June 24, 2011
အောင်လွှမ်းမိုး
မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတင်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”
ဆလိုင်းတင်မောင်ဦး
ကမ္ဘာ့ ဘယ်နိုင်ငံ ဘယ်ပြည်သူ ဘယ်လူမျိုးမှာမဆို ကမ္ဘာပေါ်မှာ တည် ရှိနေသရွေ့ မမေ့ကောင်း မမေ့အပ်ဘူးလို့ သူတို့ကိုယ်တိုင် ကျေကျေ နပ်နပ်နဲ့ တညီတညွတ်တည်း သတ်မှတ်ထားကြတဲ့ နေ့ထူးတွေရှိတယ်။ ဥပမာ လွတ်လပ်ရေးနေ့ အမျိုးသာနေ့ စသဖြင့်။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အဲသလိုနေ့ထူးတွေရှိ တယ်။ အဲဒီထဲမှာ အမျိုးသားအောင်ပွဲနေ့၊ တော်လှန်ရေးနေ့၊ ပြည်ထောင် စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့တွေကတော့ သူတို့နဲ့ အတူတွဲနေ တဲ့ ပြည့်ဝနက်ရှိုင်းတဲ့ သမိုင်းအဓိပ္ပါယ် တွေကြောင့် ပေါ်လွင်ထင်ရှား လူသိများတယ်။
ဦးနေဝင်းက သူအာဏာသိမ်းခဲ့တဲ့ မတ်လ (၂) ရက်နေ့ကို တောင်သူ လယ်သမားနေ့ဆိုပြီး သတ်မှတ်ခဲ့ပေမယ့် ရည်ရွယ်ချက်က ရိုးဖြောင့်မှန် ကန်ခြင်း မရှိတဲ့အတွက် အဲဒီနေ့ကို တောင်သူလယ်သမားနေ့ အဖြစ် တောင်သူလယ်သမားကြီးတွေ ကိုယ်တိုင် မပြောနဲ့ သူထူထောင်ခဲ့တဲ့ မဆလ ပါတီဝင် အများစုကတောင် မသိ ကြသေးဘူး။ ပြည်သူလူထု အများစုကြီးကတော့ ဝေးစွ ခြောက်ပါပဲ။
ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ဒီဘက်ပိုင်းမှာ လူထုခေါင်းဆောင်တွေက မြန်မာပြည်သူတွေ မမေ့ကောင်း မမေ့အပ်တဲ့ နေ့ အဖြစ် အသစ်ထပ်မံ သတ်မှတ်ခဲ့ကြတဲ့ နေ့ထူးတွေ ပေါ်ထွက်လာခဲ့တယ်။ (မဆလ) လုံထိန်းတွေ လက်ချက်နဲ့ စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် ကျဆုံးတဲ့ မတ်လ (၁၃) ရက်နေ့ကို မြန်မာနိုင်ငံလူအခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ် တာ စသဖြင့် ဖြစ်တယ်။
အဲဒီ နေ့ထူးသတ်မှတ်မှု အသစ်တွေဟာ သူတို့ရဲ့ရင်ထဲမှာ “အောင်းပူ” ဖြစ်နေတဲ့ ဆန္ဒတွေကို အပြည့်အဝ ထင်ဟပ် ကိုယ်စားပြုမှု ရှိတဲ့အတွက် မြန်မာပြည်သူတရပ်လုံးက လှိုက်လှိုက်လှဲလှဲ လက်ခံအသိအမှတ်ပြုခဲ့ကြတယ်။ ဒါကြောင့် လူထုခေါင်းဆောင် တွေ ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို မမေ့မလျော့ လုပ်ခဲ့ကြတယ်လို့ ဆိုရမယ်။
အခုလည်း မြန်မာပြည်သူတွေအတွက် အထူးသဖြင့် မြန်မာနိုင်ငံရေးလောကအတွက် အထိမ်းအမှတ်နေ့ တနေ့ကို မ ဖြစ်မနေ သတ်မှတ်ဖို့ လိုအပ်နေပါပြီ၊ အဲဒီနေ့ကတော့ “မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများနေ့” ပါပဲ။ ဘာကြောင့် “မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများနေ့” သတ်မှတ်သင့်ပါသလဲ။
