အောင်လင်းထွဋ်
23 June 2011
အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ တမီလ်နာဒူး ပြည်နယ်တွင် ၁၉၉၁ ခုနှစ် မေ လ ၂၁ ရက်နေ့က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဓီ (Rajiv Gandhi) လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအပေါ် အိန္ဒိယခေါင်းဆောင် အဆက်ဆက်သည် ယနေ့ထိတိုင် လျစ်လျူရှုခဲ့ကြသည်။ ကမ္ဘာ့ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ဟု ကြွေးကြော်နေသော အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီိမိုကရေစီအရေးကို မျက်ကွယ်ပြု၍ တရုတ်အရေးနှင့် စီးပွားရေးကို ရှေ့တန်းတင်ပြီး ၁၉၉၂ ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင်အစိုးရကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးကာစတွင် တရုတ်နှင့် အမေရိကန်သည် မြန်မာနိုင်ငံ၏ ရန်သူဖြစ်လာဖွယ်နိုင်ငံ (Potential Enemy Country) ဟု သတ်မှတ်ခဲ့ပြီး တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့အား မြန်မာ စစ်အာဏာရှင်တို့အနေဖြင့် ကာကွယ်ရေး စစ်ရေးစီမံချက်များ ရေးဆွဲပြင်ဆင်မှုများ ရှိခဲ့သည်။ သို့သော် ၁၉၈၉-၁၉၉၀ ခုနှစ် တရုတ်နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးရရှိသွားခြင်း၊ ထိုင်းတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချိုင်ယု (General Chavalit Yongchaiyudh) လာရောက် လည်ပတ်ပြီးနောက် ထိုင်း-မြန်မာ ဆက်ဆံရေး ကောင်းလာခြင်းတို့ကြောင့် ထိုစဉ်အချိန်အခါက တရုတ်နှင့် အမေရိကန်သည် ရန်သူ ဖြစ်မလာနိုင်၊ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် အားပေးနေသော အိန္ဒိယနိုင်ငံသည်သာ ရန်သူဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
၁၉၉၂ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရယူခဲ့ပြီးနောက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် သံရုံးရှိ အိန္ဒိယ ထောက်လှမ်းရေးအရာရှိတို့မှ မြန်မာစစ်ထောက်လှမ်းရေးကို ဆက်သွယ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒ (Look East Policy) ကို ရှင်းပြ၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်း စတင်ကမ်းလှမ်းမှုများ လုပ်ခဲ့သည်။
၁၉၉၂ ခုနှစ် သြဂုတ်လတွင် စစ်ထောက်လှမ်းရေးမှ ဒု ဗိုလ်မှူးကြီး ကျော်သိန်း (ဗိုလ်မှူးချုပ် ကျော်သိန်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေး (ကနေဒါနှင့် သြစတြေးလျနိုင်ငံ သံအမတ်ကြီးဟောင်း) တို့ ၂ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့ ၂ ဦးကို အိန္ဒိယအစိုးရ၊ တပ်မတော်နှင့် ထောက်လှမ်းရေးဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများမှ အထူးကိုယ်စားလှယ်အနေဖြင့် လက်ခံတွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နယ်စပ်ဒေသရှိ နာဂနှင့် ကသည်း လူမျိုးစုသူပုန်များ ပူးပေါင်းနှိမ်နင်းရေး၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရေး၊ စစ်ဘက်အရာရှိများ အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခွင့်၊ ထောက်လှမ်းရေးသတင်းများ အပြန်အလှန်ဖလှယ်ရေး၊ စီးပွားရေးအတွက် အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့မှ တမူး၊ ကလေးသို့ ဖောက်ထားသော ကားလမ်းပြုပြင်ရေး အစရှိသည်တို့ကို အိန္ဒိယနိုင်ငံဘက်မှ ကမ်းလှမ်းခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သတင်းပို့သည့်အခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှတ်ချက်က “ဒီ ကုလားတွေ စိတ်ချရတာမဟုတ်ဘူး။ မင်းတို့ သတိထားပြီး ဆက်ဆံကြ” ဟု ပြောခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာစစ်တပ်ဘက်က စစ်ရေးအရ လိုက်လျောသည့်အနေဖြင့် အိန္ဒိယမှ နာဂသူပုန်တို့ကို တိုက်ခိုက်ပေးခဲ့သေးသည်။ နာဂသူပုန် အင်အား ၁၀၀ ကျော် ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်းတွင် စစ်သင်တန်းတက်ရောက်ပြီး မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှ ဖြတ်မည်ဟူသောသတင်းကို အိန္ဒိယထောက်လှမ်းရေးက ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တင်ပြခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ကွပ်ကဲမှုဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် ခြေမြန် တပ်ရင်းများ စေလွှတ်ကာ တိုက်ခိုက်ခဲ့သဖြင့် နာဂသူပုန် ၇၅ ယောက်ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ မြန်မာစစ်တပ်ဘက်မှ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က ဦးသိန်းစိန်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်သည်။ နာဂ၊ ကသည်း တော်လှန်ရေးသမားတို့၏ သတင်းများကို ယခင်က မကြာခဏ မြန်မာစစ်ထောက်လှမ်းဌာနက ရရှိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ တင်ပြခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ယခုကဲ့သို့ ခွင့်မပြုခဲ့ပါ။ ၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတက္ကသိုလ်၌ ဗိုလ်မှူး မိုးဟိန်း (ဗိုလ်ချုပ် မိုးဟိန်း၊ အငြိမ်းစား နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး)၊ ဗိုလ်မှူး ဉာဏ်ဝင်း (ဗိုလ်ချုပ် ဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) တို့အပါဝင် မြန်မာစစ်တပ်အရာရှိများ နှစ်စဉ် သင်တန်းတက်ရောက်ခဲ့ကြသည်။
နာဂ တော်လှန်ရေးသမားများအား နှိမ်နင်းပေးခြင်းကို အကြောင်းပြု၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကောင်းတော့မည်ဟု ထင်ခဲ့ကြသော်လည်း ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရမှ ၁၉၉၂ ခုနှစ်အတွက် ဂျဝါဟလာ နေရူးဆု (Jawaharlal Nehru Award) ကို ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြီးအကျယ် ဒေါသထွက်ခဲ့သည်။ “ဒီကုလားတွေ ကုလားမူ လာမူတိုင်း မင်းတို့မယုံကြနဲ့၊ နောင်ဒီကောင်တွေ တောင်းတိုင်း မပေးနဲ့တော့” ဟု ပြောခဲ့ကြောင်း သိရသည်။ ထို့နောက်ပိုင်း မြန်မာ-အိန္ဒိယ ဆက်ဆံရေးတွင် မြန်မာဘက်က ခပ်ခွာခွာနေခဲ့ပြီး နိုင်ငံတကာအရေးများတွင် လိုအပ်သည့် ထောက်ခံမှုများရရန် ကိစ္စများ၌သာ တရုတ်နှင့် ဆက်ဆံရေး၊ သဘာဝဓာတ်ငွေ့ အရေးများကို အကြောင်းပြ ဆက်ဆံခဲ့ကြသည်။ နိုင်ငံတကာနိုင်ငံရေး ပထ၀ီမဟာဗျူဟာအရ အိန္ဒိယကို တရုတ်နှင့် ထိန်းညှိထားခြင်းသာဖြစ်သည်။
