကျွန်တော်တို့ မေးစရာမေးခွန်း လုံးဝ မလိုပါဘူး။ သဘာဝ ဓာတ်ငွေ့က ငါးနှစ်အတွင်း ရှာတာ ၁၂ ဘီလီယံ ရှိပါတယ်။ ကျောက်စိမ်းက ရှာတာ ငါးနှစ်အတွင်းမှာ ငါးဘီလီယံ ရှိပါတယ်။ .....ဒါတွေကို တွက်ချက်ရင် ကျွန်တော်တို့ ရေအား လျှပ်စစ်က ဘာငွေမှ မလိုပါဘူး။

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာ၀၀န်းကျင် ပျက်စီးခြင်း၊ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေ၊ ဧရာဝတီပေါ်မှာ အခြေ စိုက်နေတဲ့ လယ်သမားတွေဘ၀၊ တိုင်းရင်းသား လူမျိုး ပြည်သူလူထု တွေရဲ့ ဘ၀ ပျက်စီးတဲ့ ဒီစီမံကိန်း ဘာမှမလိုပါဘူး။ နောက်ပြီး ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကာကွယ်ရေး စီမံကိန်း၊ အမျိုးသား လုံခြုံရေးအဆင့် စီမံကိန်းလို လျို့ဝှက် နေစရာတွေက ကျွန်တော်တို့အတွက် မေးခွန်းထုတ်စရာ အများကြီး ရှိပါတယ်။ ဒါတွေဟာ ဥပဒေနဲ့ညီညွတ်၊ မညွတ်ဆိုတာ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ မပြောပေမယ့် လိုအပ်ရင်တော့ ဥပဒေကြောင်း အရ ပြောနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့ဆီမှာ စုဆောင်းထားပြီး ဖြစ်ပါတယ်။

နောက်တစ်ခုက CPI ကုမ္ပဏီကို ကျင့်ဝတ်ပိုင်း အရ မေးခွန်း ထုတ်ရမယ့် မေးခွန်းပါပဲ။ BANCA Report ကို ပြည်သူ လူထု အများစုကို မချပြခဲ့ဘူး။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ တရုတ် ပညာရှင်တွေ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က ဒီမြစ်ဆုံ စီမံကိန်းကို လုံးဝ မဆောက်သင့်တဲ့ အကြောင်း တရုတ် အစိုးရကို တင်ပြသွားမယ်၊ CPI ကုမ္ပဏီ ကိုလည်း ရှင်းရှင်းလင်းလင်း ပြောသွားမယ်လို့ ကျွန်တော့်ကို ပြောသွားပါတယ်။ ဒီပညာရှင်တွေဟာ အင်မတန် ပညာရှင် ပီသတဲ့သူတွေ ဖြစ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပြောဆိုချက်ကို လျစ်လျူရှုပြီး ဒီမြစ်ဆုံ စီမံကိန်းကို ဆောက်ခဲ့တာ ၂၁ရာစုရဲ့ စီးပွားရေး ကျင့်ဝတ်မှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပြီးတော့ မိမိ အမြတ်ယူခြင်းဟာ စီးပွားရေးကျင့်ဝတ် ဖောက်ဖျက်ခြင်းလို့ အတိအလင်း ပါရှိထားပါတယ်။ ဒါကြောင့်မို့လို့ CPI ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာကို ကျွန်တော်တို့ မေးခွန်း ထုတ်မှာ ဖြစ်ပါတယ်။ ။ နောက်တစ်ပိုင်း ရှိပါတယ်။ ဒီအပိုင်းကတော့ အရေးကြီး ပါတယ်။ CPI ကုမ္ပဏီကို ကျွန်တော်တို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ ရေရှည် တည်တံ့လာတဲ့ ချစ်ကြည်မှုကို မပျက်ပြား စေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးအချင်းချင်း ပူးတွဲ ယှဉ်သန်လာခဲ့ကြတဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာတာကို လူမျိုးရေး မုန်းတီးမှုတွေ မဖြစ်ပွား စေချင်ပါဘူး။ ဒါကြောင့် CPI ကုမ္ပဏီကို ဒီမြစ်ဆုံ စီမံကိန်းကို ပြန်လည် ရပ်ဆိုင်းပေးဖို့ CPI ကုမ္ပဏီကို ကျွန်တော်တို့ ဒီနေရာက မေတ္တာ အထူး ရပ်ခံချင်ပါတယ်။

