Friday, June 24, 2011

ဝက်နားရွက်ပြာဆေး စမ်းသပ် ဖော်ထုတ်

ကိုပေါက်
ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

(ဆေးသုတေသန ပညာရှင် ဒေါက်တာအောင်မြင့်နှင့် အင်တာဗျူး)

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတွင် ၂ဝ၁၁ ဖေဖော်ဝါရီမှစ၍ ကူးစက်ပြန့်ပွားလာသည့် ဝက်နားရွက်ပြာ ရောဂါမှာ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ထိ ဆက်လက် ကူးစက်လာခဲ့ရာ ဝက်ကောင်ရေပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ရောဂါဖြစ်ပွားနေသည့် ဝက်များအား ကုသခြင်းနှင့် ဆက်လက် မပြန့်ပွားရန် ထိန်းချုပ်နေသော်လည်း ကြိုတင် ကာကွယ်ဆေးမှာမူ တရားဝင် ထုတ်လုပ် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပေ။

အခြားနိုင်ငံများတွင် ကာကွယ်ဆေးများ ထုတ်လုပ်ထားရှိသော်လည်း မြန်မာနိုင်ငံ ဈေးကွက်သို့ မဝင်ရောက်သေးပေ။

မြန်မာဆေးပညာရှင် ဒေါက်တာအောင်မြင့်က မတ်လ ကုန်ပိုင်းတွင် ကာကွယ်ဆေးကို စတင် ဖော်ထုတ်တွေ့ရှိထားပြီး၊ ထုတ်လုပ်ခွင့်ရရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

ဒေါက်တာအောင်မြင့်မှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် နှစ်ပေါင်း ၃ဝ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဆေးသုတေသန လုပ်ငန်းများကို ၂၇ နှစ်ကြာ လုပ်ကိုင်ခဲ့ကာ ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ နိုင်ငံတကာ ဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားနေသည်။

အငြိမ်းစား ယူထားသော်လည်း “ကျနော့်စိတ်ဝင်စားမှုကတော့ ဘယ်အခြေအနေမှာ အရေးပေါ်ဖြစ်နေနေ ဝင်ကူဖို့အတွက် အဆင်သင့်ပါ” ဟု ဆိုသည့် ဒေါက်တာအောင်မြင့်ကို မဇ္ဈိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားပါသည်။


ဝက်နားရွက်ပြာရောဂါ ကာကွယ်ဆေးကို ဆရာ ဖော်ထုတ်တွေ့ရှိထားတယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ မတ်လကုန်ပိုင်းလောက်ကပါ။ ဖေဖော်ဝါရီ၊ မတ်လမှာ မိတ်ဆွေ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေရဲ့ တိုက်တွန်းချက်နဲ့ စလုပ်ခဲ့တာပါ။ လက်တွေ့စမ်းတာကတော့ မတ်လ တတိယပတ်လောက်ကပါ”

ဘယ်အဆင့်ထိ ရောက်နေပြီလဲခင်ဗျ။

“အစောတလျင် Rush လုပ်ပြီးတော့ စမ်းသပ်စစ်ဆေး trial လုပ်တဲ့ သဘောမျိုးပေါ့။ ဆေးထိုးနိုင်ပြီးတော့ တိုက်ရိုက် ဝက်မှာ စမ်းတဲ့ အဆင့်ပေါ့”

ဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ အခုထိ ဘယ်လို တုံ့ပြန်မှုမျိုး ရှိနေလဲခင်ဗျ။

“ဒီနေ့ပဲ ကျနော်နဲ့ တွေ့ပြီးတော့ ဆွေးနွေးပွဲတခု လုပ်ပါတယ်။ ကျနော်တို့ လုပ်ထားတာကတော့ အကြိုစမ်းသပ်တဲ့ ကိစ္စပေါ့။ ဒီဆေးကို ထုတ်မယ်ဆိုရင် ဒီထက်ပိုပြီး တိကျတဲ့ စမ်းသပ်မှုတွေ နိုင်ငံတကာက လက်ခံအောင် လုပ်စရာ ရှိပါတယ်။ အဲဒါကတော့ ဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားနိုင်မယ့် အနေအထား ဖြစ်နိုင်တယ်လို့ အခုဆွေးနွေးပွဲအရ ယူဆပါတယ်”

