Tuesday, November 20, 2012

ခြံအမှတ် ၅၄ က သမိုင်းဝင် နိုဝင်ဘာ ၁၉

အေးချမ်းမြေ့
November 19, 2012

သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တဖက်တချက်ပါပြီး “သမ္မတကြီး အိုဘားမားအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏” လို့ ရေးထားတဲ့ ဗီနိုင်းချပ်ကြီးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှစ်ယောက်က ကိုင်မြှောက် လိုက်ချိန်မှာ ဘောင်းဘီတို ဝတ်ထားတဲ့ အမျိုးသမီးငယ် တယောက်က အဲဒီရှေ့မှာ သွားရပ်ပြီး “အမေ … သမီးကို ဓာတ်ပုံအရင်ရိုက်ပေး။ ပြီးရင် အမေ့ကို သမီးရိုက်ပေးမယ်” လို့ ပြောလိုက်ပါတယ်။

ဘောင်းဘီရှည် အနီရောင် ဝတ်ထားတဲ့ အမေဖြစ်သူက သမီးဖြစ်သူကို ဓာတ်ပုံရိုက်ပေးပြီးတဲ့နောက် သူက တခါ ပြန်အရိုက် ခံနေ တာတွေ့ရတယ်။

မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့လို့ ပြောလို့ရမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း အပြင်ဘက်မှာ သတင်းသမားတွေနဲ့ NLD ပါတီဝင် တချို့ အပြင် သမ္မတ အိုဘားမားကို မြင်ဖူးချင်တဲ့ ပရိသတ်တချို့တို့ စုရုံး စောင့်ဆိုင်း နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမား လာရောက်တွေ့ဆုံမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ရိပ်သာ လမ်းထဲကို ဘယ်ကားမှ ဝင်ခွင့်မပေးတော့ဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ ညွှန်ကြားချက်ကြောင့် ခြံဝန်းထဲ ဝင်ခွင့်ရသူ အားလုံး မနက် ၁၀ နာရီအရောက် ခြံရှေ့မှာ စောင့်ဆိုင်း စုရုံးနေကြရပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့်အချိန်က မွန်းလွဲ ၁၂ နာရီ ခွဲ ဖြစ်ပါတယ်။

၁၀ နာရီခွဲလောက်မှာ NLD အလုပ်အမှုဆောင် အဖွဲ့ ရောက်လာပြီး အဲဒီအချိန်မှာပဲ ပြည်တွင်းပြည်ပ သတင်းသမား ၄၀ ကို ၈ ယောက်၊ ၉ ယောက်လောက် တသုတ်စီခွဲလို့ ခြံထဲ ဝင်ခွင့်ပေးပါတယ်။

ခြံထဲရောက်တယ် ဆိုရင်ပဲ အမေရိကန် အိမ်ဖြူတော်က လုံခြုံရေးတွေက သတင်းထောက်တွေကို တန်းစီခိုင်း၊ ပါလာသမျှ အထုပ် တွေအားလုံး အောက်ချခိုင်းပြီး အိတ်တွေထဲမှာ ရှိသမျှ လျှပ်စစ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဆွဲထုတ်ခိုင်း၊ ပြီးတာနဲ့ အဲဒီ အထုပ် တွေနဲ့ ၁ ကိုက်အကွာလောက် နောက်ဆုတ် ရပ်နေခိုင်းပါတယ်။ လူကို စစ်ဆေးရေးပစ္စည်းနဲ့ စစ်ဆေးသလို ပစ္စည်းတွေကိုတော့ အထူးလေ့ကျင့်ထားတဲ့ သူတို့ရဲ့ ခွေးကြီးနဲ့ အနံ့ခံခိုင်းပါတယ်။ စိတ်ကြိုက် စစ်ဆေးပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ဘေး မြက်ခင်းပြင်ရဲ့ တဘက်မှာ ရှိတဲ့ အမိုးဖြူမိုး ယာယီတဲလေးတွေဆီ သွားခိုင်းပါတယ်။

ယာယီတဲ ၃ ခု အနက်က တခုမှာ အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့သား ၃၀ လောက် ထိုင်နေပါတယ်။ ခဏအကြာမှာတော့ ပြည်တွင်းပြည်ပ သတင်းထောက်တွေကို မြက်ခင်းပြင်မှာ စုရုံးခိုင်းပြီး ဒီနေ့အဖို့ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်း ချက်တွေကို အိမ်ဖြူတော်စာနယ်ဇင်းအဖွဲ့ကို ဦးဆောင် လိုက်ပါလာတဲ့ ကီဗင်ဆိုသူက ရှင်းပြပါတယ်။

