ကိုပေါက်
ဇန်နဝါရီလ ၁၆ ရက်
အမေရိကန် အနေဖြင့် မြန်မာနှင့်ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် မြန်မာပြည် ရဲ့ အခြေအနေ တိုးတက်မှုအပေါ်တွင် မူတည်ကြောင်း ဆီးနိတ်လွှတ်တော်အမတ် မစ်မက်ကောနဲလ် Mitch McConnell က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိလာပြီး တနင်္လာနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အကြောင်းအချက် အမျိုးမျိုးရဲ့ တိုးတက်လာမှု အခြေအနေအရ တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ မက်ကော နဲလ် က ပြောသည်။
မြန်မာနှင့် အမေရိကန်အကြား ပုံမှန် သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိနိုင်ဖို့ လုံးဝ သင့်လျော်နေပြီ ဖြစ်ကြောင်းလည်း သောကြာနေ့က ဝါရှင်တန်တွင် ပြောကြားခဲ့သေးသည်။
“ဦးသိန်းစိန် အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံမှုကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်ဖို့၊ ကြားဖြတ် ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်မျှတအောင် လုပ်ပေးဖို့ လိုနေသေးသည့်တိုင်အောင် အမေရိကန်အနေနဲ့ မြန်မာနဲ့ ပုံမှန်ဆက်ဆံရေးတွေ ပြန် လည် တည်ဆောက်ရန် စဉ်းစားဖို့ လုံးဝသင့်လျော်နေပါပြီ” ဟု မစ္စတာ မက်ကောနဲလ် က ပြောသည်။
မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု ကိစ္စနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ သင့်လျော်စွာ ဆက်လှမ်းရမည်ဆိုသည်ကို သုံးသပ် သွားမည် ဖြစ်သည်။ လက်ရှိအစိုးရအနေနှင့် တိုင်းရင်းသားများနှင့် ဆက်ဆံရေးကိစ္စ အပါအဝင် အခြားအညွှန်း ပြချက်များကို ထည့်သွင်း သုံးသပ်သွားမှာဖြစ်ကြောင်း အပစ်အခတ်ရပ်စဲခြင်း ကိစ္စအား ပမာပြု ပြောဆိုသွားသည်။
ဆီးနိတ်လွှတ်တော်တွင်း ရီပတ်ဘလီကင်ပါတီ ခေါင်းဆောင် မစ္စတာမက်ကောနဲလ်အနေဖြင့် မြန်မာ့ဒီမိုကရေစီ အရေးအား ကာလရှည်ကြာစွာ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခဲ့သူ တဦး အဖြစ် ယုံကြည်မှုရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“သူ့အနေနဲ့ ဘာတွေလုပ်ဖို့လိုအပ်မလဲဆိုတာ သိရှိနိုင်ဖို့ အခြေအနေကို အနီးကပ် လေ့လာသွားမယ်၊ နောက်ပြီး ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းပေါ် ဘယ်လောက်ခရီးရောက်နေပြီလဲဆိုတာ သုံးသပ်နိုင်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များအား ပြောသည်။
မစ္စတာမက်ကောနဲလ် အနေဖြင့် အင်္ဂါနေ့တွင်လည်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရန် ရှိပြီး မြန်မာပြည် အပေါ် ပိတ်ဆို့အရေးယူမှုများအား တဆင့်ချင်း လျှော့ချသွားမည်ဟု သတင်းထောက်များအား ပြောဆို သွားသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် အမေရိကန်နှင့်မဟာမိတ်တို့၏ လိုလားချက်များကို ပြည့်ဝရန်အတွက် အခိုင်အမာနှင့် ပြတ်သားသည့် ခြေလှမ်းများကို လှမ်းလိုက်ကြောင်း မြန်မာပြည် မလာမီ သောကြာနေ့က ဝါရှင်တန်တွင် မစ္စတာ မက်ကောနဲလ် က ပြောဆိုခဲ့ သည်။ ထိုခြေလှမ်းများတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲ ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပါလီမန် ရွေးကောက်ပွဲအတွက် ခွင့်ပြုခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
ဆီးနိတ်အမတ်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနှင့် ဒေသတွင်း လုံခြုံရေး ကိစ္စများကို လေး ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရတို့နှင့် ဆွေးနွေးသွားမည်ဟု ဆိုထား သည်။
မစ္စတာမက်ကောနဲလ်မှာ ၂၀၀၃ ခုနှစ်မှစ၍ မြန်မာပြည်အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရေးအား အခြား အထက် လွှတ်တော် အမတ် Dianne Feinstein နှင့်အတူ တက်ကြွစွာ ဦးဆောင် အကောင်အထည်ဖော်ကာ နှစ်စဉ် သက်တမ်းတိုးစေရန် ဆော်သြလာခဲ့သူ တဦး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်က လွတ်မြောက်ရေးအတွက် မစ္စတာမက်ကောနဲလ် က အစဉ်တစိုက် တောင်းဆိုလာခဲ့ပြီး လွတ်မြောက်လာပြီးနောက် တယ်လီဖုန်းဖြင့် ကြိမ်ဖန်များစွာ ဆက်သွယ်ပြောဆို ဖူးသော်လည်း လူကိုယ်တိုင် ယခုမှ တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
Tuesday, January 17, 2012
အခြေအနေ တိုးတက်မှုအလိုက် ကန်ပိတ်ဆို့မှု လျှော့ချမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment