ကျော်ခ
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ်
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား အပစ်ရပ်ရေး ဆွေးနွေးအပြီးတွင် သက်ဆိုင်ရာ နယ်မြေများ၌ ကလေးများကို စစ်သားနှင့် အလုပ်သမားအဖြစ် ခိုင်းစေခံ နေရမှု ပပျောက်ရေး အထူးအလေးပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အစီရင်ခံစာက ဆိုသည်။
စစ်တမ်းသွားရောက်ကောက်ယူခဲ့သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် ကလေးများကို စစ်သားနှင့် အလုပ်သမားအဖြစ် အသုံးပြုမှုပေါင်း ၁၅၀ ကျော် ရှိပြီး ၎င်းတို့အရေး ဦးစားပေး ဆောင်ရွက်ကြရန် လိုသည်ဟု အဖွဲ့ဒါရိုတ်တာ နိုင်ကဆော့မွန် က ပြောသည်။
“အပစ်ရပ်ရေးတွေ ဆွေးနွေးပြီးတဲ့အခါကြရင် အသက်မပြည့်သေးဘဲ စစ်သားအဖြစ် အသုံးပြုခံနေရတဲ့ ကလေးတွေ။ အလုပ် သမား အဖြစ် ခိုင်းစေခံနေရတဲ့ကလေးတွေ ပပျောက်သွားဖို့နဲ့ ပဋိပက္ခတွေကြောင့် ပညာရေး၊ ကျန်းမာရေး နှောင့်နှေးနေရတဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးရေးကို အထူးလုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု နိုင်ကဆော့မွန်က မဇ္ဈိမကို ပြောသည်။
မြန်မာအစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်များအကြား စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေး တည်ဆောက်နိုင်မှု မရှိပါက ကလေးစစ်သားများ၊ ကလေးအလုပ်သမားများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဦးမှာဖြစ်ကြောင်း လူ့အခွင့် အရေး ပညာပေးဌာန မြန်မာနိုင်ငံ - HREIB မှ ဒါရိုတ်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“အပစ်အခတ် ရပ်စဲရုံတင်မကပဲနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှသာလျင် ဒါနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရပ်ဆိုင်းနိုင်မှာ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်မခြင်းကတော့ လက်နက်ကိုင်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ရှိနေဦးမှာပဲ” ဟု ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
ရေးနှင့် ရေဖြူမြို့နယ်များတွင် ၂ဝ၁ဝ ခုနှစ်အတွင်း မေလမှ အောက်တိုဘာလထိ ကလေးများအပေါ် အားဓမ္မပြုကျင့်မှု ချိုးဖေါက်မှု စုစုပေါင်း ၁၇၉ ခုရှိပြီး ကလေးအလုပ်သမား အမှု ၁၁၄ မှုနှင့် ကလေးစစ်သား ၅၂ မှု ပါဝင်သည်။
ယင်းအချက်လက်သက်သေများကို အမှီပြု၍ ဇန်နဝါရီ ၁၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် “အဓမ္မဒဏ်ခံ ဓားစာခံ ဘဝ” အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလထဲတွင် ကုလသမဂ္ဂသို့ တင်သွင်းသွားမည်ဟု မွန်လူ့အခွင့်အရေးအဖွဲ့ က ပြောသည်။
“တချို့ကလေးတွေက ပြည်သူ့စစ်ထဲမှာ ဂစ်ပိုက်လိုင်း ကင်းစောင့်တာတွေ လုပ်နေရတယ်။ တချို့က အစိုးရ တပ်တွေထဲမှာ၊ တချို့ ကျတော့ လမ်းဖောက်တဲ့နေရာမှာ မိဘတွေ မအားလို့ အစားထိုးလုပ်တာတို့၊ ငွေကြေး အရ လာလုပ်နေရတာတို့ရှိရှိတယ်” ဟု အစီရင်ခံစာ ပြုစုသူ အမျိုးသမီးနှင့်ကလေးအခွင့်အရေး တာဝန်ခံ သုတဇင် က မဇ္ဈိမကို ပြောသည်။
ထိုအစီရင်ခံစာထဲတွင် မြေမြုပ်မိုင်းထိ၍ သေဆုံးခဲ့သော ကလေးများ၊ ဒဏ်ရာရရှိသူ ကလေးငယ်များလည်း ပါရှိသည်ကို တွေ့ရ သည်။ ထို့အတူ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများလည်း ပါဝင်သည်။
စစ်တမ်းကောက်ယူခဲ့သည့် ရေးနှင့် ရေဖြူမြို့နယ်များတွင် မြန်မာအစိုးရတပ်များ အဓိက လှုပ်ရှားနေလျက်ရှိပြီး ကရင်အမျိုးသား အစည်းအရုံး-KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်-DKBA တို့လည်း လှုပ်ရှားနေကြသည့် နယ်မြေ ဖြစ်သည်။
ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ တွင် ပါရှိသည့် ကလေးများကို သတ်ဖြတ်မှု၊ ကလေးများ အပေါ် လိင် ပိုင်းဆိုင်ရာစော်ကားမှု၊ ကလေးများကို စစ်သားအဖြစ် အသုံးချမှု စသည့် ကလေးအခွင့်အရေး ချိုးဖောက်မှု အချက် ၆ ချက်အား အဓိကထားပြီး စုံစမ်းဖော်ထုတ်ထားခြင်းဖြစ်ကြောင်း အဖွဲ့ဒါရိုတ်တာ နိုင်ကဆော့မွန်က ပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၌ ၁၉၉၃ ခုနှစ်တွင် ယင်းဥပဒေကို တရားဝင်ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ယင်းဥပဒေကို အစိုးရအပါအဝင် အခြား လက်နက်ကိုင် အဖွဲ့များကလည်း လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြောင်း နိုင်ကဆော့မွန်က ပြောသည်။
အစီရင်ခံစာကို မြန်မာအစိုးရ သက်ဆိုင်ရာ ဌာနများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO၊ ကုလသမဂ္ဂ ကလေး များရံပုံငွေအဖွဲ့ UNICEFတို့နှင့် ပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဒေသများမှ ရွေးကောက် တင်မြှောက်ခံ လွှတ်တော်အမတ်များသို့ ပေးပို့သွားရန် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက စီစဉ်နေကြောင်း သိရသည်။
Ref: မဇ္ဈိမ
Tuesday, January 17, 2012
အပစ်ရပ်ပြီး ကလေးစစ်သား/ အလုပ်သမားအရေး အလေးပေးရန် အစီရင်ခံစာဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment