Wednesday, November 21, 2012

ကညွှတ်အိုင်အင်း သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့်တရားစွဲခံနေရကြောင်း သတင်းထောက်များပြော

အောင်ကိုကိုလတ် (မြစ်မခ)
21 Nov, 2012

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသခံအင်းသူအင်းသားများ၊ရေလုပ်သားများနှင့် အင်းသူကြီး တို့အကြား ဖြစ်ပေါ်နေသော ကညွှတ်အိုင်အင်းကိစ္စအား သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့်တရားစွဲခံထား ရကြောင်း သိရှိရသည်။

အဆိုပါ သတင်းထောက် နှစ်ဦးမှာ ဘားမားဗီဂျေမီဒီယာမှ သတင်းရိုက်ကူးသူသတင်းသမား ကိုမျိုးကျော် (ခေါ်) ညီထွေးနှင့် New Day (နေ့သစ်)ဂျာနယ် မှFreelance သတင်းသမား မကြည်ငြိမ်းသော်တို့ဖြစ်ပြီး ကျောင်းကုန်း ရဲတပ်ဖွဲ့စခန်းမှူးမှ အင်းပိုင်ဦးမှုံ၏ အမှုဖွင့်တိုင်တန်းချက်အရ ပုဒ်မ ၄၄၇၊ ၄၂၇၊၃၄ တို့ဖြင့် စွဲဆိုထားခြင်းဖြစ် ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ သတင်းသွားယူတာ အင်းကန်ကိစ္စပါ။ အင်းသူကြီးကအင်းသူ၊အင်းသားတွေရဲ့ လယ်တွေ အင်းတွေကို သိမ်း ထားတယ်။ မြောင်းတွေကိုလည်းပိတ်ထားတယ်လို့ကြားရတယ်၊ အဲဒါနဲ့ သတင်းသွားယူ တာပါ။ အမှုက(၃)မှု နဲ့ပိုင်နက် ကျူးလွန်
မှု၊ လူစုလူဝေးပြုလုပ်မှု ၊စည်းစိမ်ဥစ္စာဖျက်ဆီးမှုဆိုပြီးပြောတယ်၊ "ဟု ဘားမားဗီဂျေမီဒီယာမှ ကိုမျိုးကျော်က ပြောသည်။

ကညွတ်အိုင် အင်းသို့ အင်းသူအင်းသား ၊ ရေလုပ်သား(၁၀၀)၀န်းကျင်နှင့် အတူ၁၉-၁၁-၂၀၁၂ ညနေ ၄း၃၀ နာရီတွင် သွား ရောက် သတင်းယူရာ ကျောင်းကုန်းမြို့နယ်သဲကုန်းရွာ အထွက် ပုသိမ်-ရန်ကုန်ကားလမ်းပေါ် တွင် ကျောင်းကုန်း ရဲစခန်း တာဝန် ရှိသူများမှ ၎င်းတို့နှင့် တစ်ပါတည်း လိုက်ပါခဲ့ရန် ပြောဆိုခဲ့ကာပန်းတနော်ရဲစခန်း သို့ခေါ်ယူခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

"သတင်းယူဖို့ အင်းသားတွေနဲ့ စီမံကိန်းနားသွားပြီးဓာတ်ပုံရိုက်တာပဲရှိတယ်။အဲ့ဒါကို ပုဒ်မ(၃)ခုတပ်ပြီး တရားစွဲတယ်။ ရဲစခန်း ခေါ်သွားခံရတော့ ခံဝန်ကတိထိုးပြီး ည ၁၂နာရီလောက်မှရန်ကုန်ပြန်လာရတယ် ကျွန်မက နေ့သစ်ဂျာနယ်က အလွတ်သတင်း ထောက်ပါ။ရှေ့နေငှားဖို့ဘာညာ ဒီအမှုနဲ့ပတ်သက်ပြီး ဘာမှမစီစဉ်ရသေးပါဘူး၊" ဟုနေ့သစ်ဂျာနယ်မှ အလွတ်သတင်းထောက် မကြည်ငြိမ်းသော်က ပြောသည်။

အင်းပိုင် ဦးမှုံ၏ အမှုဖွင့်တိုင်ကြားချက်အရ ကျောက်ကုန်းရဲတပ်ဖွဲ့မှစခန်းမှူးသည် သတင်းထောက်(၂)ဦးကို အမှုဖွင့်ခဲ့ပြီးည(၁၂) နာရီ ခန့်အချိန်တွင် ကိုယ်ပိုင်ခံဝန်ချက်ဖြင့် ပြန်လည်လွှတ်ပေးပြီးကျောင်းကုန်းတရားရုံးမှ အမှုချိန်းခေါ်ဆိုရာတွင် လာရောက်ရမည် ဟုအသိပေးပြောကြားခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပန်းတနော်ရဲစခန်းသို့ ဖုန်းဆက်မေးရာတွင် အင်းပိုင်မှ သတင်းထောက်(၂)ဦးအားတရားစွဲဆိုထားခြင်း မရှိဟု မြစ်မခမှမေးမြန်းချက် ကို ပြန်လည်ဖြေဆိုခဲ့သည်။

"ကျွန်တော်တို့ဆီမှာ အဲ့လိုအမှုမဖြစ်ခဲ့ပါဘူး"ဟု ပန်းတနော်ရဲစခန်းမှဖုန်းဖြေဆိုသူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းကုန်းရဲစခန်းသို့မေးမြန်းခဲ့ရာ အကျိုးဖျက်ဆီးမှုဖြင့် ထိုသတင်းထောက်နှစ်ဦးအား အမှုဖွင့်ထား သည်မှာ မှန်ကန်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။

အမှုဖွင့်တိုင်ကြားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မီဒီယာဌာနများမှရှေ့နေငှားရမ်းခြင်းများ မရှိသေးသော်လည်းမီဒီယာ လွတ်လပ်ခွင့် နှင့်ပတ်သက်ပြီး ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဘားမားဗွီဂျေမီဒီယာမှ တာဝန်ရှိသူတစ်ဦးထံကသိရှိရသည်။

Burma VJ မီဒီယာသည် ပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ထားသောသတင်းဌာနမဟုတ်သော်လည်း ၂၀၀၅ခုနှစ်တွင်ဒီဗွီဘီနှင့် ပူးပေါင်းလုပ်ကိုင်ဖူးသော ကွန်ယက်တစ်ခုဖြစ်ကာ ၊ ၂၀၁၁ခုနှစ်ဒီဇင်ဘာလ (၁၀)ရက်နေ့မှ စတင်ပြီး ပြည်ပအခြေစိုက်ကာ Burma VJ media Networkအနေဖြင့် ပြည်တွင်း သတင်းများကို သတင်းထောက်(၄၀)ကျော်ဖြင့်ရိုက်ကူးဖော်ပြလျက်ရှိသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့