မြန်မာစစ်တပ်မှ သတင်းလွှင့်ထားသော မြန်မာပိုင် ကိုးကိုးကျွန်း ရေဒါစခန်း၌ တရုတ်များက အိန္ဒိယကို ထောက်လှမ်းမှုများ ပြုလုပ်နေသည်ဆိုသော သတင်းကို အိန္ဒိယသည် ယခုအထိ ယုံနေကြဆဲဟု ယူဆပါသည်။ နာဂ၊ ကသည်း သူပုန်များ နှိမ်နင်းရေးအတွက် အိန္ဒိယဘက်မှ သတင်းထပ်မံ ပေးခဲ့သော်လည်း ယခုအချိန်အထိ အရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန် ခွင့်မပြုတော့ပါ။ ၁၉၉၃ ခုနှစ် နှောင်းပိုင်းလောက်မှစ၍ မြန်မာနယ်နမိတ်အတွင်းရှိသော အိန္ဒိယ သူပုန်များကို အားလည်းမပေး၊ နှောက်လည်း မနှောက်ယှက်သောမူကို ယခုအထိ ကျင့်သုံးနေဆဲဖြစ်သည်။ ရံဖန်ရံခါ အိန္ဒိယ သူပုန်များ မြန်မာနယ်မြေမှဖြတ်၍ လက်နက်ဝယ်ယူမှုများ ရှိခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမိန့်ဖြင့် မသိဟန် ဆောင်ခိုင်းခဲ့သည်များ ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်ခန့်မှစ၍ ပါကစ္စတန် ထောက်လှမ်းရေးကလည်း မြန်မာစစ်အစိုးရအား ချဉ်းကပ်ပြီး ပါကစ္စတန်တွင် မြန်မာ စစ်အရာရှိများနှင့် ထောက်လှမ်းရေးများအား သင်တန်းပေးရေး၊ အဆင့်မြင့်အရာရှိများ လည်ပတ်ရေး၊ အိန္ဒိယနယ်စပ်တွင် အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ပေးရေးတို့ကို ကမ်းလှမ်းလာခဲ့သည်။
၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် အေးတိအေးစက်ဖြစ်နေသော ဆက်ဆံရေးကို ပြန်လည် အသက်သွင်းသည့်အနေဖြင့် အိန္ဒိယ စစ်ထောက်လှမ်းရေးက မြန်မာနိုင်ငံဖွား ဒု ဗိုလ်မှူးကြီးအဆင့်ရှိ ဂရေးဝါးလ် (မြန်မာအမည် မျိုးမြင့်) ကို စေလွှတ်၍ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော ကရင်နှင့် ရခိုင် သူပုန်များကို အိန္ဒိယစစ်တပ်အနေဖြင့် နှိမ်နင်းပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။ အလားတူ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (ယခု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်) အနေဖြင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်စေရန် အထူးကြိုးစားခဲ့သည်။
ဒုဗိုလ်မှူးကြီး ဂရေးဝါးလ်သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အိန္ဒိယ စစ်ထောက်လှမ်းရေး သတင်းပေးများ အကူအညီဖြင့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများနှင့် အဆက်အသွယ်ရယူခဲ့ပြီး ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်းတွင် သင်တန်းတက်နေသော နာဂ၊ ကသည်း သူပုန်များအတွက် လက်နက်မှောင်ခို ၀ယ်ယူရေး အသွင်ယူ တွေ့ဆုံမှုများ လုပ်ခဲ့သည်။ ထို့ပြင် ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများကိုလည်း လှည့်ဖြားကာ နိုင်ငံရေးအရ အကူအညီပေးမယောင် စည်းရုံးသိမ်းသွင်းခဲ့သည်။ ဂရေးဝါးလ်က လှုပ်ရှားမှုအသေးစိတ်ကို နှစ်နှင့်ချီ၍ မြန်မာအစိုးရအား သတင်းပို့ကာ ယုံကြည်မှု တည်ဆောက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် သက်သေပြသည့်အနေဖြင့် မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများကို အိန္ဒိယမှ နှိမ်နင်းပေးသည်ဟု သဘောသက်ဝင်အောင် သတ်သူကိုသတ်ပြီး ဖမ်းသူကိုဖမ်းပြခဲ့သည်။
