Wednesday, June 22, 2011

ဒန်ကလေအမှု ဇွန် ၃ဝ စီရင်ချက် ချမည်

သဲသဲ
ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ်

သြစတြေးလျ နိုင်ငံသား ရောစ့်ဒန်ကလေ၏ အမှုကို ဇွန်လ ၃ဝ ရက်နေ့တွင် စီရင်ချက်ချရန် တရားရုံးက ချိန်းဆိုလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေက ပြောသည်။

ကမာရွတ်မြို့နယ် တရားရုံး၏ အင်္ဂါနေ့ တရားခွင်တွင် နှစ်ဘက်ရှေ့နေများက အပြန်အလှန် ချေပမှု နောက်ဆုံး အကြိမ် ပြုလုပ်ခဲ့ပြီးနောက် လေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော အမှု၏ စီရင်ချက်ချမည့် ရက်ကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။


“ကျနော်တို့က အပြီးသတ် လျှောက်လဲချက် (Final Agrument) ပေးပြီးပြီဆိုတော့ ကျနော်တို့ဘက်က ဘာမှဆက်လုပ်ဖို့ မရှိ တော့ဘူး တရားရုံး အမိန့်ချဖို့ပဲ ရှိတော့ပါတယ်” ဟု မစ္စတာ ဒန်ကလေ၏ ရှေ့နေ ဦးအောင်သန်းစိုးက ပြောသည်။

တရားရုံး၌ တရားသူကြီး ဦးအောင်မင်းက နေ့လည် ၁၂ နာရီ ခန့်မှ စတင်ကာ တနာရီနီးပါး ကြာနားမှုပြုလုပ်ခဲ့သည်။ အမှုကို ပြန်လည် ရုပ်သိမ်းလိုကြောင်းနှစ်ကြိမ်တိုင်တိုင် ရုံးတော်သို့ လျှောက်ထားခဲ့ဖူးသူ မခိုင်ဇာလင်းမှာ တရားခွင်သို့ လာရောက် ခြင်း မရှိပေ။

မစ္စတာ ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁)၊ မခိုင်ဇာလင်းကို နာကျင်အောင် ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ ကိုယ်ထိလက်ရောက်ပြုခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲထားသည်။

မခိုင်ဇာလင်းကို နေအိမ်သို့ ခေါ်သွားကြောင်း ဝန်ခံသည်မှအပ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသော ကုမ္ပဏီ၏ စီအီးအိုဟောင်းက ထွက်ဆိုထားသည်။

မစ္စတာဒန်ကလေကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ရဲက ဖမ်းဆီးပြီး၊ နောက်တရက်တွင် အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။ ထို့နောက် Myanmar Consolidated Media Group Ltd (MCM)၏ စီအီးအို ရာထူးကို အစုရှယ်ယာဝင် တဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသို့ လွှဲပြောင်းခဲ့သည်။

MCM သည် Crime အပတ်စဉ် မှုခင်းသတင်း ဂျာနယ်၊ Now အပတ်စဉ် ဖက်ရှင် မဂ္ဂဇင်းများကိုလည်း ထုတ်ဝေသည်။
Ref: Mizzima

0 comments:

အပေါ်သို့