Tuesday, November 20, 2012

အိုဘားမားနှင့်ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမအတွင်း မြင်ကွင်း

ကျော်ဇင်မန်း(မြစ်မခ)
20 Nov, 2012

နေ့လည်(၁)နာရီအချိန် ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် လေအေး ပေးစက်ကြီးများမှ အအေးဓာတ်ကြောင့် ခန္ဓာကိုယ်ရှိချွေးများသည် တစ်ခဏအတွင်း ခြောက်သွေ့သွားတော့သည်။

တောက်ပြောင်လျှက်ရှိသော ခန်းမကြီးအောက်တွင် လူဦးရေ(၂၀၀)ခန့်၏ အသံများဖြင့် ဆူညံနေသည်။ ထိုအထဲ နောက်ဆုံးတန်း စင်မြင့်ပေါ်တွင်တော့ နိုင်ငံတကာမှ သတင်းမီဒီယာသမား (၄၀)ခန့်နှင်အတူ ဗီဒီယိုကင်မရာ၊ ဓာတ်ပုံကင်မရာများသည် အဆိုပါ စင်မြင့်ထက်တွင် အပြည့်အဝနေရာ ယူလျက်ရှိနေသည်။ ခန်းမ၏ရှေ့ဆုံးစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မြန်မာနိုင်ငံတော် အလံနှင့် အမေရိကန်နိုင်ငံတော်အလံကို ကျကျနနချိတ်ဆွဲထားသည်။

ထိုအခန်းအတွင်းရှိလူများမှာ အမေရိကန်သမ္မတကြီး ပြောကြားမည့် မိန့်ခွန်းကို လာရောက်စောင့်ဆိုင်းကာ နား ထောင်ကြသည့် သူများပင်ဖြစ်သည်။ သိပ်မကြာခင်ခန်းမအတွင်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်၊ (၈၈)မျိုးဆက်ကျောင်းသားများအသီးသီး ဝင်ရောက်လာချိန်တွင် ခန်းမအတွင်း လက်ခုပ်သံများမှလွဲ၍ မည်သည့်အသံကိုမျှ မကြား ရတော့ချေ။

ထို့နောက်နေ့လည်(၂)နာရီခွဲအချိန်ခန့်တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား စင်မြင့်ထက်သို့ရောက်ရှိလာပြီး ခန်းမအတွင်းရှိ ပရိတ်သတ်များကို “မြန်မာနိုင်ငံ မင်္ဂလာပါ”ဟု မြန်မာလို မပီတပီဖြင့် စတင်နှုတ်ဆက်လိုက်ပြီး ၎င်း၏မိန့်ခွန်းကို စတင်လိုက်သည်။

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆယ်စုနှစ်များစွာ သူစိမ်းတွေလိုဖြစ်ခဲ့ကြရသော်လည်း ဒီနေ့သည် မြန်မာ နိုင်ငံရှိပြည်သူ များနှင့် ပတ်သက် ၍ ၎င်းတို့သည် အမြဲတမ်းမျှော်လင့်နေခဲ့သည်ဆိုသည်ကို ပြောနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားခဲ့သည်။

ခန်းမအတွင်းရှိ ပရိသတ်များသည် အမေရိကန်သမ္မတ မာန်ပါပါနှင့် မိန့်ခွန်းပြောနေသည်ကို စိတ်ဝင်တစား နားစွင့် နေကြသည်။ ခန်းမနောက်စင်မြင့်ထက်မှ မီဒီယာသမားများကတော့ သမ္မတမိန့်ခွန်းပြောနေသည်ကို နောက်ခံထား၍ အချိန်နှင့်တစ်ပြေးညီ ၎င်းတို့၏ သက်ဆိုင်ရာသတင်းဌာနများသို့ တိုက်ရိုက်သတင်းတင်ဆက်နေကြသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေး ကြမ်းတမ်းလှသောအချိန်များအတွင်းတွင် မြန်မာနိုင်ငံသားများ၏ ရဲရင့်မှုကို အမေရိကန် သမ္မတက ချီးကျူး ပြောဆိုသွားခဲ့သေးသည်။

“ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင် ၀တ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။ ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့ တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျှော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသား တွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်”ဟု အိုဘားမားက မိန့်ခွန်း ထဲတွင်ထည့်သွင်း ပြောကြားသွား ခဲ့သည်။

အမေရိကန်သမ္မတသည် ၎င်းသမ္မတတာဝန်ထမ်းဆောင်စဉ်ကာလအတွင်းတွင် အကြောက်တရားဖြင့်အုပ်စိုး လျက်ရှိသော အစိုးရဆီသို့ ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်း ပေးမှာပါ'' ဆိုသော သတင်းစကားတစ်ခွန်းကို ပါးခဲ့ပြီးနောက် များမကြာမီအချိန်တစ်နှစ်ခွဲ အတွင်းတွင်မှာ မြန်မာနိုင်ငံသည် အံ့သြစရာ ကောင်းလောက်အောင်ပင် အသွင် ကူးပြောင်း မှုများကို စတင်လုပ်ဆောင်လာခဲ့ကြောင်း ဆယ်စုနှစ် ငါးခုစာလောက် အာဏာရှင်အုပ်စိုးနေမှုများအား စတင်ဖြေ လျော့လာခဲ့ကြောင်း အိုဘားမားက ပြောကြားသွားခဲ့သည်။

ထို့နောက် မိနစ်(၄၀)ကြာမျှ မိန့်ခွန်းများအားရပါးရပြောကြားသွားခဲ့ပြီး “ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီ အခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေ အတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ” ဟု အဆုံးသတ် မိန့်ခွန်းအားပြောကြားခဲ့ပြီးနောက် ပရိတ်သတ်များအား မြန်မာစကားဖြင့် “ကျေးဇူးတင်ပါတယ်”ဟု နှုတ်ဆက်၍ စင်မြင့်ထက်မှ ပြန်လည်ထွက်ခွာသွားသည်။

ထို့နောက်လာရောက်နားထောင်ကြသော ပရိတ်များနှင့် မီဒီယာသမားများ ပြန်လည်ထွက်ခွာလာချိန်တွင်တော့ (၃)နာရီကျော်မျှ ရှင်းလင်းနေခဲ့သော အင်းယားလမ်းမပေါ်တွင် လူများဖြင့် ပြည်လည်ပြည့်နှက်သွားသည်။

လေဆိပ်သွားသော လမ်းမတစ်ကျောတွင် မော်တော်ကားများအတော်အသင့်ပိတ်နေသေးသည်။ လမ်းမဘေးဘီဝဲယာ တစ်လျှောက် လူများ၏ပါးစပ်မှ အမေရိကန်နှင့် အိုဘားမားဆိုသောစကားလုံးများကို ကြားနေရဆဲဖြစ်သည်။

“မြန်မြန်ပြန်မှပဲ။ တစ်နေကုန်ဘာမှမရသေးဘူး”ဆိုသော တက္ကစီသမား၏ ညည်းညူသံကို ကြားလိုက်ရသည်။

တစ်ရက်တာအတွင်းမှာမှ (၈)နာရီခန့် မြန်မာနိုင်ငံသို့ခြေချခွင့်ရသော အမေရိကန်သမ္မတဘားရက်အိုဘားမား၏ ကျန်ရစ်ခဲ့သော အငွေ့အသက်များကြောင့် မြန်မာနိုင်ငံအရေး ဘာတွေပြောင်းလဲဦးမလဲဆိုတာကိုတော့ ကျနော်တို့ ဆက်လျက်စောင့်ကြည့် ရပေဦးမည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့