Wednesday, November 21, 2012

ကျောက်ထုတ်လုပ်ငန်းများကြောင့် လေးမြို့မြစ်ရေ သောက်သုံးနေသည့်ဒေသခံများ အခက်ကြုံတွေ့နေရ

အာရကန်ကိုကို-မောင်တော(မြစ်မခ)
21 Nov, 2012

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်းလေးမြို့ဒေသအတွင်းရှိ လေးမြို့မြစ်ရေ အနီး ဆောက် လုပ်ရေး လုပ်ငန်းသုံးကျောက်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာခြင်းကြောင့် ရေချိုအရင်းအမြစ်များနောက်ကျိ ထိခိုက် ပျက်စီး လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလေးမြို့မြစ်ရေသည် စစ်တွေခရိုင် မြောက်ဦးမြို့နယ်မြောက်ပိုင်းမှရေဝေရေလဲ ဒေသခံတို့ သောက်သုံးရေအဖြစ် အားထားရာ မြစ်ရေတစ်ခုဖြစ်သည်။

အမြင့်ပေ (၅၅၀၀)ကျော်မြင့်သော ချင်းတောင်တန်းမှ မြစ်ချားခံပြီးစစ်တွေမြို့ အနီးရှိ ကုလားတန်မြစ်နှင့် ပေါင်းဆုံကာ ဘင်္ဂလား ပင်လယ်အော်အတွင်းသို့စီးဝင်သည့် မြစ်ရေဖြစ်သည်။

အဆိုပါမြစ်ရေသည် ပလက်ဝမြို့နယ် (ချင်းပြည်နယ်တောင်ပိုင်း)မှရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်မြောင်းဘွေ ဒေသအထိ မိုင်ပေါင်း (၈၀)ကျော်ရေချိုအရင်းအမြစ်များကို သန့်ရှင်းကြည်လင်စွာ ထုတ်ယူသုံးစွဲနိုင်ကြောင်းသိရသည်။

“မင်းမဲ့စရိုက်ဆန်ဆန် စည်းမဲ့ကမ်းမဲ့ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်လာတာကြောင့် ရေဝေရေလဲ ဒေသတွေမှာ ရေက လက်ဖက်ရည် အရောင်ပေါက် စီးဆင်းနေတာကို တွေ့ရပါတယ်။ အခုအချိန်ကတည်းကရေနောက်နေတာ နွေရာသီ ဆိုပိုဆိုး လာမှာပေါဗျာ“ ဟု လေးမြို့ဒေသ လေညင်းတောင်ကျေးရွာမှ ဦးလှမောင်က ရေချိုအရင်းအမြစ်များ ထိခိုက် ပျက်စီးလာ ရခြင်းအားပြောကြားသည်။

သက်ဆိုင်ရာမှ ရေချိုအရင်းအမြစ်ထိခိုက်ပျက်စီးမှုနှင့်မိုးရာသီမြစ်ကမ်းပါးပြိုမှုများမဖြစ်ပေါ်စေရေးအတွက်မြစ်ချောင်း များကမ်းပါး အောက်ခြေများမှ ကျောက်ထုတ်လုပ်ခြင်းများအားနေရာများသတ်မှတ်ကာ တားမြစ်ဆောင်ရွက်ထားပြီ ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း ကျောက်ထုတ်လုပ်ငန်းရှင်အချို့မှာ ကျောက် အလွယ်တကူထုတ်လုပ်မှုများပြားလာရာ မှရေများ နောက်ကျိ ပျက်စီး လာရခြင်းဖြစ်ကြောင်းနှင့်ယင်းကဲ့သို့ထုတ်လုပ်မှုနေမှုများအား တင်းကြပ်စွာ အရေးတယူ တားမြစ်ဆောင်ရွက် သင့်ကြောင်း လေးမြို့ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုလုပ်နေ သူပညာရှင် တစ်ဦးက အကြံပြု တိုက်တွန်းပြောကြားသည်။

ထို့အပြင် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်ငန်းများကြောင့်မိုးရာသီ၌မြစ်ရေစီး ကြောင်းပြောင်းလဲမှုများဖြစ်ပေါ် လာကာ ရေတိုက် စား၍မြစ်ကမ်းပါးများ ပြိုကျမှုများလည်း ဖြစ်ပေါ်လာပြီး၊ မြစ်ကမ်းပါးပြိုကျ မှု နှင့်အတူလယ်ယာ စိုက်ပျိုး မြေများလည်းရေဝပ်ခြင်း တို့ကြောင့် ဆုံးရှုံးမှုများပြားလာသည့်ပြင် မြစ်ကမ်းနားနီးကျေးရွာလူနေ အိမ်များ နှစ်စဉ်ကဲ့သို့ရွှေ့ပြောင်းနေထိုင်ကြရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့