ဌာနဆိုတာက တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနလား ဆရာ။

“ဟုတ်ပါတယ်။ စမ်းသပ်တဲ့ကိစ္စမှာ ကောင်းတဲ့ ရလဒ်တွေ ရတယ်လို့ ကျနော် ယုံကြည်တယ်။ ဒီထုတ်လုပ်မှုတွေကိုမွေးမြူသူတွေ အသုံးချနိုင်တဲ့အဆင့်ထိ အရောက်ပို့ဖို့။ အဲဒီအတွက် ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ်”

ဦးစီးဌာနက ဘယ်သူတွေများ ပါဝင်ဆွေးနွေးလဲခင်ဗျ။

“ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သိန်းနဲ့ သူ့ရဲ့ ပညာရှင်တချို့ပါ”

ကောင်ရေ ဘယ်နှကောင်လောက် စမ်းသပ်ခဲ့ပြီးပြီလဲ ခင်ဗျ။

“ကျနော်ကိုယ်တိုင် တိုက်ရိုက် ဝက်တွေကို ဆေးထိုးစမ်းတာတော့ မရှိပါဘူး။ ကျနော်ကတော့ ဆေးကို ထုတ်ပြီး သုံးစွဲရမယ့် အညွှန်းကို ပေးပြီး စမ်းသပ်တဲ့ သဘောပါ။ သို့သော် ကျနော်နဲ့ ပူးပေါင်းပြီးတော့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေ၊ ဝက်မွေးမြူတဲ့ လုပ်ငန်းရှင်တွေက ဝက်ကောင်ရေ တသောင်းဝန်းကျင်လောက် စမ်းသပ်ပြီး ဖြစ်ပါတယ်”

ဘယ်နယ်တွေမှာလဲ ခင်ဗျ။

“ပထမ စမ်းတာတော့ နေပြည်တော် ပျဉ်းမနားက ဝက်ခြံတချို့ပါ။ နောက် မန္တလေး မတ္တရာက ဝက်ခြံကြီးတခု၊နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးထဲမှာတော့ မရမ်းကုန်း၊ လှည်းကူး၊ လှိုင်သာယာဟိုဘက်က ညောင်တုန်းတို့မှာ အဓိကပါ။ တို့တိတို့တိလေးတွေကတော့ အနီးနားမြို့နယ်လေးတွေမှာ ရှိမှာပါ”

စမ်းသပ်မှုကနေ အဖြေဘယ်လိုရလာလဲဗျ။

“ရောဂါ လုံးဝမဖြစ်သေးတဲ့နေရာမှာ ကာကွယ်ဆေးထိုးမယ်ဆိုရင် ရောဂါရောက်လာတဲ့အချိန်မှာ အဲဒီခြံတွေဟာ မကူးစက်တာမျိုး တွေ့ရပါတယ်။ ဒါ အများစု။ ခြံ ၂ ခုမှာတော့ ၃ ကောင်လောက်စီ အသေအပျောက် တွေ့တယ်။ ဒီရောဂါလား၊ ဒီရောဂါနဲ့ ဆင်တူတဲ့ နောက်တခုလားတော့ စစ်ဆေးနိုင်တာ မရှိဘူး။ ခြုံပြီးပြောရရင်တော့ ကာကွယ်မှု ရခဲ့တယ်လို့ သုံးသပ်လို့ ရပါတယ်။ ရောဂါဖြစ်နေတဲ့ ခြံတွေမှာ ဆေးသုံးလိုက်တော့ ၂-၃ % လောက် အသေအပျောက် ရှိခဲ့ပါတယ်။ တချို့ခြံတွေမှာ ဆေးမထိုးခင်က အသေအပျောက် တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အခြေအနေမှာ (ပိုင်ရှင်ကလည်း ဆုံးရှုံးမယ့်အတူတူ စမ်းသပ်လို့ အဖြေတခုရရင် အကျိုးရှိမယ်၊ နောင်အတွက် အသုံးဝင်မယ့် သင်္ခန်းစာတခုဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ ပူးပေါင်းပြီး) စမ်းသပ်တာမျိုးမှာက အသေအပျောက်က ၃ဝ % လောက် ရှိပါတယ်။ ကျန်တဲ့ ၇ဝ% က ကောင်းမွန်သွားပါတယ်”

