Tuesday, June 21, 2011

အနောက်နိုင်ငံများတွင် ဖေ့စ်ဘွတ် လူကြိုက်များမှု ကျဆင်း

21 June 2011

ကမ္ဘာတလွှားမှ အွန်လိုင်း လူမှုကွန်ယက် အသုံးပြုသူ ၆၈၇ သန်းကို စုစည်းထားနိုင်တဲ့ ဖေ့စ်ဘွတ် ၀ဘ်ဆိုဒ်မှာ နှစ်လဆက်တိုက် အသုံးပြုသူ ဦးရေ ကျဆင်းသွားကြောင်း the blog Inside Facebook

မှ ဒေတာများက ဖော်ပြသည်။ အသုံးလျော့သွားသူများက ဖေ့စ်ဘွတ်အတွက် အချိန်ပေးရလွန်းသောကြောင့်ဟု ပြောဆိုကြသည်။

ယူကေ၊ အမေရိက၊ ကနေဒါ၊ နော်ဝေ နိုင်ငံတို့တွင် ဖေ့စ်ဘွတ် အသုံးပြုသူ အရေအတွက် နှစ်လ ဆက်တိုက် ကျဆင်းသွားပြီး၊ အနောက်နိုင်ငံများမှာ ပထမဆုံးအကြိမ် လူမှုကွန်ယက် ပေါ်ပြူလာဖြစ်မှု ကျဆင်းသွားခြင်း ဖြစ်သည်။


၂၀၁၀ ခုနှစ်တွင် တစ်လပျမ်းမျှ အကောင့်ဝင်သူ သန်း ၂၀ ရှိခဲ့ရာမှ၊ ပြီးခဲ့တဲ့ ဧပြီလတွင် ၁၃.၉ သန်းသာ ရှိခဲ့သည်။ မေလထဲတွင် ၁၁.၈ သန်းအထိ ကျသွားသည်။ ထိုသို့ ကျဆင်းမှုကြောင့် ဖေ့စ်ဘွတ် တည်ထောင်သူ မခ် ဇာခါဘတ်ဂ် ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူ သန်းတစ်ထောင် သုံးစွဲမည့် လူမှုကွန်ယက်ဆိုဒ် ဖြစ်ရေး ရည်မှန်းချက်အိပ်မက်များ လွင့်ပျောက်ဖွယ် ရှိလာသည်။

မေလထဲ အမေရိကနှင့် ကနေဒါ မှ ပုံမှန်အသုံးပြုသူ ဦးရေ ၇ သန်း ကျဆင်းသွားရတဲ့အကြောင်း CNN သတင်းဌာနက ယခင် ဖေ့စ်ဘွတ် အသုံးပြုသူများကို မေးမြန်းကြည့်ရာ၊ ဗာဂျီးနီးယားမှ ကောလိပ်ကျောင်းသား Kip Krieger က

"ဖေ့စ်ဘွတ်ပေါ်က လူတွေနဲ့ မရေမရာတွေပြောရင်း နေ့စဉ် အချိန်ကုန်နေရလို့ စိတ်ပျက်ပြီး မသုံးဖြစ်တော့တာ။ နောက် အဲဒီမှာ ပို့စ်တင်တဲ့ မိတ်ဆွေတွေကလည်း ပြောပြီးအကြောင်းအရာတွေပဲ ထပ်ထပ်နေလို့ စိတ်ပျက်ပြီး မသုံးတော့တာပါ။ ကျောင်းသင်ခန်းစာအတွက် အက်ဆေးတစ်ပုဒ် ရေးနေတာက ပိုအကျိုးရှိပါတယ် ” ဟု ပြောသည်။

Utah ပြည်နယ်မှ အသက် ၂၉ နှစ်ရှိ အမည်မဖော်လိုသူ လူငယ်တစ်ဦးကလည်း CNN သတင်းဌာနကို “ကျနော့် အမေက ဖေ့စ်ဘွတ် မသုံးတော့ဘူးလို့ ပြောတယ်။ ကျနော် ဖုန်းနဲ့စကားပြောတဲ့ အသံပဲ သူကြိုက်တယ်။ ဖြစ်နိုင်ရင် လူ ကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောတယ်။ ဖေ့စ်ဘွတ် သုံးမယ့်အစား စာအုတ်ဖတ်တာ အကျိုးရှိတယ် စိတ်ချမ်းသာတယ်တဲ့” ဟု ဆိုသည်။

သို့သော် ဖေ့စ်ဘွတ် ကြော်ငြာလုပ်ငန်း တာဝန်ခံများကတော့ မကြာခင် အသုံးပြုသူအရေအတွက် ပြန်တက်လာဖို့ ရှိကြောင်း အာမခံပြောဆိုကြသည်။
Ref: မောက္ခ

0 comments:

အပေါ်သို့