နောက်တစ်ချက်က အေးရှားဝေါလ်ကုမ္ပဏီပါ။ ဒီမြစ်ဆုံစီမံကိန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့၊ ပတ်သက် ဆက်နွယ်သူများ၊ အကျိုးစီးပွား ရရှိ ပတ်သက်နေတဲ့ သူများကိုလည်း အထူး မေတ္တာ ရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေ ဒီရေ ပေါ်မှာနေတယ်။ ကျွန်တော်တို့ဟာ ဒီမြေဒီရေနေတဲ့ ဒီလူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ ပူးတွဲ နေထိုင်ခြင်းပဲ။ နောက်ကိုလည်း ခင်ဗျားတို့နဲ့ ယှဉ်တွဲ နေထိုင်ကြဦးမှာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ စီးပွားရေး အကျိုးအမြတ်လေး တစ်ခုနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သွေးကွဲမှုတွေ မဖြစ်ပွားဖို့ အတွက် ကျွန်တော်တို့ သူတို့ ဒါရိုက်တာအဖွဲ့ကိုလည်း မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း သွားအောင်အတွက် အေးရှားဝေါလ် ကုမ္ပဏီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။

နောက်ထူးခြားတဲ့ ဒီတစ်ပတ်အတွင်းမှာ စိတ်မကောင်းစရာ သတင်းဆောင်းပါး တစ်ပုဒ်၊ ကောင်းလည်း ကောင်းပါတယ်။ 7 Day ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။ ဒီသတင်းဆောင်းပါးဟာ သမိုင်းမှာ အမှားကျူးလွန် ခဲ့တဲ့သူတွေ နမူနာ ယူစရာ ဆောင်းပါး ဖြစ်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှု သမိုင်းအမှား တစ်ခုကို ကျူးလွန်ခဲ့တဲ့ အဘိုးလုပ်တဲ့ သူကို မြင်တောင် မမြင်ရဘဲနဲ့ မြေးဖြစ်တဲ့သူဟာ ဒီအဖိုး လုပ်တဲ့သူရဲ့ သမိုင်းအမှားကြောင့် နစ်နာခံစားပြီး စိတ်ပိုင်းဆိုင်ရာ ခံစား ခဲ့ရတာကို ဦးစောရဲ့မြေး ပြောပြခဲ့တာ ကျွန်တော် အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ မြေးတင် မဟုတ်ဘူး၊ မြစ်ပါ ကျောင်းသူကျောင်းသား ဘ၀မှာ အာဇာနည်နေ့ အကြိုမှာ ကျောင်းမတက် ရဲတဲ့ ဘ၀မျိုး ရောက်ခဲ့တဲ့ ဟာတွေကို ကြည့်ရှုရင် သမိုင်းအမှားကို ကျူးလွန်ခဲ့တဲ့ သူတွေဟာ ကိုယ့်ကြောင့်မို့ ကိုယ့်ရဲ့ သားသမီး၊ မြေးမြစ်အထိ ဒီသမိုင်းအမှားကို ခံစား ခဲ့ရတယ်ဆိုတာကို မြစ်ဆုံ စီမံကိန်းကို ဆက်လက် လုပ်ကိုင်နေတဲ့ သူတွေကို သိစေ ချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အပါအ၀င် ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ သူတွေအားလုံး အနေနဲ့ ဒီမြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်း ပိုင်ခွင့်ရှိသူတွေ၊ လုပ်ဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့ အပါအ၀င် သမိုင်းပျက်ကွက်သူတွေ မဖြစ်ရအောင် အဓိကထား လုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကြောင့်မို့ ကျွန်တော်တို့ မမြင်နိုင်တွေ့နိုင်တဲ့ သားသမီး မြေးမြစ်တွေဟာ ဧရာဝတီမြစ်ကို မမြင်တွေ့ရဘဲ ဧရာဝတီမြစ်ကို ဖျက်ခဲ့တဲ့ ငါတို့အဖိုး၊ ခုနက ဆရာဦးထွန်းလွင် ပြောခဲ့တဲ့ ပုဆိုးနဲ့ ထိုင်နေတဲ့ လူဟာ ကျွန်တော့်မြေး ဖြစ်နေခဲ့ရင်၊ မြစ်ဖြစ်နေခဲ့ရင် ကျွန်တော်တို့ ဘယ်လို ခံစားရမလဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံ မဟုတ်ဘဲ သမိုင်းမှာ ပျက်ကွက်သူတွေ မဖြစ်အောင် ကျွန်တော်တို့ အားလုံး လုပ်ဆောင်ဖို့ လိုပါတယ်။