လူထုထောက်ခံမှုမရှိတဲ့ အမျိုးသားညီလာခံ၊ လူထုထောက်ခံမှုမရှိတဲ့ (၂ဝဝ၈) အခြေခံဥပဒေ၊ လူထုထောက်ခံမှုမရှိတဲ့ (၂ဝ၁ဝ) ရွေးကောက်ပွဲတို့ရဲ့ ပေါင်းစည်းထုတ်ကုန် တခုဖြစ်တဲ့ လူထုထောက်ခံမှုမရှိတဲ့ အရေခွံလဲ ကြံ့ဖွံ့ စစ်အစိုးရက ကုလသမဂ္ဂ အပါ အဝင် မြန်မာပြည်သူ တရပ်လုံးကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးကိုယ်ပါ ဆန့်ကျင်ဖီဆန် အာခံပြီး မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာမရှိတဲ့ ပုံမျိုးဖမ်းနိုင်ဖို့အတွက် “မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားမရှိဘူး” လို့ ငယ်သံပါအောင် အော်ဟစ် နေတဲ့ အခုလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်မှာနိုင်ငံရေး အ ကျဉ်းသားတွေ အမှန်တကယ်ပဲ ရှိနေ တယ်ဆိုတဲ့ ပကတိအရှိတရားတခုကို တရားဝင်ရဲရဲရင့်ရင့် ထုတ်ဖော်ဖို့အတွက် ထူးခြားတဲ့ နေ့တနေ့ကို “မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ကြေညာခြင်းသာလျှင် အ ကောင်း ဆုံးနည်းလမ်း ဖြစ်တယ်လို့ ယူဆတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများနေ့ ဘာကြောင့်ရှိသင့်သလဲ။ ရှင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ မြန် မာပြည်သူတွေ မမေ့ကောင်း မမေ့အပ်တဲ့ ဂုဏ်ပြု ဦးညွှတ်သင့်တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ကျေးဇူးကို အမြဲအောက်မေ့ ဆင်ခြင်မိကြစေဖို့ သူတို့အတွက် အမှတ်တရ နေ့တနေ့ သတ်သတ်မှတ်မှတ်ရှိဖို့လိုအပ်လို့ပါပဲ။ တ ကယ်တော့ မြန်မာပြည် ခေတ်အဆက်ဆက်မှာ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား မှန်သမျှဟာ မတူညီတဲ့ ယုံကြည်ချက်အသီးသီးကို ဘယ်လိုပဲ ကိုင်စွဲခဲ့ ကိုင်စွဲခဲ့ မိမိရဲ့ယုံကြည်မှုအတွက် မတရားမှုကို ခေါင်းငုံ့မခံ အာခံဖီဆန် ခဲ့ကြတဲ့သူတွေ အများအကျိုးအတွက် ကိုယ်ကျိုး ကို စွန့်ရုံသာမက ဘဝတွေ အသက်တွေကိုပါ စတေးပြီး တော်လှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ မတရားမှုကို ခေါင်းငုံ့မခံတတ်ကြတဲ့ စိတ်ဓာတ်နဲ့ အများအ ကျိုးကို သယ်ပိုးလိုတဲ့ စိတ်ဓာတ်တွေရဲ့ အကျိုးဆက်အဖြစ် အကျဉ်း ထောင်တွေထဲ ရောက်သွားကြတဲ့ အခါမှာလည်း သူတို့ဟာ မတရားမှုကို ဆက်လက်ဖီဆန် အာခံဆန့်ကျင်ကြတယ်။ အများ အကျိုး အတွက် တိုင်းပြည်နဲ့ လူမျိုးရဲ့အ ကျိုးအတွက် ဆက်လက်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ကြတယ်။ ဒီလို လုပ်တဲ့ အတွက် အာဏာပိုင်တွေက သူတို့ကို ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းကြတယ်။ ဒါပေမယ့် သူတို့ ဟာ မတရားမှု ရှေ့မှောက်မှာ ဒူးမထောက် အရှုံးမပေးကြဘူး ။ တချို့ဆိုရင် အသက်ကိုတောင် စွန့်လွှတ်သွားကြရတယ်။
