Tuesday, June 21, 2011

တိုင်းရင်းသား ပဋိပက္ခအရေး NLD နှင့် EU ဆွေးနွေးမည်

လင်းသန့်
20 June 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပ သမဂ္ဂ (EU) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည့်အခါ တိုင်းရင်းသားဒေသများတွင် လတ်တလော ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး အမြန်ဖြစ်ပေါ်စေရန် ကူညီပေးရေး ထည့်သွင်းဆွေးနွေးမည်ဟု သိရသည်။


EU ကိုယ်စားလှယ်အဖွဲ့တွင် EU နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ကက်သရင်း အက်ရှ်တန်၏ အထူး အကြံပေး အရာရှိ မစ္စတာ ရောဘတ် ကူးပါးက ဦးဆောင်ကာ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် မစ္စတာ ပေရို ဖက်စီနိုသည်လည်း တရက်စော၍ ကြိုတင် ရောက်ရှိသည်။

EU ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် နိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တာဝန် ရှိသူများနှင့် တွေ့ဆုံရန်ရှိဟု သိရသည်။

“မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ စိတ်နေစိတ်ထားကို အကဲခတ် ချဉ်းကပ်နိုင်ဖို့အတွက် ကျနော်ရဲ့ ပထမဆုံး ကြိုးစားချက် တရပ်ပဲ” ဟု EU သံတမန်တဦးကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးလာရောက်သည့် EU သံတမန် ကိုယ်စားလှယ်အဖွဲ့နှင့် NLD တို့ တွေ့ဆုံရန် ဇွန်လ ၂၂ ရက်ကို အကြမ်းဖျင်း စီစဉ်ထားကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

ဦးအုန်းကြိုင်က “EU ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါ ထည့်သွင်းပြောမှာတွေက ပါတီရဲ့ လက်ရှိရပ်တည်မှု၊ လက်ရှိ အစိုးရအပေါ် သဘောထား၊ ဒီ့အပြင် အခု ကချင်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတာတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေး အမြန်ရဖို့တွေကို ကူညီနိုင်တဲ့ နိုင်ငံတွေကို ကူညီပါလို့ ဆွေးနွေး သွားဖို့ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအခါ ကချင်ပြည်နယ် မိုးမောက်ဒေသတွင် ဖြစ်ပွားနေသည့် မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ဒုက္ခသည်ပေါင်း ထောင်ချီကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တရုတ်နိုင်ငံတွင်းသို့လည်း သွားရောက် ခိုလှုံနေကြရသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ အခမ်းအနားတွင် သူ့အနေဖြင့် မွေးနေ့၌ အလိုချင်ဆုံးသည် ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

EU နိုင်ငံများထဲမှ အင်္ဂလန်နှင့် ပြင်သစ် ၂ နိုင်ငံတို့မှလွဲပြီး တခြားနိုင်ငံများက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုကို လျှော့ပေါ့ရန် သဘောထားရှိနေကြပြီး ယခုနှစ် ဧပြီလတွင် မြန်မာအစိုးရ ဝန်ကြီးတချို့ကို ဥရောပသို့ ပြည်ဝင်ခွင့် ယာယီ လျှော့ပေါ့ပေးခဲ့သည်။
Ref: Irrawaddy

0 comments:

အပေါ်သို့