နောက် နိုင်ငံရေးရှုထောင့်က ကျွန်တော်တင်ပြပါမယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ နှစ်ပတ်လည် ပွဲမှာလည်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် စူပါပါဝါတွေရဲ့ ဖြစ်ထွန်းမှုမှာ ကျွန်တော်တို့ နိုင်ငံဟာ စတေးခံရမယ့် နိုင်ငံ မဖြစ်သင့်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပထ၀ီနိုင်ငံရေး အနေအထားအရ အိန္ဒိယ၊ တရုတ်အင်အား ကြီးလာတဲ့ အချိန်မှာ နောက်ထပ် ထိုးထွက်တဲ့ နိုင်ငံဟာ အင်ဒိုနီးရှားပဲ ဖြစ်ပါတယ်။ အာဆီယံရဲ့ အဓိက ဦးဆောင်တဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်း အရှိန်အဟုန် မြင့်တက်လာမှုနှင့် အတူ အာဆီယံရဲ့အခန်းကဏ္ဍ၊ ပထ၀ီနိုင်ငံဒေသ အနေ အထားအရ မြန်မာနိုင်ငံရဲ့အရေးပါမှုဟာ အရမ်း အရေးပါလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေ၊ ပြည်သူလူထုရဲ့ နိမ့်ကျနေတဲ့ အခြေအနေ တွေကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံဟာ မဖြစ်မနေ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ရမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ပြီး နိုင်ငံတကာအ သိုင်းအ၀ိုင်းထဲကို ၀င်ရောက်မှသာလျှင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ လှပမယ်ဆိုတာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒီလိုပြောခဲ့ ပြီးတာနဲ့အညီ အခုသုံးလ အတွင်းမှာလည်း အစိုးရ အပါအ၀င် အတိုက်အခံ အင်အားစုတွေဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ပြန်လည် လျှောက်လှမ်း နေကြတာဖြစ်တဲ့ အတွက် အင်မတန် ၀မ်းသာစရာ ကောင်းလို့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ လှပစ ပြုနေပါပြီ။ မကြာမီ အချိန်အတွင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့်သာ ကြေညာခဲ့မယ် ဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း ထဲကို ပြန်လည် ၀င်ရောက်တော့မှာ ဖြစ်ပြီးတော့ ကျွန်တော်တို့ အတွက် လှပတဲ့ အနာဂတ် ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအနာဂတ်လမ်းကြောင်းမှာ မြစ်ဆုံပြဿနာဟာ လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေမယ့် ပြဿနာအဖြစ် ဘယ်လိုမှ ဖန်တီးလို့ မဖြစ်ပါဘူး။ ဒီပြဿနာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ မကြာမီ ဖွံ့ဖြိုးတော့မယ့် ဒီမိုကရေစီ စနစ်ရဲ့ စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့ မှတ်ယူပြီးတော့ ကျွန်တော်တို့ဟာ အမျိုးသားရေး တာဝန် အဖြစ် ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ ဆန္ဒတွေကို ပထမ ထုတ်ဖော်ရပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သတင်း မီဒီယာတွေက မှတ်ကျောက် တင်ပြီးတော့ ပေးရပါတယ်။ သတင်း မီဒီယာတွေ မှတ်ကျောက် တင်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ အစိုးရနဲ့ တိုင်ပင်ရပါတယ်။ အစိုးရက ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ ဒီကိစ္စကို ပြည်သူလူထု ဆန္ဒအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီမြစ်ဆုံ ကိစ္စကလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ လမ်းစဉ်မှာ ဒီမိုကရေစီ ကျင့်စဉ်တစ်ခု အနေနဲ့ ပြည်သူတွေ၊ ကျွန်တော်တို့ သတင်း မီဒီယာတွေ၊ ကျွန်တော်တို့ရဲ့ လွှတ်တော်၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစိုးရတို့က ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဖြေရှင်းရမယ့် ပြဿနာပဲ ဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာမှာ တိုင်းရင်းသားပြဿနာလေး ပြောချင်ပါတယ်။ ဒီမှာ တိုင်းရင်းသား တွေလည်း အများကြီး တက်ရောက် လာတာဖြစ်ပါတယ်။ နောက်ပြီး ဒူဝါကြီးလည်း ကျွန်တော် လေးစားပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားတွေ အပေါ်မှာလည်း ကျွန်တော်တို့ အနေနဲ့ ညီအစ်ကို မောင်နှမလိုပဲ ရိုးသား ပွင့်လင်းမှု အပေါ်မှာလည်း ကျွန်တော်တို့ လေးစားပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ တန်းတူ အခွင့်အရေးတွေကို ခုနကပြောသလို လောပိတဖြစ်ပြီး အင်းလေးဒေသမှာ မီးမလင်းသေးတဲ့ ဖြစ်ရပ်တွေ၊ ရွှေလီ ရေအားလျှပ်စစ် ရှိပြီးတော့ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းမှာ မီးမလင်းသေးတဲ့ ဖြစ်ရပ်တွေ၊ ဒီလိုဒုက္ခတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မခံစား စေချင်ပါဘူး။ ကျွန်တော်တို့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ရှမ်းတစ်ကျပ်။ ကျွန်တော်တို့ ၁၀ ပြား ရနေတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ၁၀ ပြားရ စေချင်ပါတယ်။ သူတို့တစ်ပြားမှ မရတဲ့ အဖြစ်မျိုးကို ကျွန်တော် အင်မတန် စိတ်မကောင်း ဖြစ်မိပါတယ်။