ထို့အပြင် ဂရေးဝါးလ်က မြန်မာရေပြင်နယ်နမိတ် ခရစ္စတီးကျွန်းတွင် လက်နက်များရှိသည်ဟု သတင်းများပေးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမိန့်ဖြင့် ၁၉၉၈ ခုနှစ် ဧပြီလတွင် စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် ကြည်မင်း (ယခု ထားဝယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မြင့်ဆွေ (ဦးနေ၀င်း၏ မြေးများကိစ္စဖြင့် အဖြုတ်ခံရသူ)၊ အမှတ် (၁၃) စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မြင့်အောင် (စစ်ရေးချုပ်ဟောင်း၊ ကာကွယ်ရေးဝန်ကြီး မလုပ်လို၍ အဖြုတ်ခံရသူ) တို့ ဦးစီးသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် ခရစ္စတီးကျွန်းပေါ်ရှိ သစ်ခုတ်၊ ၀ါးခုတ်၊ ငါးဖမ်း လုပ်ကိုင်စားသောက်နေသော ကလေးငယ်များ၊ အမျိုးသမီးများ အပါဝင် သာမန်အရပ်သူအရပ်သား ၈၁ ဦးကို ဖမ်းဆီးခဲ့သည်။ ၁၉၉၈ ခုနှစ် မေလတွင် အဆိုပါ သာမန်အရပ်သူအရပ်သား ၈၁ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်း (လက်ရှိ အမှတ် ၁ လျှပ်စစ်ဝန်ကြီးနှင့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး) ကို အားလုံး သတ်ပစ်ရန် ဆက်လက် အမိန့်ပေးခဲ့သည်။ တာဝန်ယူ ပစ်သတ်ခဲ့သည့် တပ်ရင်းမှူး နှစ်ဦးမှာ ဒု ဗိုလ်မှူးကြီး စိုးတင် (အမှတ် ၂၆၂ ခြေလျင်တပ်ရင်း)၊ ဒု ဗိုလ်မှူးကြီး ၀င်းဆွေ (အမှတ် ၄၀၃ ခြေလျင်တပ်ရင်း) တို့ ဖြစ်သည်။ ထိုအချိန်က ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးချုပ်မှာ ဗိုလ်မှူးချုပ် မြင့်ဆွေ (ဒု ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ရန်ကုန်တိုင်ဒေသကြီး ၀န်ကြီးချုပ်) ဖြစ်သည်။
အဆိုပါဖြစ်စဉ်များပြီးနောက် အိန္ဒိယ ရေနံကုမ္မဏီများကို ရခိုင်ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်ခွင့်များတွင် ပါဝင်ခွင့်များ ချပေးခဲ့သည်။ သဘာဝဓာတ်ငွေ့များ ထွက်လာသည့်အခါ အိန္ဒိယနိုင်ငံအား ဦးစားပေး၍ ရောင်းချပေးမယောင် မက်လုံးများ ပေးခဲ့သည်။ နယ်စပ်သူပုန်များ အရေးနှင့်ပတ်သက်၍ ကိုယ်တိုင်ဝင်ရောက် မတိုက်ပေးသော်လည်း သူပုန်များကို အတိုင်အတာတခုအထိ အားပေးအားမြှောက် မပြုလုပ်တော့ပါ။ ဤသို့ဖြင့် အိန္ဒိယအစိုးရအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မလျှော့မတင်းမူဝါဒကို ကျင့်သုံးပြီး နိုင်ငံတကာဆက်ဆံရေးအတွက် ထောက်ခံမဲတမဲ အိတ်ကပ်ထဲသို့ ထည့်ထားနိုင်ခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလက ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရအကြား သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ ထမံသီ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း သဘောတူညီချက်၊ ၂၀၀၄-၂၀၀၆ ခုနှစ်အတွက် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်သဘောတူညီချက်၊ စုစုပေါင်း သဘောတူညီချက် ၃ ခု လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက် ၃ ခုအနက် အိန္ဒိယဘက်က နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်စေချင်သကဲ့သို့၊ မြန်မာဘက်ကလည်း ထမံသီ ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းကို အမြန် အကောင် ထည်ဖော်စေချင်ခဲ့သည်။
