Wednesday, June 22, 2011

ကြံ့ဖွံ့ကို ဘာကြောင့်ရှုံးလဲ ဒေါ်ချိုချိုကျော်ငြိမ်း ရှင်းမည်

ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ်

ကြံဖွံ့ပါတီဝင်နှင့် အမှုတွင် ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တရားရုံး ဆုံးဖြတ်ချက်များ အကြောင်း သတင်းစာ ရှင်းလင်းပွဲတခုကို လာမည့်သောကြာနေ့ မွန်းလွဲ ၁ နာရီတွင် ပါတီရုံးတည်ရာ ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းတွင် ပြုလုပ်သွားမည်ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

နေပြည်တော် တရားရုံး က ဇွန်လ ၂ဝ ရက်နေ့က ကြံ့ဖွံ့အမတ်ကို အနိုင်ပေး ဆုံးဖြတ်ခဲ့ခြင်းကို မတရား ဆုံးဖြတ်ခဲ့ခြင်းဟုလည်း ဒေါ်ချိုချိုကျော်ငြိမ်းက စွပ်စွဲပြောဆိုသည်။

“မတရားသဖြင့် ဆုံးဖြတ်တယ် ဆိုတာကို သိသိနဲ့ ခံရတာပေါ့။ အန်တီတို့ နောက်ထပ်ဘာတွေ ဆက်လုပ်ဖြစ်မယ် ဆိုတာကို စဉ်းစားနေကြဆဲပါ။ ဆုံးဖြတ်ချက် အပေါ်မှာတော့ အံ့သြမိတယ်” ဟု သူက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကြို့ပင်ကောက်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ပြိုင်ဖက်ကြံ့ဖွံ့ပါတီ ဦးသန့်ဇင်မှာ မဲမသမာမှုနှင့် အနိုင်ယူခဲ့ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ရွေးကောက်ပွဲ ကော်မရှင်တွင် တင်ပြခဲ့ရာက အမှု ရင်ဆိုင်ခဲ့ကြသည်။

အမှုရှုံးခြင်းကြောင့် ဦးသန့်ဇင်ဘက်မှ ကုန်ကျခဲ့သော တရားစရိတ် ၅သိန်းကို ဒေါ်ချိုချိုကျော်ငြိမ်းက ပေးဆောင်ရမည်ဖြစ်ပြီး ဒေါ်ချိုချိုကျော်ငြိမ်းဘက်မှ ပြန်လည်ကာ တရားရုံးသို့ ပြင်ဆင်ခွင့် ပြန်တင်လိုပါက ရက် ၃ဝအတွင်း တင်နိုင်ပြီး ယင်းအတွက် ငွေကျပ် ၁ဝ သိန်းကို ပေးသွင်းရမည် ဖြစ်သည်။
Ref: Mizzima

0 comments:

အပေါ်သို့