Anti-PRRS preparation ဆိုတာ ဆေးနာမည်လားခင်ဗျ။

“ယာယီပေးထားတဲ့ နာမည်ပါ။ တကယ် ဆေးထုတ်လာရင်တော့ PRRS vaccine ဆိုပြီးတော့ ဖြစ်ဖို့များပါတယ်”

နိုင်ငံခြားက ထုတ်တဲ့ ဝက်နားရွက်ပြာရောဂါ ကာကွယ်ဆေးတွေလည်း ရှိတယ်လို့ သိရပါတယ်။ အခု ဆရာထုတ်လိုက်တဲ့ ဆေးနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိမလဲခင်ဗျ။

“နိုင်ငံတကာမှာ သုံးနေတဲ့ ကာကွယ်ဆေးက ရောဂါပိုးကို ပြုပြင်မွမ်းမံပြီးတော့ အားပျော့အောင် လုပ်ပြီးမှ ဆေးအနေနဲ့ သုံးတာ။ ကျနော့်ဆေးကျတော့ အဲဒီဗိုင်းရပ်စ်တွေ မပါတဲ့ နည်းနဲ့ ထုတ်လုပ်တာပါ။ သဘာဝအားဖြင့် တော်တော်လေး ကွာခြားပါတယ်။ ဗိုင်းရပ်စ်ကနေ ထုတ်လုပ်တာဆိုတော့ ဆေးထိုးထားတဲ့ ဝက်တွေရဲ့ အညစ်အကြေးတွေ ကနေလည်း ဆေးထိုးမထားတဲ့ ဝက်တွေကို ဆက်ကူးနိုင်သလို ဒီကာကွယ်ဆေးကိုတောင် ဒဏ်မခံနိုင်တဲ့ ဥပမာ ဇီးရှိတဲ့ ဝက်မတွေဆို ဇီးလျှောတဲ့အထိ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ခုကာကွယ်ဆေးကျတော့ ဘက်တီးရီးယားကို အသေသတ်ပြီးမှ ထုတ်တယ်ဆိုတော့ အဲလို ဘေးထွက်ဆိုးကျိုးမျိုး လုံးဝမရှိဘူး။ နောက်ပြီး သူတို့ဆေးတွေက ဆေးအဖြစ်သုံးတဲ့ ဗိုင်းရပ်စ်နဲ့ ပြင်ပက ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ပေါင်းပြီး မျိုးသစ်တွေ ပေါ်လာနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိပါတယ်။ အခုဆေးမှာတော့ ဗိုင်းရပ်စ် မပါတဲ့အတွက် ဇီဝတွေ ပေါင်းစပ်ပြီး မျိုးအသစ်တွေ ပေါ်လာမယ်ဆိုတဲ့ ကြောက်လန့်မှုမျိုးလည်း မရှိနိုင်တဲ့ အခြေအနေပါ”

