Wednesday, November 21, 2012

ဘင်္ဂလားဒေ့(ရှ်) အခြေစိုက် Winrock အဖွဲ့မှ ဆိတ်မွေးမြူရေးဖွံ့ဖြိုးရန် ကူညီပံ့ပိုးမည်

ယမင်း(မြစ်မခ)
20 Nov, 2012


မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပရောဂျက်အဖြစ် ဘင်္ဂလားဒေ့(ရှ်)အခြေစိုက် Winrock အဖွဲ့မှ နည်းပညာ ဆိုင်ရာအထောက်အပံ့များဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။

“ပြည်တွင်းစားသုံးမှုဖူလုံပြီးတော့ ပိုလျှံတဲ့အသားကိုအိတ်စပို့(စ်)သွားလို့ရတယ်လေ။ ဆိတ်မွေးတဲ့ အပိုင်းမှာရင်း နှီးမြုပ်နှံမယ်ဆိုရင် ၃နှစ်လောက်ရင်းလိုက်ရင် မတည်ရင်းနှီးငွေပြန်ရလာနိုင်သလို နိုင်ငံတကာဈေးကွက်ရမဲ့ ကိစ္စလည်း ဖြစ်လို့ ဆိတ်မွေးဖို့ တွန်းအား ပေးချင်တယ်” ဟု မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှဥက္ကဌဦးဝင်းစိန်က ပြောသည်။

အဆိုပါအဖွဲ့သည် ၂၀၁၂ခုနှစ် ဒီဇင်ဘာလပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင်ဆိတ်မွေးမြူခြင်းဆိုင် ရာ ဟောပြောပွဲ များပြုလုပ်ခြင်း၊ ရွေးချယ်ထားသည့်နေရာများသို့ သွားရောက်လေ့လာခြင်း၊ မွေးမြူတောင်သူများနှင့်တွေ့ဆုံခြင်း၊ မွေးမြူရေးဆိုင်ရာ ရက်တို သင်တန်း ပို့ချခြင်းများအား ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံသည် ဆိတ်မွေးမြူရာတွင် အခြားနိုင်ငံများနှင့်နိုင်းယှဉ်ပါကမြေသယံဇာတပေါများစွာရှိခြင်း၊ ဈေးကွက်တွင် လည်း ဆိတ်သားမှာအမဲသားထက်ဈေးပိုရရှိခြင်း၊ တိုးချဲ့မွေးမြူရန် အလားအလာကောင်းများစွာရှိနေခြင်းတို့ ကြောင့် ယခုကဲ့သို့ Winrock အဖွဲ့မှ လာရောက်၍နည်းပညာဆိုင်ရာ အကူအညီပံ့ပိုးခြင်းဖြစ်ကြောင်းကိုလည်း သိရှိရ သည်။

“အသားဈေးထဲမှာ ဆိတ်ဈေးက မြင့်တယ်။ နယ်ပိုင်းတွေဆိုရင်မွေးရတာအဆင်ပြေတယ်။ ရန်ကုန်လို ရာသီဥတု ကျတော့ အပူအအေး မမျှတတော့ဆိတ်ကအရမ်းအေးရင် သွားရော။ အခုလိုသူတို့ဘက်က လယ်သမားနဲ့ကိုယ့်ဘက်က လယ်သမားတွေ Farmer to Framer လာဆွေးနွေးပြီး နည်းပညာတွေဖလှယ်တာဟာ အရမ်းကောင်းပါတယ်” ဟု မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာ သန်းလှက ပြောသည်။

ဘင်္ဂလားဒေ့(ရှ်)အခြေစိုက် Winrock Internatoinal အဖွဲ့မှကျွမ်းကျင်ပညာရှင် ၂ဦးသည် ဒီဇင်ဘာ (၃)ရက်နေ့တွင် လာ ရောက်ကာ သားသတ်ရုံ၊ဆိတ်မွေးမြူရေးခြံများ သို့သွားရောက်လေ့လာကာ ဆိတ်ကုန်သည်၊ အသားဖြန့်ဖြူးရောင်း ချသူများ၊ တစ်ပိုင် တစ်နိုင် ဆိတ်မွေးမြူသူများနှင့်တွေ့ဆုံ၍ အကျိုးဖြစ်ထွန်းကောင်းမွန်သည့်မွေးမြူမှုစနစ်များအား ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဆိတ်မွေးမြူရေးနှင့်ဆိတ်ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သည့် နေရာ၊ ဌာန၊ ကုန်သည်နှင့်တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ဆိတ်မွေးမြူသည့် စနစ်အားသရုပ်ပြသွားမည်ဖြစ် ကြောင်း ကိုလည်း သိရှိရသည်။

ဆိတ်မွေးမြူခြင်းလုပ်ငန်းများကို မြန်မာပြည်အလယ်ပိုင်း(အပူပိုင်း)ဒေသများတွင် အများအပြားမွေးမြူလုပ်ကိုင်ကြပြီး သားငါးဈေး ကွက်တွင်း ဆိတ်သား တစ်ပိသာလျှင် ကျပ် ၁၀၀၀၀(တစ်သောင်း)၀န်းကျင်ဈေးရှိကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့