၂၀၀၆ ခုနှစ် မတ်လတွင် အိန္ဒိယသမ္မတ ဒေါက်တာ အဗ္ဗဒူ ကလမ် (Dr. Abdul Kalam) နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် အချိန်တွင်လည်း အိန္ဒိယအစိုးရက နယ်စပ်ရှိ နာဂ၊ ကသည်း သူပုန်များထံ လက်နက်ခဲယမ်းများ ရောက်ရှိနေမှု တပ်မတော်ချင်းပူးပေါင်း၍ နှိမ်နင်းလိုကြောင်း၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် စစ်တွေမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း အမြန်အကောင် ထည်ဖော်လိုကြောင်း၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးကို အမြန်အကောင်ထည်ဖော်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နည်းပညာနှင့် ပတ်သက်၍ ကွန်ပြူတာနည်းပညာများ အကူအညီပေးသွားရန်၊ မြန်မာနိုင်ငံရှိ သိပ္ပံဓာတ်ခွဲခန်းများ အဆင့်မြင့်စေရေး အကူညီပေးသွားရန်၊ e-Government စီမံကိန်းများအတွက် မြန်မာအရာရှိများအား သင်တန်းများ ပို့ချပေးသွားရန်နှင့် မကြာမီကာလတွင် မြန်မာနိုင်ငံ၌ Entrepreneurship Development Center တည်ဆောက်ပေးသွားရန် အိန္ဒိယ သမ္မတက ဆိုသည်။
နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အိန္ဒိယ သမ္မတက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံက အမြဲတမ်းအဖွဲ့ဝင်အဖြစ် ၀င်ခွင့်ရရှိရန် အဆိုပြုထားချက်အပေါ် မြန်မာနိုင်ငံမှ ထောက်ခံမှုပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ ညီလာခံအစည်းအဝေးများ၊ ILO အစည်းအဝေးများ၊ Human Right Council အစည်းအဝေးများတွင် ထောက်ခံမှု ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
မြန်မာစစ်အစိုးရက ပြန်လည် ဆွေးနွေးရာတွင် နယ်စပ်ရှိ နာဂ၊ ကသည်း သူပုန်များထံ ရောက်ရှိနေသော လက်နက်ခဲယမ်းများသည် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးအတွက် မြန်မာနိုင်ငံအတွင်း တံတားကြီး ၅ စင်းတည်ဆောက်ရန် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကို ချေးငွေအဖြစ် ထုတ်ပေးစေလိုကြောင်း၊ ကွန်ပြူတာနည်းပညာများ အကူအညီပေးရေးနှင့် ပတ်သက်၍ မေမြို့တွင် ICT Park တည်ဆောက်ရန် အိန္ဒိယအစိုးရမှ ငွေကြေးနှင့် နည်းပညာ အကူညီ တောင်းလိုကြောင်း၊ သံ၊ ကြေးနီ၊ နီကယ် သတ္တုရိုင်းများ တန်ချိန် သန်းပေါင်းများစွာ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားလိုကြောင်း၊ ထို့ကြောင့် ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လည်ပတ်စဉ် သဘောတူ လက်မှတ်ရေးထိုးခဲ့သော ထမံသီ စီမံကိန်းကို အမြန်အကောင်ထည် ဖော်လိုကြောင်း ပြောခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံကို ရှင်းပြပြီး အနောက်နိုင်ငံများကို အနှောက်အယှက်မပေးရေး အိန္ဒိယနိုင်ငံအနေဖြင့် တိုက်တွန်းပြောကြားပေးစေလိုကြောင်း၊ နိုင်ငံတကာတွင် မြန်မာစစ်အစိုးရဘက်မှ ထောက်ခံ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း မြန်မာစစ်အစိုးရက ပြောဆိုခဲ့သည်။
၂၀၁၀ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လည်ပတ်သည့် ခရီးစဉ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် အစိုးရသစ်ကို အိန္ဒိယနိုင်ငံမှ ထောက်ခံပေးရေး၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုခံရရေးတို့ကို ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းနှင့် ယခင်အတိုင်း နောင်အစိုးရလက်ထက်တွင်လည်း ချစ်ကြည်ရေးကို ထိန်းသိမ်းသွားရန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့သော် ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မိသားစု ဘုရားဖူး လည်ပတ်ခြင်းသာ ဖြစ်သည်။