ဒီ နိုင်ငံခြားက ဆေးတွေကို ကျနော်တို့ တိုင်းပြည်မှာ သုံးလို့ မရနိုင်ဘူးလား ခင်ဗျ။

“အခု နိုင်ငံခြားက ထုတ်တဲ့ဆေးတွေက မျိုးဝက်တွေကို လုံးဝထိုးလို့မရပါဘူး။ ကျနော်တို့တိုင်းပြည်မှာ မွေးတာက အိမ်တွင်းမွေး၊ တနိုင်တပိုင်လေး မွေးကြတာ များပါတယ်။ တနိုင်ငံလုံး ဝက်ကောင်ရေရဲ့ ၉၅ % လောက်က အိမ်တွင်းမွေး ဝက်တွေ ဖြစ်ပါတယ်။ နိုင်ငံခြားက ဆေးတွေကို ပိုက်ဆံရှိလို့ ဝယ်ပြီးထိုးမယ်ဆိုရင်တောင် ထိုးနိုင်မယ့်သူ မရှိပါဘူး။ ကျနော်တို့နိုင်ငံမှာ ဒီရောဂါက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စဖြစ်တာ။ ခုချိန်ထိ နိုင်ငံခြားကနေ တရားဝင် တင်သွင်းတဲ့ ဆေးတော့ တခုမှမရှိဘူး။ ခုနက ပြောတဲ့ နိုင်ငံခြားဆေးတွေရဲ့ အားသာချက်/ အားနည်းချက် ဆိုတဲ့ အကြောင်းက နိုင်ငံခြားတိုင်းပြည်တွေမှာ သုံးပြီးတော့ တွေ့ရတဲ့ အတွေ့အကြုံကို ကြည့်ပြောတာပါ။ ၁.၅ စီစီကို ၂ ဒေါ်လာ၊ ပေါင်စတာလင် ၁ ပေါင်ခွဲလောက် ရှိတယ်။ တကောင်အတွက်ပေါ့။ အဲဒါကို ဗမာပြည်တင်သွင်းထိုးရမယ်ဆို အခွန်နဲ့၊ သွင်းတဲ့သူ အမြတ်တင်တာနဲ့ဆို တကောင်ကို ၃ဝဝဝ-၃၅ဝဝ လောက် ကျမယ်။”

ဆရာထုတ်လုပ်မယ့် ဆေးကျတော့ကော ဝက်တကောင်အတွက် ဘယ်လောက်ကုန်ကျမလဲ။

‘‘အခုဆေးကတော့ ဆယ်ပုံတပုံလောက်ပဲ ကုန်ကျမှာပေါ့။ ဆေးတပုလင်းကို အကောင် ၂ဝ စာ ပါပါတယ်။ တကောင်ကို ၁ စီစီပဲ ထိုးဖို့ပါ။ တကောင်စာဆို (ကျပ်)၃ဝဝ နဲ့ တပုလင်းဆို (ကျပ်) ၆ဝဝဝ ပေါ့။ ဒီဆေးကတော့ ဇီးရှိတဲ့ ဝက်တွေလည်း ထိုးပေးလို့ရတယ်။ ပေါက်လာတဲ့ ဝက်လေးတွေမှာ မအေဆီက ကာကွယ်တဲ့သတ္တိ အလိုအလျောက် ရနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီဆေးကို ဝန်ကြီးဌာနက လက်ခံသဘောတူ ခွင့်ပြုတယ်ဆိုရင် မြန်မာပြည်က ဝက်မွေးမြူရေးလုပ်ငန်း ဦးမော့လာဖို့အတွက် တကယ်အသုံးဝင်မယ့် ဆေးတခုဖြစ်မယ်လို့ ပြောချင်ပါတယ်”

ဦးစီးဌာနနဲ့ သဘောတူညီချက်တွေရော ရပြီးပြီလားဆရာ။ ဆွေးနွေးလိုက်ရတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

“ခုဟာက ညွှန်/ချုပ် ဆိုပေမယ့် တကယ်တမ်း အဆုံးအဖြတ်က ဝန်ကြီးဌာန အဆင့်ပေါ့။ သူကတော့ ချက်ချင်း
မီးစိမ်းပြ green light ပြောသွားတဲ့သဘော မရှိပါဘူး။ ဝန်ကြီးရဲ့ သဘောထား၊ အဆုံးအဖြတ်ကို စောင့်ယူရမယ်လို့ပြောသွားပါတယ်။ တော်တော်ကြာကြာလေး ဆွေးနွေးလိုက်ရတော့ အခြေအနေက ကောင်းတဲ့လက္ခဏာလို့ ယူဆပါတယ်”