ပြောရရင် ထောင်ဆိုတာ လူသားတွေ ဘဝမကူးဘဲရောက်နေတဲ့ လောကငရဲဘဲ။ မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ် ဖဆပလ ခေတ်အကျဉ်းထောင်တွေထဲက လူ့ငရဲထက် (၆၂) ခုနှစ် နောက်ပိုင်း စစ်အာဏာရှင်ခေတ် အကျဉ်းထောင် တွေထဲက လူ့ငရဲက အများကြီးပိုဆိုးတယ်။ (နအဖ) စစ်အစိုးရခေတ်၊ ကြံ့ဖွံ့စစ်အစိုးရခေတ် လူ့ငရဲတွေကတော့ အဆိုး တကာ့ အဆိုးဆုံးပဲ။ အဲဒီ အဆိုးဆုံး လူ့ငရဲထဲမှာမှ သီးသန့်ရွေးချယ် နှိပ်ကွပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်ဟာ မှန်းဆ တွေးတောကြည့်ရုံနဲ့တောင် ဦးညွတ်အလေးပြုသင့်တဲ့ အရာပါ။
အထူးသဖြင့် ခေတ်အဆက်ဆက် မိမိတို့ရဲ့တန်ဖိုးရှိတဲ့ဘဝတွေကို ပေးဆပ်ရင်း ကာယိကဒုက္ခ၊ စေတသိကဒုက္ခပေါင်း စုံကို ခံစား နေရပေမဲ့ မတရားမှုထံ အညံ့မခံ၊ အလံမလှဲဘဲ၊ ရဲရဲရင့်ရင့် ဆက်လက်တိုက်ပွဲဝင်ရင်း၊ ကျန်အဖိနှိပ်ခံ ပြည် သူတွေအတွက် မီးရှူး တန်းဆောင်သဖွယ် မားမားမက်မက်ရပ်တည်ခဲ့သူတွေ၊ ရပ်တည်နေသူတွေရဲ့ ဂုဏ်ကျေးဇူးကို အမြဲတသ ဆင်ခြင်အောက်မေ့ မိစေမယ့် နေ့တနေ့ ရှိသင့်တယ်ဆိုတာ အငြင်းပွားစရာမလိုတဲ့ အချက်ပါ။ အထူးသဖြင့် ဒီကနေ့လို ဖိနှိပ်မှုအပြင်းထန်ဆုံး ကာလ မှာ သူတို့အတွက် ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် “မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများနေ့” ဆိုတာကို မဖြစ်မနေ သတ်မှတ် သင့်ပါပြီ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများနေ့ ရှိသင့်တယ်ဆိုရင် ဘယ်နေ့ကို သတ်မှတ်ကြမလဲ။ ဘယ်နေ့ကို သတ်မှတ် သင့်ပါ သလဲ။ အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ဖို့ စဉ်းစားကြတုန်းက သီပေါမင်းပါတော်မူတဲ့နေ့၊ ဆရာတော် ဦးဥတ္တမ အဖမ်းခံရတဲ့နေ့ စသဖြင့် အဆိုတင်သွင်းမှု အမျိုးမျိုးရှိခဲ့တယ်။ နောက်ဆုံးမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ပြီး သပိတ်မှောက်ထွက်လာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့ကို အများသဘောတူ သတ်မှတ် လိုက် ကြတယ်။ အဲဒီနေ့ဟာ ကျန်အဆိုပြုတဲ့ နေ့တွေထက် နိုင်ငံရေးအဓိပ္ပါယ် ပိုမိုနက် ရှိုင်းပြည့်ဝတဲ့အတွက် နောက်ပိုင်းမှာလည်း ဆန့်ကျင် ကန့်ကွက်သူ မရှိဘဲ ပြည်သူတရပ်လုံး ညီညီညွတ်ညွတ်နဲ့ အသိ အမှတ်ပြု လက်ခံကျင်းပလာခဲ့တာ အခု နှစ်ပေါင်း (၉ဝ) ကျော်ရှိလာတဲ့ အထိပဲ။