“မသွားရဘူးလို့ ပြောထားတဲ့ နေရာတွေကို မသွားပါနဲ့။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လာတုန်းက သတင်းထောက် တွေက တခြံလုံးအနှံ့ ဟိုသွားဒီသွားလုပ်လို့ လုံခြုံရေးအဖွဲ့ဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်” လို့ ကီဗင်က ပြောပါတယ်။

အရေးပေါ် အိမ်သာသွားချင်ရင်လည်း သူတို့ကို အသိပေး၊ သူတို့လုံခြုံရေးတွေ လိုက်ပါစောင့်ရှောက်ပေးမယ်လို့ သူက ဆိုပါတယ်။

အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့ထဲမှာ ထူးထူးခြားခြား “စွမ်းထက်” ဆိုတဲ့ အမေရိကန် လူမည်းတယောက် ပါလာတာလည်း တွေ့ရ တယ်။ သူ့နာမည်ကို အိမ်ဖြူတော် ဝန်ထမ်း မြန်မာနိုင်ငံသား တယောက်က ပေးထားတာလို့ ဆိုပါတယ်။

နေက တဖြည်းဖြည်း မြင့်လာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝန်းအတွင်းမှာ အပူရှိန်က တော်တော်လေး မြင့်တက် လာပါပြီ။ ပြည်တွင်းပြည်ပ သတင်းထောက်တွေကော၊ အိမ်ဖြူတော်က သတင်းထောက်တွေပါ ချွေးတပြိုက်ပြိုက် ဖြစ်လာပေမယ့် သမ္မတ အိုဘားမားရဲ့ကား ဝင်လာမယ့် ခြံဝန်းအဝကို မျှော်ကြည့်ရင်း၊ ဓာတ်ပုံကင်မရာနဲ့ ဗီဒီယို ကင်မရာတွေကို အသင့်ပြင်ရင်း နေပူထဲမှာ စောင့်ဆိုင်းနေကြပါတယ်။ ခြံတံခါးကို လုံခြုံရေးယူထားသူတွေက ခဏလေး ဟလိုက်တာနဲ့ ခြံပြင်က တခဲနက် လူအုပ် ကြီးနဲ့အတူ အမေရိကန် အလံ တလူလူ လွင့်နေတာကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။

၁၂ နာရီ ၁၅ မိနစ် ဝန်းကျင်မှာတော့ ခြံတံခါးကို အပြည့်ဖွင့်လိုက်ချိန်မှာ ခြံဝက လူထု လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို “အမေရိ ကန် သမ္မတ အိုဘားမား ကျန်းမာပါစေ” “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့အသံတွေ ကြားလိုက်ရပါတယ်။

“၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး လိုက်နာလေးစားဖို့ ဆောင်ရွက်ပေးပါ” လို့ တောင်းဆို ဟစ်အော်သူ တွေလည်း ရှိတယ် ဆိုတဲ့အကြောင်း ခြံဝန်းအပြင်မှာ စောင့်ကျန်ခဲ့တဲ့ ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က ပြောပြပါတယ်။

ရှေ့ပြေးကား အဖြူ ၂ စီး နောက်မှာ လုံခြုံရေးကားနက်ကြီး တစီးဝင်လာပြီး ဘယ်ဘယ်ကို ချိုးကွေ့သွားတဲ့နောက် သမ္မတအိုဘား မားရဲ့ ကားနက်ကြီးဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းရှေ့မှာ ထိုးရပ်လိုက်တယ်။ ကားပေါ်က သမ္မတအိုဘားမား ဆင်းလာတာနဲ့ တပြိုင်နက် နေအိမ်ထဲကနေ အင်္ကျီအဝါ၊ ခြည်လုံခြည် အနက် ဝတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာ နှုတ်ဆက်ပါတယ်။ အိုဘားမားကို နှုတ်ဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်က အနောက်ကို ကျော်ကြည့်လိုက်ချိန်မှာ ဝမ်းသာအားရ ဖြစ်သွားတဲ့ မျက်နှာနဲ့ ကားနားကို အပြေးကပ်သွားတာ တွေ့လိုက်ရတယ်။

