Tuesday, June 21, 2011

ဘဝလုံခြုံမှုပေးရန် ချင်းဒုက္ခသည်များ တောင်းဆို

ဆလိုင်း ဟံသာစန်း
ဇွန်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

အိန္ဒိယတွင် ခိုလှုံနေသည့် မိမိတို့၏ ဘဝလုံခြံမှုကို ထိရောက်စွာ ကာကွယ်ပေးပါရန် တနင်္လာနေ့ ကျရောက်သည့် ၆ဝ နှစ်မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နယူးဒေလီရှိ ချင်းဒုက္ခသည် ၂၅၀၀ ကျော်က တောင်းဆို ဆန္ဒပြခဲ့ကြသည်။

နယူးဒေလီရှိ ချင်းဒုက္ခသည်များအပေါ် ဒေသခံ အိန္ဒိယနိုင်ငံသားများက ကျူးလွန်သည့် ပြစ်မှုများကို အိန္ဒိယ အစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အရေးယူရန် ပျက်ကွက်နေသဖြင့် ကာကွယ်ပေးရန် မြို့လယ်ရှိ ပါလီမန်အနီး ဂျန်တားမန်တားအရပ်၌ နေ့လည်ပိုင်းတွင် တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

“နယူးဒေလီမှာ ဘဝလုံခြုံရေးဟာ အဓိက ပြဿနာဖြစ်တယ်။ ချင်းအမျိုးသမီးတွေဟာ ဒေသခံ အိန္ဒိယနိုင်ငံသားတွေရဲ့ မုဒိန်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ နေ့တိုင်းလိုပဲ ကြုံတွေ့နေရတယ်။ အမျိုးသားတွေဆိုရင်လည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတာတွေ ရှိတယ်” ဟု ချင်းဒုက္ခသည်များ ကော်မတီ CRC ဥက္ကဋ္ဌ Salai Ral Kap Tlung က မဇ္ဈိမကို ပြောသည်။


သူက ဆက်ပြီး “UNHCR က ကျနော်တို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ပြဿနာကြုံတိုင်း သူတို့က
ဖြေရှင်းပေးတာမျိုး မဟုတ်ဘဲ ဒါကို လက်ခံ ဆောင်ရွက်ပေးတယ်ဆိုတဲ့ သဘောလောက်ပဲ အပေါ်ယံ လုပ်ပေးတယ်။ ထိထိရောက်ရောက် မလုပ်ပေးဘူး။ ဒါကြောင့် ချင်းဒုက္ခသည်တွေရဲ့ ပြဿနာတွေကို နိုင်ငံတကာ မိသားစုတွေရော အိန္ဒိယပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေသိအောင် ဒီကနေ့ တောင်းဆိုဆန္ဒပြကြတာပါ” ဟု ဆိုသည်။

CRC အနေဖြင့် ပြီးခဲ့သည့် ၃ လ အတွင်း အိန္ဒိယနိုင်ငံသားများက ချင်းဒုက္ခသည်များအပေါ် ကျူးလွန်သည့် အမှုပေါင်း ၁၅ မှု ကို သက်ဆိုင်ရာ ရဲစခန်းများသို့ တင်ပြခဲ့သော်လည်း ယနေ့ထက်ထိ တစုံတရာ အရေးယူမှု မရှိကြောင်း သူက ဆက်ပြောသည်။

နယူးဒေလီ Vikas Puri ရပ်ကွက်ရှိ ဗိုဒဲလားအရပ်တွင် နေထိုင်သူ မမွဲလ်သယ်က “ဈေးသွားတဲ့အခါ သူတို့ အိန္ဒိယတွေက ပခုံးနဲ့ ရင်ဘတ်ကို တိုက်သွားတာမျိုးတွေ ကြုံရတယ်။ အလုပ်သွားတဲ့အခါလည်း ကားပေါ်မှာ မတော်တဆ ထိမိသလိုလို လုပ်တာတွေ မကြာခဏ ကြုံရတယ်။ စားဝတ်နေရေးကလည်း ကျပ်တော့ အလုပ်မလုပ်လို့ မဖြစ်ဘူးလေ။ ကြောက်တဲ့ကြားကပဲ လုပ်နေရတာပဲ” ဟု ပြောသည်။

နယူးဒေလီအခြေစိုက် UNHCR တွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ သောင်း ၁ ထောင်ကျော် ရှိပြီး၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ရပြီးသူ ၄ ထောင်ကျော်ရှိကြောင်း UNHCR စာရင်းများအရ သိရသည်။

ဒုက္ခသည်နေ့ ဆန္ဒပြပွဲသို့ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မရာ၊ ဇို၊ ဗမာ-မီဇိုး၊ မတူပီ စသည့် ချင်းမျိုးနွယ် မိသားစု ၈ ခု စုပေါင်းကျင်းပပြီး ချင်းဒုက္ခသည်ပေါင်း ၂၅၀၀ ကျော် လာရောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ချင်းဒုက္ခသည်များက လူ့အခွင့်အရေး အလိုရှိကြောင်း၊ ခွဲခြားမှုများ နှိပ်စက်မှုများ ရပ်တန့်ပေး၊ အကာအကွယ် လိုအပ်နေသည်၊ ကူညီမည့်လက် လိုအပ်နေသည် စသည့် ကြွေးကြော်သံများ အော်ဟစ်ဆန္ဒပြပြီး၊ ဦးဆောင်သူများက ဒေသခံ အိန္ဒိယတို့၏ ရိုက်နှက်ခံခဲ့ရသည့် ချင်းဒုက္ခသည်များ၏ ဓာတ်ပုံများကို ပြသခဲ့ကြသည်။

၂ဝဝ၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒေသခံအချို့၏ ရိုက်နှက်ခြင်း ခံခဲ့ရသည့် တပ်ကြပ်ကြီးဟောင်း ဦးဟယ်လွယ်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

“အဲဒီတုန်းက ကျနော့် သမီးကို အလုပ်ကို လိုက်ပို့တာ။ ပြန်လာတော့ ပန်းခြံထဲက ဖြတ်လာတုန်း လူ ၂ ယောက်က ပိုက်ဆံတောင်းတယ်။ အဲဒါ မပေးတော့ ကျနော့်ကို ဝိုင်းရိုက်ကြတယ်။ မျက်နှာမှာရော မေးစိမှာပါ ပေါက်ပြဲပြီး ဒဏ်ရာရတယ်။ သွားတွေလည်း ကျိုးကုန်တယ်” ဟု ၆၇ နှစ်အရွယ် Pu Hre Hluan က မဇ္ဈိမကို ပြောသည်။

၂ဝဝ၉ နိုဝင်ဘာတွင် အိန္ဒိယနိုင်ငံသား အမျိုသမီးတဦးမောင်းသည့် ကားဖြင့် အတိုက်ရသဖြင့် ရိုက်ခံရသည့်အမှုနှင့် ကားတိုက်ခံရသည့် အမှုကိုပါ ကားနံပါတ်နှင့်တကွ UNHCR နှင့် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းများကို တိုင်ကြားခဲ့သော်လည်း ယနေ့ထက်ထိ တစုံတရာ အရေးယူအပြစ်ပေးခြင်း မရှိကြောင်း သူက ဆက်ပြောသည်။


ဖလမ်းမျိုးနွယ် မိသားစုအဖွဲ့ Falam Union ဥက္ကဋ္ဌ Pu Run Sum Sin က “အိန္ဒိယမှာနေရတာ လုံးဝ လုံခြုံမှု မရှိပါဘူး။ ဖြစ်လို့တိုင်လိုက်ရင်လည်း ဖြေရှင်းပေးပါ့မယ်နဲ့ပဲ ပြီးသွားတာ များနေပါတယ်။ အင်အားမရှိတဲ့ အမျိုးသမီးတွေကို ရိုက်နှက်တာ၊ မဖွယ်မရာလုပ်တာ၊ မုဒိန်းကျင့်တာတွေ များလွန်းတယ်။ ဒါကြောင့် ကျနော်တို့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ” ဟု ပြောသည်။

ထို့အပြင် UNHCR က ဒုက္ခသည်များကို ပေးအပ်နေသည့် ထောက်ပံ့ကြေးများ ပြီးခဲ့သည့် မတ်လထဲတွင်
ဖြတ်တောက်လိုက်သဖြင့် ချင်းဒုက္ခသည်များ စားဝတ်နေရေး အလွန်အမင်း ခက်ခဲနေသည်ဟု ဆိုသည်။

“စားစရာမရှိတာနဲ့ ဆန်ကွဲတွေ စားရတဲ့အဆင့်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်ကြလို့ ဈေးထဲမှာ စွန့်ပစ်ထားတဲ့ဟာကို လိုက်ကောက်ရတဲ့အဆင့် ရောက်နေပြီ” ဟု သူက ပြောပြသည်။

CRC ဥက္ကဋ္ဌ Salai Ral Kap Tluang ကလည်း “မိသားစုတစုမှာ စားဝတ်နေရေး လုံးဝကို ကျပ်တည်းလာပြီဆိုရင် အရင်ဆုံး ဒုက္ခရောက်တာက အမျိုးသမီးတွေနဲ့ ကလေးတွေပါ။ တချို့အမျိုးသမီးတွေဆို အသက်ရှင် ရပ်တည်ရေးအတွက် မကောင်းတာ လုပ်စားတယ်လို့တောင် သတင်းတွေ ကြားနေရတယ်” ဟု ပြောသည်။

CRC က ချင်းဒုက္ခသည်များ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးရန်၊ ဘဝရပ်တည်ရေး အခြေခံ အထောက်အပံ့များ ပေးအပ်ရန် စသည့်အချက်များအပါအဝင် တောင်းဆိုချက် ၅ ချက်ကို UNHCR၊ အိန္ဒိယအစိုးရနှင့် နိုင်ငံတကာ မိသားစုများကို ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။
Ref: Mizzima

0 comments:

အပေါ်သို့