Thursday, November 22, 2012

လယ်သမားအရေး သတင်း သွားယူခဲ့သူ နှစ်ဦး တရားစွဲခံထားရ

ဖနိဒါ
နိုဝင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ်

ဧရာဝတီတိုင်း၊ ကျောင်းကုန်မြို့နယ် လယ်သမားများနှင့် အင်းသူကြီးအရေး သတင်းသွားရောက် ယူပြီး အပြန်တွင် Burma VJ မီဒီယာမှ သတင်းထောက် ကိုမျိုးကျော် (ခေါ်) ညီထွေးနှင့် New Day မီဒီယာမှ အလွတ်သတင်းထောက် မကြည်ငြိမ်းသော် တို့ကို ပန်းတနော် ရဲစခန်းတွင် အင်းသူကြီးက ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ပိုင်နက် ကျူးကျော်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှု၊ အများနှင့် ပူးပေါင်း ကြံစည်မှု ဟူသည့် ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် တရားစွဲသဖြင့် ကိုယ်ပိုင် ခံဝန်ချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု New Day ဂျာနယ်မှ အလွတ် သတင်းထောက် မကြည်ငြိမ်းသော် က ပြောသည်။

“လယ်သမားတွေနဲ့ အင်းသူကြီးတွေနဲ့ ဖြစ်တဲ့ကိစ္စကို သတင်းသွားယူတာ။ မှတ်တမ်း ဓါတ်ပုံတွေ ရိုက်တယ်။ ပြန်အလာမှာ ကျမတို့ကို စခန်းခဏလိုက်ခဲ့ပါ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက စကားပြောချင်တယ်ဆိုလို့ လိုက်သွားတာ။ ည ၅ နာရီခွဲမှာ မေးမြန်းတယ်။ ကျောင်း ကုန်းမှာ ဖြစ်တယ်ဆိုပေမယ့် ပန်းတနော်ကပဲ စစ်တယ်။ ၁၂ နာရီ ဝန်းကျင် မှာ ကျောင်းကုန်းက ရဲတွေ ရောက်လာပြီးတော့ ဒီရဲစခန်းမှာ အင်းပိုင် ဦးမှုံ က အမှုဖွင့်ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် လယ်သမားများ ၅ဝဝ ကျော် မှီတည် လုပ်ကိုင် စားသောက်နေသော ကညွတ်အိုင် အင်းအား အင်းပိုင် ဦးမှုံ က ယင်းတားများဖြင့် တားလိုက်ပြီးနောက် လယ်သမားများက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရေလာ ကောင်းစေရန် ထိုယင်းတားများ ဖယ်ရှားလိုက်ကြသည်။ ထိုသတင်းအား သွားရောက်ယူခဲ့ပြီး အပြန်တွင် ၎င်းတို့ နှစ်ဦးအား ကျောင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီးနောက် ထိုသို့ အင်းပိုင် က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မည်သည့်နေ့ တရားရုံးက ဆင့်ခေါ်မည်ကို မသိရသေးပေ။

ပန်းတနော် ရဲစခန်းမှ တာဝန်ရှိသူများက သတင်းထောက် နှစ်ဦး၏ သတင်းများ၊ ဓါတ်ပုံ မှတ်တမ်းများနှင့် အင်တာဗျူးများကို ကြည့်ရှု စစ်ဆေးခဲ့သော်လည်း သိမ်းယူခြင်း မရှိခဲ့ကြောင်း သိရသည်။

မကြည်ငြိမ်းသော် ကမူ သတင်းထောက်များအား ဝတ္တရားနှောက်ယှက်မှု ဖြစ်စေသည်ဟုဆိုကာ ယင်းတို့ဘက်မှ ပြန်လည် တရားစွဲဆိုသွားမည်ဟု ပြောသည်။

၎င်းတို့ နှစ်ဦးနှင့်အတူ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ဆက်စပ် ဆောင်ရွက်သူများ ကွန်ယက်မှ ဦးသက်ဝေ ကိုလည်း တရားစွဲဆိုထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ တင်ပြရန် မှတ်တမ်း သွားရောက် ရိုက်ကူးစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ဦးသက်ဝေ က ပြောသည်။

“အခြေခံလူတန်းစားတွေ တဝမ်းအခါး ငါးရှာ၊ ဖားရှာနေတဲ့ ရေလုပ်သားတွေနဲ့ ပြေစာ ရှိနေတဲ့ လယ်သမားတွေက ရေငတ် တယ်။ သူတို့ ဆယ်မြောင်းရေ ပြန်ရဖို့ စည်းကမ်းတကျနဲ့ တားထားတဲ့ ယင်းတွေကို ဖျက်ဆီးတာ မဟုတ်ဘူးနော်၊ စနစ်တကျ ဖယ်ရှား ပြီးတော့ ပုံအပ်ခဲ့တာကို အဓိကရုဏ်း လုပ်တယ်ဆိုပြီး ကျနော်တို့ကို တရားစွဲတာ” ဟု ဦးသက်ဝေ က ပြောသည်။

အင်းသူကြီး ဦးမှုံ ၏ ပိုင်နက် ကျူးကျော်မှုဖြင့် စွပ်စွဲခံထားရသည့် သဲခုံရွာမှ လယ်သမား ၅ဝ ဦးအား အင်္ဂါနေ့က
ကျောင်းကုန်း ရဲစခန်းမှ ခေါ်ယူ မေးမြန်းခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ဆိတ်ဖူးနီရွာမှ လယ်သမားသား ၅ဝ ဦးတို့အား ထပ်မံ
မေးမြန်းခဲ့သည်ဟု ဦးသက်ဝေ က မဇ္ဈိမကို ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့