ဝန်ကြီးဌာနဆီက အဖြေရပြီး ဒီဆေး ဈေးကွက်ထဲရောက်ဖို့ ဘယ်လောက် မျှော်လင့်ထားပါသလဲ။

“လောလောဆယ်မှာ ရောဂါအခြေအနေက လျော့သွားတဲ့ အခြေအနေရှိပါတယ်။ အခုဟာက အရွှေ့အပြောင်းတွေ ကန့်သတ်ထားတာလည်း ရှိတာကိုး။ အခု ကောင်းနေလို့ နည်းနည်း လွှတ်ပေးလိုက်တာနဲ့ ဗိုင်းရပ်စ်မကုန်သေးတဲ့ ဝက်တွေ မဖြစ်သေးတဲ့နေရာကို ရောက်သွားရင် နောက်ထပ် ထပြီး ကူးတာတွေ ဖြစ်လာနိုင်တယ်။ လုံးဝ မကင်းရှင်းသေးဘူး။ ကျနော့်သဘောကတော့ အသွားအလာမရှိခင် မြန်မြန်ထက်ထက် လုပ်ချင်တယ်။ မွေးမြူသူတွေ လွယ်လွယ်ဝယ်လို့ ရနိုင်တဲ့ အဆင့်မျိုး ဖြစ်စေချင်ပါတယ်။ ဒါကတော့ တာဝန်ရှိသူတွေရဲ့ ပေါ်လစီပိုင်း ဆုံးဖြတ်ချက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဆေးထုတ်တယ်ဆိုတာက အမျိုးသားဆေးဝါးဥပဒေအရဆိုရင် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ FDA ရဲ့ ဆုံးဖြတ်ချက်ကသာ တကယ့်တရားဝင် ထုတ်လုပ်ခွင့် ရနိုင်တာပါ။ အခုက အရေးပေါ်ကိစ္စမှာ လောလောဆယ် အမြန်ဖြေရှင်းဖို့အတွက် ယာယီအစီအစဉ်တခုနဲ့ ခွင့်ပြုပေးဖို့ ကျနော် တင်ပြတာ ဖြစ်ပါတယ်။ ယာယီအနေနဲ့ လက်ခံတယ်ဆိုရင် နောင်မှာ ဆေးလိုင်စင်ရဖို့ ဆက်လုပ်သွားစရာတွေ အများကြီးရှိပါသေးတယ်”

လက်ထောက် ညွှန်ကြားရေးမှူးက ကာကွယ်ဆေးတွေ မထိုးကြဖို့ ညွှန်ကြားထားတဲ့ ကိစ္စရော ဆွေးနွေးဖြစ်ကြပါသေးလား။

“ကျနော်က ဆေးကို ထုတ်ရောင်းတာ မဟုတ်သေးပါဘူး။ ကျန်တဲ့လူတွေလည်း ရနိုင်စရာတော့ မရှိပါဘူး။ ဒါကြောင့် သူများတွေ ဆေးသုံးတယ်ဆိုတာလည်း ဖြစ်လာစရာတော့ မရှိပါဘူး။ ထုတ်ခွင့်ပြုမှ သုံးမယ့်သဘောပါ”

ယာယီသုံးဖို့ရော ခွင့်ပြုချက် ရပါပြီလား။

“လောလောဆယ်တော့ သဘောထား ညှိသွားတဲ့သဘောပါပဲ။ ဖိုင်နယ်ကတော့ ဝန်ကြီးကိုယ်တိုင်ပဲ ဆုံးဖြတ်မလား၊ ဒါမှမဟုတ် FDA ကပဲ ညှိမလား မပြောတတ်ဘူး။ နိုင်ငံတကာမှာ အရေးပေါ်အခြေအနေတွေမှာ လိုင်စင်ပြင်ပကနေ ထုတ်လုပ်ခွင့်တို့ဘာတို့ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတခုခုက ယာယီအမိန့်ထုတ်ပေးလို့ ရတာတွေရှိပါတယ်။ အဲဒါတွေကို အခြေခံပြီးတော့ ကျနော် တင်ပြထားတာပါ”

ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုပါသလဲ ခင်ဗျာ။

“မွေးတဲ့သူတွေ အလိုရှိနေတဲ့ဆေး မွေးတဲ့လူတွေလက်ထဲ မြန်မြန်ရောက်စေချင်တဲ့ဆန္ဒပဲ ရှိပါတယ်။ အဲဒါ အဆင်ပြေပါစေလို့ပါပဲ။ ကျနော့်စိတ်ဝင်စားမှုကတော့ ဘယ်အခြေအနေမှာ အရေးပေါ်ဖြစ်နေနေ ဝင်ကူဖို့အတွက် အဆင်သင့်ပါ”
Ref: Mizzima

0 comments:

အပေါ်သို့