Thursday, June 23, 2011

ဦးရွှေမန်း ရန်ကုန်လွှတ်တော် အမတ်များကို တွေ့ဆုံမည်

မျိုးသန့်
ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လာမည့် သောကြာနေ့တွင် ပထမဦးဆုံးအကြိမ် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံး၌ခေါ်ယူတွေ့ဆုံမည် ဖြစ်သည်။

ခေါ်ယူတွေ့ဆုံရသည့် အကြောင်းရင်းကို လွှတ်တော် ကိုယ်စားလှယ်များမှ မသိရှိသေးဘဲ ဖြစ်နေပြီး နေပြည်တော် လွှတ်တော်ရုံးမှ ဖုန်းဖြင့် ဖိတ်ကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (သင်္ကန်းကျွန်း)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။


“ ဦးသူရရွှေမန်း ကနေပြီးတော့ ရှင်းပြစရာ တခုရှိတယ် ဆိုပြီးတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ဖိတ်ကြားထားတယ်” ဟု ဦးကျော်က မဇ္ဈိမကို ပြောသည်။

သောကြာနေ့တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကိုနေ့လည် ၁၂ နာရီတွင် တွေ့ဆုံမည်ဖြစ်ပြီးပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များကို နေ့လည် ၁ နာရီတွင် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးများ ကိုလည်း လာမည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကျင်းပရန် ရန်ကုန်တိုင်း လွှတ်တော်ရုံးမှ ဖိတ်ကြားထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ယခုတဖန် ပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင်လည်း ဥပဒေပြုရေး ဆိုင်ရာ အဆိုပြုချက်များ မေးမြန်းခွင့်ရရန် မျှော်လင့်၍ မရနိုင်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

မတ်လအတွင်းက ပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင်လည်း အုပ်ချုပ်ရေးပိုင်းအတွက် လူရွေးခြင်းဖြင့်သာ ပြီးဆုံးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်များတွင် ပါတီပေါင်းစုံမှ လွှတ်တော်အမတ် ၉၂ ဦးနှင့် စစ်တပ်မှ လွှတ်တော်အမတ် ၃၁ ဦးတို့ ပါဝင်သည်။

အလားတူပင် မွန်ပြည်နယ် ဒေသကြီးလွှတ်တော် အစည်းအဝေးကိုလည်း လာမည့်လ ၇ ရက်နှင့် ၈ ရက်များတွင် ကျင်းပရန် ရှိသည်။

“ ကျနော်တို့လည်း ဂဃနဏ တော့ မသိသေးဘူး။ အဲဒီတော့ ကျနော်တို့လည်း ဘာကို ဦးတည်ပြီးတော့ဆွေးနွေးရမယ် ဆိုတာလဲ ကျနော်တို့ မသိသေးဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက မဇ္ဈိမကို ပြောခဲ့သည်။

အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကိုလည်း ယခုလကုန် သို့မဟုတ် နောက်ပိုင်းတွင် ပြုလုပ်ဖွယ် ရှိသည်။
Ref: Mizzima

0 comments:

အပေါ်သို့