နိုင်ငံရေးအကျဉ်းသားများနေ့ဟာလည်း အဲသလိုမျိုးပဲ ဖြစ်သင့်တယ်။ နိုင်ငံရေးအဓိပ္ပါယ် အနက်ရှိုင်း အပြည့်ဝဆုံးနေ့ သာလျှင် အဲဒီနေ့ ဖြစ်ဖို့ ထိုက်တန်မှာ ဖြစ်တယ် ။ နိုင်ငံရေးအဓိပ္ပါယ် ပြည့်ဝနက်ရှိုင်းမှုဆိုတဲ့ ဝေါဟာရကို နိုင်ငံရေး အကျဉ်းသားများနေ့ ဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်ပြီး အသေးစိတ်ဖွင့်ဆိုမယ်ဆိုရင် အဲဒီဝေါဟာရမှာ အခြေခံအင်္ဂါရပ်ကြီး နှစ်ခုပါဝင်သင့်တယ်လို့ ယူဆ တယ်။ အဲဒါတွေကတော့ ဖိနှိပ်သူ အစိုးရရဲ့ ကောက်ကျစ် ယုတ်မာ ရက်စက်ကြမ်းကြုတ် မှုနဲ့ အဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသားရဲ့ ဒူးမထောက် ဦးမညွှတ် အာခံ ဖီဆန်မှုတို့ ဖြစ်တယ်။ အဲဒီ အင်္ဂါရပ်နှစ်ခုစလုံးကို တချိန်တည်း တပြိုင်တည်းမှာ မြင်တွေ့နိုင်တဲ့ နေ့ ဟာ နိုင်ငံရေး အကျဉ်းသားများနေ့ ဖြစ်သင့်တယ်။
မိမိကတော့ အဲဒီအင်္ဂါရပ်နှစ်ခုစလုံးနဲ့ ပြည့်စုံတဲ့နေ့ဟာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးအ သတ်ခံရပြီး ဇွန်လ (၂၆) ရက်နေ့ကလွဲပြီး တခြားနေ့မရှိဘူးလို့ ယုံကြည်တယ်။
ချင်းလူမျိုးတဦးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဟာ (၁၉၅၁) မှာ မွေးဖွားခဲ့သူ ဖြစ်တယ်။ တရားဝင်မှတ်တမ်းများအရ သူ့ရဲ့ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုဟာ (၁၉၆၉) ကျွန်းဆွယ် အရေးအခင်းမှာ ဖြစ်တာကြောင့် သူ့အသက် (၁၈) နှစ် အရွယ်မှာဖြစ်တယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ သူဟာ နိုင်ငံရေးလှိုင်းတံပိုးတွေ ငြိမ်သက်နေတယ်လို့ ပြောရ မယ့် ကာလမျိုး အင်မတန်ငယ်သေးတဲ့ အသက်အရွယ်မှာတောင် မတရားမှုကို အာခံဖီဆန်ဖို့ တာဝန်ရှိမှန်း သိခဲ့သူဖြစ် ပြီး အာခံဖီဆန်ရဲခဲ့သူလည်း ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ပဲ။
နောက်ပိုင်းမှာသူဟာ အလုပ်သမားအရေးအခင်း(၁၉၇၄-ဇွန်)၊ ဦးသန့်အရေးအခင်း (၁၉၇၄-ဒီဇင်ဘာ) ဇွန် သို့မဟုတ် ရွှေတိဂုံ အရေးအခင်းလို့ သိကြတဲ့ အလုပ်သမားသပိတ် နှစ်ပတ်လည်အရေးအခင်း (၁၉၇၅-ဇွန်)၊ မှိုင်းရာပြည့် အရေး အခင်း (၁၉၇၆-မတ်) တွေမှာ ဦးဆောင်အခန်းကဏ္ဍက ဆက်တိုက်ပါဝင်ဆင်နွှဲခဲ့တယ်။ ဒီကာလအတွင်း စစ်အာဏာ ရှင်တို့ရဲ့ဖမ်းဆီး မခံရအောင် ရှောင်တိမ်းရင်း နည်းသဏ္ဍာန် အမျိုးမျိုးနဲ့ တိုက်ပွဲကို ဆက်လက်ဆင်နွှဲခဲ့တယ်။
ဒီအချက်ကို ကြည့်ရင် ဆလိုင်းတင်မောင်ဦးဟာ တပွဲတိုး ပွဲပြီးမီးသေသမား မဟုတ်ဘူး။ ရေတက် ငါးစင်ရိုင်း မဟုတ် ဘူး။ အများ ယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူမဟုတ်ဘူး။ ကောက်ရိုးမီး မဟုတ်ဘူး။ စစ်အာ ဏာရှင် စနစ်ချုပ်ငြိမ်း ရေးအတွက် ဇွဲနဘဲကြီးစွာ သတ္တိပြာင်မြောက်စွာ ကြိုးပမ်းခဲ့သူ တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်တယ် ဆိုတာ ထင်ရှားတယ်။