ကားပေါ်ကနေ အဖြူရောင် အင်္ကျီနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဆင်းလာတာပါ။ အမျိုးသမီးနှစ်ဦး အားရပါးရ နှုတ်ဆက် နေတာကို အိုဘားမားက ပြုံးပြီး ကြည့်နေပါတယ်။ ပြီးတာနဲ့ ၃ ဦးသား တယောက်လက် တယောက်ကိုင်ရင်း အိမ်ထဲကို ဝင်သွားကြပါတော့တယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် တယောက် ဖြစ်တာကြောင့် သမ္မတက လာတွေ့တယ်လို့ ထင်ပါတယ်။ အမေရိကန် သမ္မတကို မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ရှင်းပြလိမ့်မယ်လို့ ထင်တယ်။ သမ္မတ အိုဘားမား မြန်မာပြည် လာတာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို လာကြည့်တာပါ။ သူ့ အနေနဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးနိုင်လိမ့်မယ် ထင်ပါတယ်” လို့ အိမ်ဖြူတော် သတင်းအဖွဲ့မှာ ပါလာတဲ့ ဘာရန် ကိုးလ် ဆိုသူက ဧရာဝတီကို ပြောပါတယ်။

ဒါ သူ့ထင်မြင်ချက် သက်သက်သာ ဖြစ်တဲ့အကြောင်း၊ သတင်းထောက် တယောက်အနေနဲ့ ပြောတာ မဟုတ်တဲ့ အကြောင်းလည်း ရှင်းပြပါတယ်။

သတင်းထောက်တွေ အားလုံး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် အိမ်အနောက်ပေါက်ကို ရွှေ့ကြပါ။ မိနစ် ၃၀ အချိန်ရမှာ ဖြစ်တဲ့အတွက် အေးအေးဆေးဆေးပဲ လျှောက်သွားကြပါလို့ ကီဗင် ပြောထားခဲ့တဲ့အတိုင်း အားလုံးပဲ သတ်မှတ် ထားတဲ့ နေရာကို ရွှေ့ပြောင်းကြရပါတယ်။

ရန်ကုန်နေ အပူချိန်က ပိုပြင်းထန်လာပါပြီ။ ပန်းပွင့်တွေနဲ့ ဝေနေတဲ့ နှင်းဆီအိုးတွေ၊ ပိန်းပန်းရောင်စုံ အိုးတွေနဲ့ အလှဆင် ထားတဲ့ သတ်မှတ်နေရာမှာ သတင်းထောက်တွေအားလုံး စုရုံးနေပါတယ်။ သီးသန့် သတ်မှတ်ထားရာ ထိုင်ခုံတွေမှာ အိမ်ဖြူတော် သတင်း အဖွဲ့သားတွေက နေရာယူပြီး ယာယီတဲရှင်အောက်မှာတော့ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ထိုင်နေကြပါတယ်။

သတင်းထောက်တွေကတော့ သူတို့ရဲ့ ကင်မရာတွေကို သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာမယ့် ဘက်ကို အသင့်ချိန်ထားရင်း မိန့်ခွန်းနားထောင်ဖို့ စောင့်ဆိုင်းနေပါပြီ။

အိမ်ထဲမှာ နာရီဝက်လောက် ဆွေးနွေးပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အပြင်ကို အတူ ထွက်လာ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေတဲ့ ပရိသတ်ကို အရင်ဆုံး မိန့်ခွန်းပြောပါတယ်။

“အမေရိကန် နိုင်ငံက မြန်မာပြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အပြင်းအထန် ကူညီထောက်ပံ့ခဲ့တဲ့ နိုင်ငံတခုပါ။ အဲဒီ ထောက်ပံ့ မှုတွေအတွက် ယုံကြည်မှုရှိပါ၊ ဆက်လက်ပြီး ကူညီပါ။ ကျမ ခက်ခဲတယ်ဆိုတဲ့ စကားကို သုံးချင်တယ်။ ဟုတ်တယ်၊ အကူးအပြောင်း ကာလတိုင်းဟာ ခက်ခဲပါတယ်။ ကျမတို့ဟာ အောင်မြင်မှု ဆိုတဲ့နေရာကို မရောက်သေးဘူး ဆိုတာကို သိရမယ်၊ သိပ်သတိထားဖို့ လိုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၃ မိနစ် မိန့်ခွန်းမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အထွေထွေ အောင်မြင်မှုရဖို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေတယ် ဆိုတဲ့အကြောင်း၊ အမေရိကန် အစိုးရနဲ့ တတ်နိုင်သမျှ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားမယ် ဆိုတဲ့အကြောင်း၊ အမေရိကန် သမ္မတနဲ့ ဆွေးနွေးမှုကနေ ရလဒ် ကောင်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း ဆက်လက် ကောင်းမွန်သွား လိမ့် မယ်လို့ ယူဆကြောင်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။ သူ ပြောဖို့ အချိန် ၃ မိနစ်မှာ ပြောခဲ့တာ ၂ မိနစ်ရှိပြီဖြစ်တဲ့အတွက် လာရောက်သူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းကို အဆုံးသတ်ပါတယ်။