ကျွန်တော်က ကိုယ့်အကြောင်းနဲ့ ယှဉ်ပြီး ပြောပါမယ်။ ကျွန်တော့်အဖေဟာ ကချင်ပြည်နယ် ဒေသမှာ မွေးဖွားတဲ့ ဗမာလူမျိုး၊ ကချင်နဲ့ ရှမ်းသွေး ပါတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်အမေက ရှမ်းကြီးလို့ ခေါ်တဲ့ မဘိမ်းဒေသက ရှမ်းကြီးနဲ့ ဗမာလူမျိုး စပ်ထားတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် အိမ်ထောင်ကျတဲ့ အခါကျတော့ မြစ်ဝကျွန်းပေါ်က ကရင်၊ ဗမာ၊ တရုတ်သွေး ပါတဲ့သူနဲ့ အိမ်ထောင် ကျပါတယ်။ အဲဒီတော့ ကျွန်တော်က တရုတ်လူမျိုး မုန်းတာလည်း မရှိဘူး။ ကျွန်တော် ဘယ်လူမျိုးကိုမှ ကျွန်တော့်မှာ အစွဲမရှိဘူး။ ကျွန်တော့်သားက မေးပါတယ်။ အဖေ သားက ဘာလူမျိုးလဲတဲ့။ သားက ပြည်ထောင်စု မြန်မာလူမျိုး၊ ပြည်ထောင်စု အတွင်းမှာ နေထိုင်တဲ့ နိုင်ငံသား ရရှိထားတဲ့ မည်သည့်ဘာသာ၊ မည်သည့်လူမျိုး မဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စု အပေါ်မှာ ကျေးဇူးသစ္စာ စောင့်သိရိုသေတဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမြစ်ဆုံကိစ္စမှာ ကျွန်တော် ပြောချင်တာက အကယ်၍သာ ဒီမြစ်ဆုံကို ဇွတ်အတင်း ဆက်ဆောက်ခဲ့မယ် ဆိုရင် ကျွန်တော်သာ ကချင်လူမျိုး ဖြစ်ခဲ့ရင် ဒါဟာ တရားမျှတတဲ့ လုပ်ရပ်လို့ ဘယ်တော့မှ တွေးထင်မှာ မဟုတ်ပါဘူး။ ကျွန်တော်သာ ဗမာလူမျိုး ဖြစ်ခဲ့ရင် ကိုယ့်ထက် အင်အားနည်းတဲ့ လူမျိုးတွေ အပေါ်မှာ ကျွန်တော်ဟာ အမြဲတမ်း gulity concious ဖြစ်နေမှာပါ။ ကျွန်တော်ဟာ ရှမ်းလူမျိုး၊ ကရင်လူမျိုးဖြစ်ရင် ကချင် လူမျိုးတွေကို ဒီလိုလုပ်ခဲ့တဲ့ အတွက် ဘယ်တော့မှ သံသယတွေ ဖြေဖျောက်လို့ရမှာ မဟုတ်ပါဘူး။

