Tuesday, June 21, 2011

သီးနှံများ၏ အနာဂတ် စိုးရိမ်နေရ

20 June 2011

ရာသီဥတုအခြေအနေ ရေရှည် ခန့်မှန်းချက်များကို လေ့လာလျက် ရှိနေသည်။ တရုတ်၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားတွင် မိုးလေ၀သနှင့် ရာသီဥတု အခြေအနေမှာ စိုက်ပျိုးသီးနှံများကို ခြိမ်းခြောက်လျက် ရှိနေ ပေပြီ။

တရုတ် အရှေ့မြောက်ဒေသ (ယခင်က မိုးခေါင်ရေရှား) အတွင်း သီးနှံများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီး ဆုံးရှုံးရဖို့ ရှိနေသည်။ ယန်စီမြစ်ဝှမ်း လွင်ပြင်မှာလည်း ရေအောက်နစ်မြုပ် နေသည်။ ဥရောပ၊ အမေရိကန်နှင့် ကနေဒါ နိုင်ငံများတွင်မူ ပြဿနာမှာ မိုးခေါင်ရေရှားမှု ဖြစ်၏။

အမေရိကန် တောင်ဘက်နှင့် အနောက်တောင်ပိုင်း ပြည်နယ်များတွင် အခြောက်သွေ့ဆုံးသော ရာသီဥတုကို နှစ်ပေါင်း များစွာ အတွင်း ကြုံတွေ့နေရသည်။ ၂၀၁၀ ဇူလိုင်လကတည်းက မိုးမရွာသလောက် ရှိနေသည်။


အပူရှိန်မြင့်မားခြင်းနှင့် စိုထိုင်းဆ နည်းပါးခြင်းတို့ကြောင့် သီးနှံများ မဖြစ်ထွန်းတော့ဘဲ လေပြင်းများကြောင့် တောမီးများသာ လောင်ကျွမ်းရန် အခြေအနေဖြစ်နေသည်။

ကမ္ဘာတ၀ှမ်းလုံးတွင် စားနပ်ရိက္ခာ လုံခြုံဖူလုံရေး ပြဿနာမှာ ကြီးထွားလို့လာနေသည်။ ၂၀၁၀ ခုနှစ် မိုးခေါင်ရေရှားမှုကို ကြုံတွေ့ ရပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်းနိုင်ငံတို့တွင် ဂျုံစပါး အထွက် နည်းပါးလွန်းခြင်းကြောင့် လယ်သမားများ အနေဖြင့် ပြည်ပသို့ တင်ပို့ခြင်းကို ရပ်တန့်ခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ဤ ၂ နိုင်ငံတွင် အခြေအနေ တိုးတက်လာခဲ့သော်ငြားလည်း ဥရောပနိုင်ငံများတွင်မူ စိုက်ပျိုးရေးတွင် ရေရှားပါးမှုကြောင့် ဂျုံနှင့် အခြား ပင်မ သီးနှံများမှာ နှစ် ၃၀ အတွင်း အထွက်အနိမ့်ပါးဆုံး အခြေအနေကို ကြုံတွေ့နေရသည်။

ယူကေနိုင်ငံတွင်လည်း နှစ်တရာအတွင်း အခြောက်သွေ့ဆုံး နွေဦးကာလကို ရင်ဆိုင်ခဲ့ရသည်။

နွေဦးရာသီ မိုးခေါင်ရေရှားပြဿနာမှာ ကြုံတွေ့ရတတ်သည့် ကိစ္စဖြစ်သည်။ ဇွန်လနှင့် ဇူလိုင်လဆန်းကာလများတွင် ဥရောပ နွေမုတ်သုန်မိုး ရွာမြဲဖြစ်သည်။

သို့ရာတွင် ယခုကြုံတွေ့နေရသည့် အာရှနှင့် အာဖရိကတိုက်များတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မတူပါ။

ဥတုရာသီနှင့် မိုးလေ၀သမှာ ပုံမှန်မဟုတ်တော့ဘဲ တည်ငြိမ်မှု ကင်းမဲ့လျက်ရှိနေ၏။

လူဦးရေ တိုးတက် များပြားလာနေရာ အစားအစာ ပိုမို ထုတ်လုပ်ရန် တောင်းဆိုလျက်ရှိသည်။

သို့ရာတွင် ကံမကောင်းလှသည်မှာ နိုင်ငံအတော်များများတွင် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရာသီဥတုမှာ အပြောင်းအလဲက ပြဿနာ ဖြစ်နေတော့သည်။
Ref: မောက္ခ

0 comments:

အပေါ်သို့