Thursday, November 22, 2012

လာမည့် Barcamp Mandalay ပွဲအတွက် ကြိုတင်စည်းဝေးမည်

မြတ်မိုးကျော်(မြစ်မခ)
21 Nov, 2012

Barcamp Mandalay 2013 အတွက် ကြိုတင်အစည်းအဝေးကို မန္တလေးမြို့၊ ရွှေဖြူပလာဇာ(ဒုတိယထပ်)တွင် Organizer များနှင့် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် Barcamp Mandalay ပြုလုပ်ကျင်းပမည့်နေရာနှင့် ရက်တို့အပြင် ပွဲ အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးကို Organizer များသာမကပဲ Barcamp အတွက် အချိန်ပေးနိုင်သော သူများနှင့် အထောက်အပံ့ပေးနိုင်သော သူများအပြင် မီဒီယာသမားများပါ တက်ရောက်နိုင်ကြောင်း သိရှိရသည်။

“ကျွန်နော်တို့ မန္တလေးမြို့မှာ Barcamp လုပ်ခဲ့တာ နှစ်နှစ်ရှိပါပြီ။ ဒါကတော့ တတိယမြောက် Barcamp ပါ။ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးနိုင်ပါတယ်။ လာနားထောင်ရင်းနဲ့ သူတို့ ကြိုက်တဲ့ Topic ကို တက်ပြီးတော့ ဆွေးနွေးလို့ရပါတယ်။ မနှစ်ကတော့ အများဆုံးဆွေးနွေးဖြစ်တာက နည်းပညာပိုင်းတွေနဲ့ ပြောင်းလဲလာတဲ့နိုင်ငံရေးတွေ ပတ်သက် ပြီး အများဆုံး ဆွေးနွေးဖြစ်ပါတယ်” ဟု အဆိုပါ ပွဲဖြစ်မြောက်စေရန် ဆောင်ရွက်နေသူ ကိုပြည့်ဖြိုးမောင်က ပြောသည်။

စတင် ပြုလုပ်သည့် နှစ်တွင် လူဦးနေ ၂၀၀၀ ကျော် တက်ရောက်ပြီး ယမန်နှစ်က Barcamp တက်ရောက်ဆွေးနွေးသူ သုံးထောင်ကျော် ရှိကြောင်း၊ ယခုနှစ်တွင် အနည်းဆုံး ၃၀၀၀ ခန့် မှန်းထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုအတွက် ပြည်ပနိုင်ငံများမှ ပညာရှင်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

ထိုပွဲနှင့် ပတ်သက်၍ မန္တလေးမြို့တွင် နေထိုင်သူ ကိုမင်းအောင်မှ “ဒီလိုပွဲတွေ များများကျင်းပပေးသင့်ပါတယ်။ ဒီပွဲရဲ့ အကျိုး ကျေးဇူးက လူငယ်တွေ တစ်ယောက်နဲ့ တစ်ယောက်ရဲ့အမြင်တွေ သိလာမယ်။ ဗဟုသုတလည်း တိုးတယ်။ ပြီးတော့ လူငယ် တွေအချင်းချင်း ကောင်းတဲ့ နေရာမှာ ပိုမိုထိတွေ့ဆက်ဆံ နိုင်တာပေါ့။ ပြီးတော့ နည်းပညာပိုင်းတွေနဲ့ ပတ်သက်တဲ့ ပြောင်း လဲမှုတွေကိုလည်း သိလာရတယ်” ဟု ပြောသည်။

Barcamp Mandalay ကျင်းပမည့်ရက်ကို ဇန်န၀ါရီ (၂၆)ရက်နှင့် (၂၇)ရက် သတ်မှတ်ထားကြောင်း သိရှိရသည်။ အချိန်နှင့် ပွဲအစီအစဉ်များကိုမူ နိုဝင်ဘာလ (၂၃) ရက်နေ့ အစည်းအဝေးအပြီးတွင် သိရှိရမည်ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့