ကိုလိုနီနယ်ချဲ့စနစ်ရဲ့ သွေးခွဲမှုတွေ၊ ကိုလိုနီလက်သစ်တွေရဲ့ အသုံးချခံရမှုတွေ နှစ်ပေါင်း ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ နှစ် ၅၀ ကြီးစိုးခဲ့တဲ့ စနစ်ဆိုးတွေ အောက်မှာ ကြီးထွားခဲ့တဲ့ တိုင်းရင်းသားတွေ ကြားမှာ တစ်ဦးနဲ့တစ်ဦး မယုံသင်္ကာ ဖြစ်မှုတွေ၊ တစ်ဦးနဲ့ တစ်ဦး အထင်အမြင် လွဲမှုတွေကြောင့် ကျွန်တော်တို့ဟာ ဒီအခြေအနေမျိုး ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ သွေးကွဲခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ငြိမ်းချမ်း သင့်ပါပြီ။ ဖွံ့ဖြိုးမှုကွာဟမှု၊ တစ်ဦးနဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှု၊ နိုင့်ထက်စီးနင်း မှုတွေ ကင်းရှင်းတဲ့ ပြည်ထောင်စု စစ်စစ် ဖြစ်သင့်ပါပြီ။

ဒါပေမယ့် သတိထားရမယ့်အချက်က ကျွန်တော်အပါအ၀င် ကျွန်တော်တို့ လူမျိုးတွေ ကြားထဲမှာ ပြည်ထောင်စု စစ်စစ် ဆိုတဲ့ဟာ အပေါ်မှာ ဒီအချက်ကို လက်ခံဖို့ အတွက် အချိန်တစ်ခုတော့ ယူရဦးမယ် ဆိုတာကို တိုင်းရင်းသား ခေါင်းဆောင်တွေရော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေရော သဘောပေါက်ဖို့ ဒီနေရာက ပြောကြား လိုပါတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေး အရ လေ့လာထားသမျှ ပြည်ထောင်စု စစ်စစ်ကို လက်ခံပါတယ်။ တိုင်းရင်းသား အားလုံး ပူးပေါင်း နေထိုင်ပြီး ပြည်ထောင်စုကြီး မပြိုကွဲတဲ့ အမြဲတမ်း ထာဝရ ရပ်တည်နေထိုင်တဲ့ ပြည်ထောင်စုကြီး တစ်ခု တည်ဆောက်သွားဖို့ အရမ်း အရေးပါနေတဲ့ အချိန် ရောက်နေပါပြီ။ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ် ဆိုရင် ၁၉၄၁ ခုနှစ် ရဲဘော်သုံးကျိပ်က ပေါက်ဖွားခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့ လုံးဝ မရပါဘူး။ Professional ပီသပြီး ခိုင်မာ ကျစ်လျစ်ပြီး တိုင်းရင်းသား ပြည်သူတွေ လေးစားချစ်ခင်တဲ့ တပ်မတော်ဟာ ပြည်ထောင်စု စစ်စစ်နဲ့အတူ ပူးတွဲ ပါဝင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်း တပ်မတော် ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စု စစ်စစ်က ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအချိန် ကာလဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်ရေး အတွက် အချိန်ယူ တည်ဆောက်ရမယ့် ကာလပဲ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းရှင်းပြီး မဏ္ဍိုင်ကြီး သုံးခုကို