သမ္မတ အိုဘားမား အလှည့်မှာတော့ သူက မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မြင်တွေ့ရတဲ့အတွက် ကျေနပ်ကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုလာရတဲ့အတွက် ဝမ်းသာကြောင်း၊ ဒီနေရာမှာ လူတွေ အလုပ်အများကြီး လုပ် နေတာ တွေ့ရတယ်၊ လူသားတွေရဲ့ လွတ်မြောက်မှုအတွက် လှုပ်ရှားရတာဟာ တော်တော်ခက်ခဲတယ် ဆိုတာ ဒေါ်အောင်ဆန်း စုကြည်က ပြသလိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

“ဒီနေ့မှာ ကျနော့်ရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ် တလှမ်းကို လှမ်းလိုက်ပါပြီ” လို့သူက ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်ရတဲ့ အတွက်၊ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို မြင်ရတဲ့အတွက် ဝမ်းသာကြောင်း ပြောရင်း သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်၊ ဒါ့အပြင် အလုပ်သမား အခွင့်အရေးကိစ္စ တွေကိုလည်း အထိုက်အလျောက် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့ ဒီအပြောင်းအလဲတွေအတွက် ဆက်လက် ထောက်ပံ့ကူညီသွားမယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြော ဆိုပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမားက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဘယ်လောက်ဆက်လက် လိုက်နာလုပ်ဆောင်တယ် ဆိုတာကိုတော့ အမေရိကန် အစိုးရက စောင့်ကြည့်ထိန်းညှိ ပေးသွားမယ်၊ သူတို့နှစ်ယောက် ဆွေးနွေးဖြစ်တာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် အရှေ့ကို ရောက်ရေး၊ မြန်မာပြည်သူ ပြည်သားတွေ အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာရေး တို့ပဲဖြစ်တယ်၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ အောင်မြင်မှု ရလာတဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက် ကူညီသွားမယ်လို့ ပြောပါတယ်။

“နောက်တခုက ကျနော့်ရဲ့ ဒီခရီးဟာ နိုင်ငံနှစ်နိုင်ငံအတွက် အသီးသီး အများကြီး အကျိုးပြုနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်” လို့ သမ္မတ အိုဘားမားက ပြောရင်း “ဟီလာရီ ဘယ်မှာလဲ၊ ဟီလာရီ” လို့ တဘက်ကိုကြည့်ရင်း ခေါ်လိုက်ရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သူထိုင်နေရာ ဘယ်ဘက် ယာယီတဲထဲကနေ လက်မြှောက် နှုတ်ဆက်လိုက်တော့ “သြော် ဟိုမှာသူ” လို့ ပြောရင်း ပြုံးပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ ညံသွားပါတော့တယ်။

ကံကောင်းတဲ့ တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ပုံစံသစ် တမျိုးနဲ့ စဉ်းစားဖြစ်အောင် အရေးကြီးတဲ့ အချက် တချက်ကို ပြသလိုက်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။

“ဘယ်နေရာမှာမဆို အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီမိုကရေစီတန်ဖိုးနဲ့ လူ့အခွင့်အရေးကို တန်းတူခံစားနိုင်တယ် ဆိုတဲ့ အသိကို ရလိုက်တာပါပဲ” လို့ ပြောပြီးတဲ့နောက် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်သူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်း သူ့ရဲ့ ၅ မိနစ် မိန့်ခွန်းကို အဆုံးသတ်လိုက်ပါတယ်။

ခြံဝန်း အပြင်ကို ထွက်လိုက်တာနဲ့ လူအုပ်ကြီးက ကြွေးကြော်သံတွေနဲ့ မပြန်သေးတာကို တွေ့လိုက်ရတယ်။ သမ္မတ အိုဘားမားရဲ့ ကားထွက်သွားပြီ ဆိုပေမယ့် ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ အိုဘားမားပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ နေအိမ်ကနေ ထွက်ခွာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေကြတာပါ။

သမ္မတ အိုဘားမားမျက်နှာပုံပါတဲ့ တီရှပ်ကို ဝတ်ထားတဲ့ ပရိသတ်ထဲက နိုင်ငံခြားသား တယောက်ကတော့ “မြန်မာပြည်အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်လာဖို့ပဲ ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့