Wednesday, June 22, 2011

မလေးနှင့် မြန်မာကျွန်းမှား၍ ဖမ်းဆီး ပြန်ပို့ခံ ဘင်္ဂလီများ မိခင်နိုင်ငံ အရောက်တွင် ဖမ်းဆီးခံရ

6/22/2011
မောင်အေး

မလေရှား နိုင်ငံသို့ လှေစီးပြီး သွားရောက်၍ မြန်မာနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလီ ၆၀ ဦးကို မြန်မာ အာဏာပိုင်များမှ ယမန်နေ့ ညနေပိုင်းက ဘင်္ဂလာဒေခ်ျ့သို့ ပြန်ပို့ရာ ၃၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။


ဘင်္ဂလာဒေခ်ျ့ သတင်းစာများက အဆိုပါ သတင်းကို အကျယ်တ၀င့်ဖေါ်ပြရာ၌ မြန်မာဘက်က အဆိုပါ ဘင်္ဂလီများအား တရားဝင် လွှဲပြောင်းပေးခြင်း မဟုတ်ဘဲ စက်လှေတစ်စီးဖြင့် မောင်တောမှ တင်ယူလာခဲ့ပြီး တက်ကနက် အမှတ် (၁၂) ဖေါင်တော် အနီးတွင် စက်လှေပေါ်မှ သွန်ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ၆၀ ထဲမှ ၃၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ မှ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂၅ ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တက်ကနက် ဘောင်တော် ဆိပ်ကမ်းမှ မျက်မြင် မြန်မာ ကုန်သည် တစ်ဦးကလည်း အတည်ပြု ပြောကြားပြီး ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးရခြင်းကို ယခုကဲ့သို့ ပြောသည်။

� အဓိကတော့ မြန်မာဘက်က တရားဝင် လွှဲပြောင်းတာ မဟုတ်ဘဲနဲ့ တရားမ၀င် တိတ်တဆိတ် စက်လှေ တစီးနဲ့ တင်ယူလာပြီး ဒီဘက်က ကမ်းလာသွန်တော့ တရားဥပဒေအရ ဒီနိုင်ငံက အာဏာပိုင်တွေက ဖမ်းရမယ့် အနေအထားရှိတယ်။ ပီးရင် သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အစစ် ဟုတ်မဟုတ် စစ်ဆေးရမယ့် တာဝန်လည်း ရှိနေတဲ့ အတွက် ဖမ်းဆီးတာ ဖြစ်ပါတယ်။ ၃၅ ဦးဘဲ မိတယ်။ ၂၅ ဦးက လွှတ်သွားတယ်လို့ သိရပါတယ်� ဟု သူက ပြောသည်။

အဆိုပါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၆၀ ဦးမှာ မတ်လ ၂၁ ရက်နေ့က ဖလောင်းချိတ်ခရိုင် ကောစူးရာ ဆိပ်ကမ်းမှ တဆင့် စက်လှေ တစီးနှင့် မလေးရှားသို့ တရားမ၀င် သွားခဲ့သည် လူပေါင်း ၁၄၆ ဦး အထဲမှ ဖြစ်ပြီး သူတို့ကို လူမှောင်ခိုတင်ပို့သူများမှ စက်လှေ တစ်စီးဖြင့် တင်ယူလာပြီး မြန်မာနိုင်ငံမှ ကျွန်းတကျွန်း အရောက်တွင် မလေးရှားနိုင်ငံသို့ ရောက်ပြီဟု ဆိုကာ အဆိုပါ ကျွန်းတွင် တင်ဆောင် ထားခဲ့သဖြင့် မြန်မာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။

�သူတို့ကို မလေးရှားကို ပို့ပေးမယ်ဆိုပြီး လူမှောင်ခိုဂိုဏ်းက တစ်ယောက်ဆီက တာကာ တစ်သောင်းစီ ယူတယ်။ ပီးရင် စက်လှေနဲ့ တင်ပီး ယူသွားတယ်။ ဧပြီလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ ကျောက်ဖြူ အနီးက နောင်တော်ချေ မြစ် အရောက်မှာ မလေးရှားကို ရောက်ပြီ ဆိုပီး ကျွန်းတကျွန်းပေါ် တင်ထားခဲ့ပြီး စက်လှေက ပြန်မောင်းထွက်သွားခဲ့တယ်။ နောက်တော့ မြန်မာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရ ပါတယ်� ဟု မြန်မာ ကုန်သည်က ပြောသည်။

ဖမ်းဆီးခံရသူ ၁၄၆ ဦးထဲမှ ၆၀ မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားဖြစ်သဖြင့် မြန်မာ အာဏာပိုင်များက ပြန်ပို့ခြင်း ဖြစ်ပြီး ကျန်လူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ ၇၂ ဦးမှာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ မြင်းလွှတ်နှင့် ဥဒေါင်းကျေးရွာများမှ မူဆလင်များ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ လ၀က အရာရှိ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့မှ မလေးသို့ တင်ပို့နေသည့် လူမှောင်ခိုဂိုဏ်များတွင် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် တစ်ချို့ ပါဝင်ပတ်သက်နေပြီး တစ်ခါ တစ်ရံ သူတို့သည် မလေးသို့ သွားလိုသူများထံမှ ပိုက်ဆံယူပြီး စက်လှေ ပေါ်တွင်တင်ကာ ပင်လယ်ထဲတွင် လျောက်ပတ် ခုတ်မောင်းနေပြီး ညဥ့်အချိန်တွင် ကော့ဘဇားမြို့ အနီးရှိ ပင်လယ်ကမ်းခြေတစ်ခုသို့ ဆိပ်ကပ်ကာ ကော့ဘဇားမြို့ကို ထိုးပြပြီး မလေးရှားကို ရောက်ပြီဟု ဆိုကာ တင်ထားပစ်ခဲ့တတ်သည်ဟု သိရသည်။

ကော့ဘဇားမြို့က လူငယ် တစ်ဦးကလည်း � သူတို့က အစပိုင်းက ကော့ဘဇားက မီးရောင်တွေကို မြင်တော့ မလေးရှားလို့ ထင်တာ။ နောက်တော့ လူတွေ ဆိုင်းဘုတ်၊ အဆောက်အဦးတွေကို မြင်တော့ အစပိုင်းမှာ မလေးရှားကလည်း ဘင်္ဂလာဒေခ်ျ့လိုပါဘဲလားဆိုပြီး ထင်နေကြတာတဲ့။ မနက်မိုးလင်းတော့ သူတို့ရောက်နေတဲ့ မြို့က မလေးရှား မဟုတ်ဘဲ ကော့ဘဇားဆိုတာကို သိကြရတယ်တဲ့။ ဒီလို အလိမ်ခံနေကြရတာတွေလည်း အများကြီးပါဘဲ� ဟု ပြောသည်။

ယခု မလေးသို့ သွားရောက်သူ ၁၄၆ ဦးမှာလည်း ထိုကဲ့သို့ အလိမ်ခံခဲ့ကြရသူများ ဖြစ်သည်။ ဖမ်းဆီးခံရသူ ၃၅ ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေပြီး ဥပဒေ အတိုင်းအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
Ref: Narinjara

0 comments:

အပေါ်သို့