Tuesday, June 21, 2011

ဆိုမာလီဓားပြဖမ်း မြန်မာသင်္ဘောသား ၂၃ ဦး လွတ်လမ်းမမြင်သေး

ကျော်ခ
ဇွန်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

ဆိုမာလီပင်လယ်ဓားပြများ၏ လက်ထဲ၌ ၆ လကျော်ကြာပြီ ဖြစ်သော်လည်းမြန်မာသင်္ဘောသား ၂၃ ဦး လွတ်မြောက်ရေးအတွက် ဓားပြများနှင့် လိုက်ဘေးရီးယား သင်္ဘောကုမ္ပဏီအကြား ညှိနှိုင်းမှု အဆင်မပြေသေးဟု ရန်ကုန်အခြေစိုက် ST.JOHNS SHIP MANAGEMENT ကုမ္ပဏီ သတင်းရပ်ကွက်များကပြောသည်။

“အားလုံး လွတ်မြောက်ရေးကိုတော့ ဓားပြတွေနဲ့ ငွေးကြေးရေ ညှိနှိုင်းမှုတွေကို ရုံးချုပ်က လုပ်နေပါတယ်။ သူတို့ ဘယ်တော့ ဘယ်ရက် လွတ်လာနိုင်မယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူးခင်ဗျ။ အခုဟာက ညှိနှိုင်းဆဲ၊ အဆင်မပြေသေးတဲ့ ကာလမို့ပါ” ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။


မြန်မာသင်္ဘောသားများ ပါရှိသော လိုက်ဘေးရီးယား MV.Panama ကုန်တင်သင်္ဘောကို ၂ဝ၁ဝ ဒီဇင်ဘာ ၁ဝ ရက်နေ့ကတည်းက ဓားပြများက ဓားစာခံပြုလုပ်ကာ ဖမ်းဆီး ထားခဲ့သည်။

လွတ်မြောက်ရက်ကို မခန့်မှန်းနိုင်သေးသလို ဓားပြများ၏ လက်ထဲတွင် လပေါင်းများစွာ နေထိုင်နေရသည့် သင်္ဘောသားများ၏ စားဝတ်နေရေး၊ မိသားစုနှင့် အဆက်အသွယ်၊ ကျန်းမာရေးအခြေအနေများကို မဇ္ဈိမက မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။ သို့သော် သင်္ဘောသားများ၏ ရသင့်ငွေလစာကိုမူ ကျန်ရှိသည့် မိသားစုထံ လစဉ်ထုတ်ပေးသည်ဟု ဆိုသည်။

MV. Panama ကုန်တင်သင်္ဘောသည် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် တန်ဇန်နီးယားနိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာသို့ အသွားလမ်း၌ ဆိုမာလီ ဓားပြများ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သင်္ဘောသားများ၏ အသက်အန္တရယ် မစိုးရိမ်ရသော်လည်း ဓားပြများလက်ထဲ၌ အချိန်ကာလ ကြာမြင့်စွာ
နေထိုင်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်တတ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း Myanmar Overseas Seafarers Association (MOSA) တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးမင်းဇော်က မဇ္ဈိမကို ပြောသည်။

“အခုဟာက ငွေကြေးညှိနှိုင်းမှု အဆင်မပြေသေးလို့ လွတ်မလာသေးတာပါ။ ဆိုမာလီတွေက ငွေရဖို့အတွက် Game ကစားနေတာပါ။ အသက်ကို ရန်ရှာတာ နည်းပါတယ်။ ဓားပြတွေလက်ထဲမှာ စားဝတ်နေရေး အခက်အခဲတွေ၊
ကြောက်လန့်နေရမှုတွေကြောင့် စိတ်ဓာတ် မကြံ့ခိုင်မှုတွေ ဖြစ်တတ်ကြပါတယ်။ ဒါကတော့ အဖမ်းခံရတဲ့ သင်္ဘောသားတိုင်းလိုပါပဲ” ဟု သူက ဆိုသည်။

ကမ္ဘာ့ အရှေ့နှင့် အနောက် ရေကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရာတွင် စရိတ်အကုန်အကျ သက်သာသလို အမြန်ဆုံး ရောက်ရှိနိုင်သည့် အရှေ့အာဖရိကတိုက် ဆိုမာလီနှင့် ယီမင်အကြားရှိ Aden ပင်လယ်ကွေ့မှတဆင့် အီဂျစ် စူးအက်တူးမြောင်းကို ဖြတ်သန်း၍ သယ်ယူပို့ဆောင်ကြသည်။ ဆိုမာလီ ဓားပြများသည်လည်း ထိုလမ်းကြောင်းတွင် လုယက်စီးနင်းမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

မြန်မာသင်္ဘောသားများအနေဖြင့် ယင်းလမ်းကြောင်းကို ရှောင်ရှားလိုသော်လည်း အလုပ်အကိုင် ရှားပါးမှုနှင့် စီးပွားရေး မပြေလည်မှုများအရ ရွေးချယ်စရလမ်း မရှိဟု ဦးမင်းဇော်က ပြောသည်။

“ကျနော်တို့ မြန်မာသင်္ဘောသားတွေလည်း အဲဒီလမ်းကြောင်းကို မလိုက်လိုကြပါဘူး။ ဒါပေမဲ့ ငြင်းလို့မရဘူး။ အဲဒီလမ်းကြောင်းကို မလိုက်ဘူးဆိုရင် ထမင်းငတ်သွားမှာပေါ့။ မလိုက်ချင်တဲ့လူ မလိုက်နဲ့၊ လိုက်ရင်လည်း
ရွေးချယ်ပိုင်ခွင့် မရှိဘူး” ဟု သူက ပြောသည်။

ယခုအခါ ဆိုမာလီလမ်းကြောင်းတွင် ပြေးဆွဲနေသည့် သင်္ဘောတစီးလျှင် လက်နက်အပြည့်စုံပါသည့် လုံခြုံရေး ၄ ဦးစီ လိုက်ပါတာဝန်ထမ်းဆောင်သဖြင့် လုံခြုံမှုပိုရလာသည်ဟု သူက ဆက်ပြောသည်။

၂ဝ၁၁ ဧပြီ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံသား ၃ ဦးပါ စင်္ကာပူအခြေစိုက် Glory Ship Management ပိုင် MV GEMINI ကိုလည်း ဆိုမာလီများကပင် ဓားစာခံအဖြစ် ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကာ၊ ဓားပြများနှင့် စင်္ကာပူ ကုမ္ပဏီအကြား ညှိနှိုင်းဆဲဖြစ်သည်။ ယင်းသင်္ဘောပေါ်တွင် မြန်မာ ၃ ဦးအပြင် အင်ဒိုနီးရှား ၁၃ ဦး၊ တရုတ် ၅ ဦး၊ တောင်ကိုရီးယား ၄ ဦး ပါဝင်သည်။
Ref: Mizzima

0 comments:

အပေါ်သို့