နှစ်ပေါင်း ၂၀ နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို လေ့လာကြည့်လျှင် အပေါ်ယံ အဆင်ပြေသယောင် ထင်ရသော်လည်း အမှန်တကယ်၌ နောက်ကွယ်တွင် မရိုးသားမှု အများအပြားရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ-အိန္ဒိယ ခေါင်းဆောင်ချင်း သဘောတူညီချက်များစွာ လက်မှတ်ထိုးခဲ့ကြသော်လည်း ယနေ့အချိန်အထိ ပီပီပြင်ပြင် အကောင်အထည်ပေါ်လာသော စီမံကိန်းများ မတွေ့ရသေးပါ။ အဆင်ပြေလိုက်၊ မပြေလိုက်နှင့် ဆွေးနွေးနေသည့်အဆင့်သာ ရှိနေသည်။ အိန္ဒိယကလည်း မပြတ်မသား လုပ်နေသကဲ့လို မြန်မာအစိုးရကလည်း လိမ်လိုက်ညာလိုက် လှည့်ဖျားနေသည်ကို တွေ့ရသည်။
နှစ်ပေါင်း ၂၀ နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေးတွင် မြန်မာအစိုးရ မရှုံးဟု ယူဆနိုင်သည်။ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံကို အာဏာရှင်စနစ်ကျင့်သုံးသည့် စစ်အစိုးရက အရင်းအနှီး သိပ်မစိုက်ရဘဲ အိတ်ကပ်အတွင်းထည့်ထားပြီး အနောက်နိုင်ငံများနှင့် နိုင်ငံတကာ ညီလာခံများကို နိုင်ငံရေးကစားခွင့်ရခဲ့သည်။ မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရန်အတွက်မူ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အရင်းအနှီးများစွာ ပေးပြီးမှ ရသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များသည် အိန္ဒိယကို အဆိပ်မရှိသော ရေမြွေကဲ့သို့ သဘောထားသော်လည်း တရုတ်ကိုမူ အဆိပ်ပြင်းသော မြွေပွေးကဲ့သို့ သဘောထားပြီး ဆက်ဆံကြသည်။
မြန်မာနှင့် အိန္ဒိယသည် အင်္ဂလိပ်၏ ကိုလိုနီကျွန်အဖြစ် နှစ်ပေါင်းရာချီ၍ နေခဲ့ကြရပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် အချိန်ကာလတွင်လည်း အိန္ဒိယ ခေါင်းဆောင်ကြီးများဖြစ်သည့် မဟတ္တမ ဂန္ဒီ၊ ဂျဝါဟလာ နေရူးတို့သည် မြန်မာ ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့နှင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြသည့်အပြင် ပုဂ္ဂိလ်ရေးအားဖြင့်လည်း ရင်းနှီးခဲ့ကြသူများဖြစ်သည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးတို့အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ကြသူများလည်းဖြစ်သည်။ ထို့ကြောင့် သမိုင်းကြောင်းအရ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သော မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို ထောက်ရှု၍လည်းကောင်း၊ အိန္ဒိယအပေါ် စိတ်ရင်းစေတနာမမှန် လိမ်လည် လှည့်ဖျားနေသော စစ်အာဏာရှင်တို့၏လုပ်ရပ်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အာဏာရှင်အစိုးရအား ထောက်ခံနေမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်သင့်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
Ref: ဧရာဝတီ
Friday, June 24, 2011
စစ်အာဏာရှင်ခေတ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment