Wednesday, June 22, 2011

မြစ်ကြီးနားတွင် ဗုံးကွဲ

ရန်ပိုင်
22 June 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းနှင့် ဆက်သွယ်ရေးရုံးတွင် ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရသည်။


မြို့မ အမှတ် ၁ ရဲစခန်း ရှေ့တွင် တည်ဆောက်ထားသည့် ဖျက်သိမ်းထားသော ဆိုင်ခန်းများတွင် ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး နောက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရုံးရှေ့တွင်လည်း ဗုံး ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့သည်ဟု မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

“လူမနေတော့တဲ့ ဆိုင်ခန်းတွေထဲမှာ ပေါက်တာ။ အထိ အခိုက် မရှိဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက် မြစ်ကြီးနားမြို့ အခြေအနေမှာ ဈေးဆိုင်တချို့ ပိတ်ထားပြီး ခြောက်သွေ့နေကြောင်း ၎င်းက ဆက်လက် ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းနှင့် မြို့နယ်မှူး ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပေါက်ကွဲမှု ဟုတ်မှန်ကြောင်း၊ စုံစမ်း အတည်ပြုနေဆဲ ဖြစ်ကြောင်း၊ အသံမိုင်း အဆင့်သာရှိသည့်အတွက် အသေအပျောက် အထိအခိုက် မရှိကြောင်း တာဝန်ရှိသူတဦးက ရှင်းပြသည်။

ယခုဖောက်ခွဲမှုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပေး ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် လူထုကို မထိခိုက်စေဘဲ ရည်ရွယ်ထားသည့် နေရာများတွင်သာ ဖောက်ခွဲခြင်းဖြစ်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို စစ်ရေးဗျူဟာအရ KIA က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် စနေနေ့ထုတ် အစိုးရသတင်းစာတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တား နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်း လုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်း ထားသည့် လျှပ်စစ်တာဝါတိုင်ကို မိုင်းထောင် ဖောက်ခွဲခြင်း၊ လူထုအတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
Ref: Irrawaddy

0 comments:

အပေါ်သို့