စောင့်ရှောက်နိုင်တာ စတုတ္တ မဏ္ဍိုင်ရှိပါတယ်။ ပဉ္စမမဏ္ဍိုင် ဆိုတဲ့ ပြည်သူ့ မဏ္ဍိုင် လည်းရှိပါတယ်။ ပြည်သူ့ မဏ္ဍိုင်နည်းတူ ဒီမဏ္ဍိုင်တွေနဲ့ ကင်းကင်းရှင်းရှင်း ဆဌမမဏ္ဍိုင် အဖြစ် တပ်မတော်ဟာ ပေါ်ထွန်းလာခဲ့ပြီ ဆိုရင် ဒီမိုကရေစီလည်း ဖြစ်ထွန်းပြီးတော့ ပြည်ထောင်စု စစ်စစ်လည်း ဖြစ်ထွန်း လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Professional ပီသတဲ့ တပ်မတော်ဖြစ်အောင်၊ ပြည်သူလူထု လေးစား ယုံကြည်တဲ့၊ ပြည်သူလူထု တိုင်းရင်းသားတွေ ချစ်ခင်တဲ့ တပ်မတော်ဖြစ်အောင် ကျွန်တော်တို့ အားလုံးက တပ်မတော် ခေါင်းဆောင်တွေကို ကူညီ ပေးရမှာဖြစ်ပါတယ်။

ဟိုတစ်နေ့က ပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြစ်ဆုံကနေ ညီညွတ်ရေး အမြတ် ယူရမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံး အစိုးရ အပါအ၀င် ပြည်သူတွေအားလုံး ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည်တစ်ပြည်၊ ပြည်ထောင်စု တစ်ခုဖြစ်အောင် မြစ်ဆုံကနေ တစ်ဆင့် အဖြေ ထုတ်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို ပြန်သွားဖို့ မလိုပါဘူး။ အတိတ်ဆိုတာ သင်ခန်းစာယူရုံပဲ ဆိုတာကလွဲလို့ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး ထပ်မတွေး စေချင်ပါဘူး။ ဘယ်အချိန်၊ ဘယ်အခါမှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေး ဖြေရှင်း သွားဖို့ လိုပါတယ်။

နိုင်ငံတော် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ခေါင်းဆောင်တွေ အပါအ၀င် ပြည်သူလူထုက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲ ညီလာခံ တစ်ခုကို သင့်တော်တဲ့ အချိန်မှာ ပြုလုပ်ဖို့ လိုလာပါပြီ။ ဒီညီလာခံဟာ အဖြေတစ်ခု မထွက်နိုင်ရင်တောင် တိုင်းရင်းသားတွေ အားလုံးကြားမှာ သံသယရှိမှုတွေ၊ ပြည်သူလူထု ကြားမှာ အားလုံး ပြေပျောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ဆက်သွားပြီးတော့ ကျွန်တော်တို့ဟာ တူတာတွေ တွဲလုပ်၊ မတူတာတွေ ပူးပေါင်း ဖြေရှင်းကြမယ့် အနေအထားမျိုးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါ လုပ်မယ့် ညီလာခံကို ပင်လုံမှာ မလုပ်တော့ပါဘူး။ ဒီတစ်ခါ ကျွန်တော်တို့ မြစ်ဆုံမှာ လုပ်ပါမယ်။ ကျွန်တော်တို့ အားလုံး မြစ်ဆုံမှာ ပြန်လည် ဆုံတွေ့ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။


Ref: EMG

0 comments:

အပေါ်သို့