Wednesday, November 21, 2012

ဂျတ်ခုတ်လုပ်ငန်းများ မတိမ်ကောစေရန် ဂျပန်အကူညီဖြင့် NLD ဆောင်ရွက်မည်

ဝင့်သင်ဇာကျော် (မြစ်မခ)
20 Nov, 2012

ဖားအံမြို့ရှိ ကျေးရွာများတွင် ဂျတ်ခုတ် လုပ်ငန်းများ မတိမ်ကောစေရန်၊ ရိုးရာအထည်များ ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်း ချနိုင်ရေး အတွက် ဂျပန်နိုင်ငံ အကူအညီဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ချုပ်မှ သိရှိရသည်။

“အခုကတော့လေ့လာနေတုန်းပါ။ ဒါပေမယ့် ဂျတ်ခုတ်လုပ်ငန်းတွေလုပ်ကိုင်နေကြတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် လာနိုင်ဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်"ဟု အန်အယ်လ်ဒီပါတီ ဗဟိုအမျိုးသမီးအဖွဲ့ မှ ဒေါ်အေးအေးမာ က ပြောသည်။

အဆိုပါဒေသရှိ ဒုံညှင်းကျေးရွာနှင့် ကပ္ပလီကျေးရွာများသို့ သွားရောက်လေ့လာမူများပြုလုပ်ခဲ့ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် မှ မြန်မာ့ရိုးရာ လုပ်ငန်းဖြစ်သော ဂျတ်ခုတ်လုပ်ငန်းများ တိမ်ကော ပပျောက်မူမရှိစေရန်၊ ဒေသတွင်း အလုပ်လက်မဲ့မရှိစေပဲ အလုပ် ကိုင်အခွင့်ရေးရရှိကာ စားဝတ်နေရေးဖြေရှင်းနိုင်ရန်၊ မြန်မာ့ရိုးရာ အတည်အများကို နိုင်ငံတကာ မှ အသိအမှတ်ပြုလာစေရန် ရည်ရွယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

ဂျပန်နိုင်ငံမှ တာဝန်ရှိကိုယ်စားလှယ်များနှင့် အန်အယ်လ်ဒီအဖွဲ့ချုပ်မှ ဗဟို အမျိုးသမီးတို့ နိုဝင်ဘာလ ၁၃ရက်နေ့၌ တွေ့ဆုံ ခဲ့ကြရာတွင်မြန်မာ့ရိုးရာအထည်များကို ကျယ်ပြန့်စွာရောင်းချနိုင်ရန် ဂျပန်မှ ကူညီမည်ဟု ဆွေးနွေးခဲ့ကြသော်လည်း မည်သို့ ကူညီဆောင်ရွက်သွားကို ဆွေးနွေးခဲ့မူမရှိကြောင်း သိရှိရသည်။

အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေ့စဉ် မြန်မာ့ရိုးရာအ၀တ်အစားများ ၀တ်စားဆင်ယင်ခြင်းကြောင့် လူငယ်၊ လူလတ်များကြားတွင်လည်း ရိုးရာအထည် ပြန်လည်ရေပန်းစားလာခဲ့ကြောင်း အပ်ချုပ်ဆိုင် လုပ်ငန်များထံက သိရှိရသည်။

"အခု ကျွန်မတို့ဆိုင်မှာဆို အသက် (၁၈)နှစ် (၃၀) ၀န်းကျင်းလူငယ်တွေက လုံချည်တွေ ရင်ဖုံးတွေချုပ်ဝတ်လာ ကြတယ်။ အရင်ကလည်းချုပ်တော့ ချုပ်ဝတ်ကြတယ်။ ဒါပေမယ့် ဒီလောက်များခဲ့ဘူး။"ဟု ဒဂုံမြို့သစ် မြောက်ပိုင်း စက်ချုပ်ဆရာ မအေး မြတ်သူက ပြောသည်။

ကမ္ဘာ့လှည့်ခရီးသည်များမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ရိုးရာအ၀တ်အထည်များကို ၀ယ်ယူဝတ်ဆင်ခြင်း၊ အသိ မိတ် ဆွေများသို့ ပြန်လည်လက်ဆောင်ပေးရန် ၀ယ်ယူမူများ၊ အထည်ယက်လုပ်ငန်းများသို့ သွားရောက်လေ့လာမူများလည်းရှိကြောင်း အထည်ယက်လုပ်ငန်းများထံက သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့