လူထုထောက်ခံမှု (၉ဝ.၁၉%) ရရှိခဲ့တယ်ဆိုတဲ့ (၁၉၇၄) အခြေခံဥပဒေဆိုတာကြီးနဲ့ ပြည်တွင်းပြည်ပကို လှည့်စားဖို့ ကြိုးစား နေတဲ့ မဆလ ပါတီဥက္ကဌကြီး ဦးနေဝင်းဟာ ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်ပြောင်မြောက်တဲ့ လုပ်ရပ်တွေ ကြောင့် အထိအနာကြီး နာခဲ့ရတယ်။ ကျောင်းသားတွေအပေါ် အငြိုးအာဃာတကြီးမားလှတဲ့ ဦးနေဝင်းဟာ ဆလိုင်း တင်မောင်ဦးကို ဖမ်းဆီးနိုင်ဖို့ သည်းကြီး မည်းကြီး ကြိုးပမ်းခဲ့တယ်။ သူ့အပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်ထက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုသာ ဦးစားပေး ခေါင်းထဲထည့်ထားတဲ့ ဆလိုင်းတင်မောင်ဦးဟာ နောက်ဆုံးတော့ အဖမ်းခံသွားခဲ့ရတယ်။ ကျောင်းသားတရပ်လုံး အပေါ် အငြိုးအတေးကြီးလှတဲ့ ဦးနေဝင်းဟာ မိမိရဲ့ တူအရွယ် သား အရွယ် ထက်တောင်ငယ်သေးတဲ့ (အဲဒီတုန်းက ဆလိုင်း တင်မောင်ဦးရဲ့ အသက်က (၂၅) နှစ်ပဲ ရှိပါတယ်) ကျောင်း သားကလေးကို ရသင့်ရထိုက်တဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေး ဘာတခုမှ မပေးဘဲ အကျဉ်းနည်းနဲ့ စစ်ဆေးပြီး သေဒဏ်ချမှတ်ခဲ့တယ်။ အယူခံတင်ပြီး ဒူးထောက်အညံ့ခံခိုင်းခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက “စစ်ဖိနပ်အောက် ဒူးထောက်မခံဘူး”ဆိုပြီး ငြင်းဆန်တဲ့အခါ ကြားရသူ အပေါင်း အံ့သြသွားရ လောက် အောင် တကယ်ပဲ ရက်ရက်စက် စက်ကြိုးပေးသတ်ဖြတ်ခဲ့တယ်။ တနည်းအားဖြင့် သူ့ကို ဖီဆန်အာခံတဲ့ သူ အားလုံးကို ဒီလုပ်ရပ် နဲ့ အာဏာရှင်ကြီး ဦးနေဝင်းက စစ်ကြေညာလိုက်တာ ဖြစ်တယ်။ ပြောရရင် မိမိတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးများကို လိုလားတောင့်တ နေကြတဲ့ မြန်မာပြည်သူတရပ်လုံးနဲ့ ကမ္ဘာ့ဒီမိုကရေစီ ဘက်တော်သားအားလုံးကို စစ်ကြေညာလိုက်တာ ဖြစ် တယ်။
အဲဒီတော့ အဲဒီဖြစ်ရပ်နဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသမားနေ့ကို ဆက်စပ်ပြီး သုံးသပ်ကြည့်ရအောင်။
ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး လူငယ်ကျောင်းသားတယောက် ဖြစ်တယ်။ ဒါပေမယ့် သူဟာ တိုတောင်းတဲ့ သူ့ရဲ့ ဘဝ တာကာလအတွင်း ချင်းလူမျိုးများ အရေးသက်သက်၊ လူငယ်အရေးသက်သက်၊ ကျောင်းသားအရေးသက် သက်အတွက် မလုပ်ဘဲ မြန်မာပြည်သူ တရပ်လုံး ငတ်မွတ်တောင့်တနေကြတဲ့ လူအခွင့်အရေး ဒီမိုကရေစီရေး ငြိမ်း ချမ်းရေးတို့အတွက် တိုက်ပွဲ ဝင်သွားခဲ့သူ ဖြစ်တယ်။ ဒီတချက်က သူဟာ အမျိုးသားရေး သင်္ကေတတခုဖြစ်တယ် ဆို တာကို ပြသနေတယ်။ နောက်တခုက သူဟာ အင်မတန်ငယ်သေးတဲ့ အရွယ်ကတည်းကစလို့ မတရားမှုကို အာဏာ ဆန့်ကျင်ခဲ့သူ ဖြစ်တယ်။ ဒီအချက်က သူဟာ မတရားမှုကို ခေါင်းငုံ့မခံခြင်းရဲ့ သင်္ကေတတခုဖြစ်တယ် ဆိုတာကို ပြ သနေတယ်။
နောက်တခုက သူဟာ အာဏာရှင်ဆန့်ကျင်ရေး အဓိကတိုက်ပွဲ အဆက်ဆက်မှာ ဦးဆောင်ပါဝင်ခဲ့တယ်။ ဒီအချက်က သူဟာ ပန်းတိုင်ဆီအရောက် ချီတက်ဖို့ ပြည်သူတွေမှာ မရှိမဖြစ်ရှိရမှာ ဖြစ်တဲ့ ဇွဲလုံလ ဝီရိယရဲ့ သင်္ကေတ တခု ဖြစ် တယ်ဆိုတာကို ပြသနေတယ်။ နောက်တခုက သူဟာ သေဒဏ်ကို အယူခံမဝင်ခဲ့ဘူး။ ဒီအချက်က သူဟာ အသက်ဟူ သော အကြောင်းတရား အတွက် ယုံကြည်ချက်ကို မစွန့်လွှတ်တဲ့ စာမရီ ငှက်စိတ်ဓာတ်ရဲ့ သင်္ကေတဖြစ်တယ် ဆိုတာ ကို ပြသနေတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ယုံကြည်ချက်အတွက် မိမိတို့ရဲ့ဘဝတွေကို စွှန့်လွှတ်စတေးခဲ့ကြတဲ့ စွှန့်လွှတ်စတေးနေကြတဲ့ မြန်မာ နိုင်ငံရေးအကျဉ်းသားတွေဟာ အဖိနှိပ်ခံဘဝက လွတ်မြောက်လိုတဲ့ မြန်မာပြည်သူတရပ်လုံး အတွက် ဂုဏ်ပြုထိုက်သူတွေ စံပြုထိုက်သူတွေဖြစ်သလို အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့အသက် နဲ့ ဘဝကို ပိုင်းပြက်ချက်ရှိရှိ စွှန့်လွှတ်စတေးခဲ့မှု၊ နောက်ဆုံးထွက်သက်အထိ ရန်သူ့ထံ ဒူးမထောက်အညံ့မခံခဲ့တဲ့ ရပ် တည်ချက်နဲ့တိုက်ပွဲဝင် စိတ်ဓာတ် တွေဟာ အဲဒီဂုဏ်ပြုခံ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စံနမူနာလည်းဖြစ်တယ်။ မီးရှူးတန်ဆောင်လည်း ဖြစ်တယ်၊ သင်္ကေတလည်း ဖြစ်ပါတယ်။
အဲဒီသင်္ကေတတွေရဲ့ အစုအပေါင်းဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ဒီကနေ့ ရှည်လျား ကြမ်းတမ်းတဲ့ ဒီမိုကရေစီ ခရီးလမ်းကို ခက်ခဲပင်ပန်းစွာ လျှောက်လှမ်းနေကြရတဲ့ မြန်မာပြည်သူတွေအတွက်ရော နောင်အနာဂတ် မျိုးဆက်သစ် တွေ အတွက်ပါ ကောင်းကင်မှာ ထာဝရထွန်းလင်းတောက်ပနေတဲ့ လမ်းပြ ဓူဝံကြယ် ကြီးပဲ ဖြစ်တယ်။
ဒါကြောင့် အာဏာရှင်စနစ်ရဲ့ အငြိုးအဃာတကြီးမားမှု ကောက်ကျစ်ယုတ်မာရက်စက်ကြမ်းကြုပ်မှု ပြည်သူ့ဆန္ဒကို ဆန့်ကျင် နှိပ်စက်မှုတွေနဲ့ ရဲရင့်တဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ မတရားမှုကို ခေါင်းငုံ့မခံမှု ၊ ဇွဲလုံလ ဝီရိယရှိမှု ၊ ယုံကြည် ချက် ခိုင်မာစွဲမြဲမှုတို့ကို တချိန်တည်း တပြိုင်တည်းတွေ့ခဲ့ကြရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့။ အာဇာနည်ပီသစွာ ကျဆုံးခဲ့ရတဲ့ ဇွန်လ (၂၆) ရက်နေ့မှ တပါး မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့ အဖြစ်သတ်မှတ်သင့်တဲ့ အခြားနေ့ မရှိဘူးလို့ ထင်မြင်ယူဆမိပါတယ်။
စစ်အာဏာရှင်စနစ်ကို ရဲရင့်ပြတ်သားစွာ ဆန့်ကျင်တိုက်ပွဲဝင်ရင်း အာဇာနည်ပီသစွာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အား ဦးညွှတ်အလေးပြုလျက် …
Ref: Naytthit
Friday, June 24, 2011
အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများနေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment