Friday, November 23, 2012

ထိန်းချုပ်မှုအသစ်ကြောင့် တရားမဝင် ထိုင်း ကုန်သွင်းမှု ထက်ဝက်ကျ

ကျော်ခ
November 22, 2012

မြန်မာအစိုးရက ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းနေခြင်းကို တားဆီးနှိမ်နင်းမှု စံနစ်သစ်ဖြင့် စတင် ဆောင် ရွက်ခဲ့ပြီးနောက် ထိုင်းကုန်ပစ္စည်း ဝင်ရောက်မှု ထက်ဝက်ကျော် ကျဆင်းသွားကြောင်း မြန်မာကုန်သည်များက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက တရားမဝင်ကုန်သွယ်မှု ကျဆင်းရေး အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်သော မြဝတီ-ရန်ကုန် လမ်းကြောင်းကို ယခုလ ၂၀ ရက် နေ့မှ စတင်ကာ ရှောင်တခင်စစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် နှိမ်နင်းရေး စတင်လှုပ်ရှားခဲ့သည်။

အစိုးရက ယင်းသို့ စီမံဆောင်ရွက်သည့် နေ့မှစ၍ မြန်မာနိုင်ငံမှ ရေထွက်ကုန်၊ လယ်ယာ ထွက်ကုန်နှင့် သစ်တော ထွက်ကုန်များသာ မြ၀တီနယ်စပ် ကုန်သွယ်ရေး ဇုန်မှတဆင့် ထိုင်းနိုင်ငံသို့ ပုံမှန်တင်ပို့လျက် ရှိနေသော်လည်း ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ထက်ဝက်ကျော် ရပ်ဆိုင်းသွားသည်ဟု သိရသည်။

“ကုန်သည်အများစုက ပစ္စည်းတွေ အောက်မပို့တော့ဘူး။ အခုဆိုရင် မြ၀တီမှာက ကုန်တွေ အောက်ကကို မဆင်းကြတော့ဘူး။ တမြို့လုံး ခြောက်ကပ်နေပြီး ခရီးသည်တင်ကားတွေပဲ အောက်ကိုဆင်းကြတယ်” ဟု မြန်မာကုန်သည် ဦးမာမက်က ပြောသည်။

မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းတွင် ထိုင်းနိုင်ငံဖက်မှ ဝင်ရောက်လာသော ကား၊ ဆိုင်ကယ်၊ အီလက်ထရောနစ် ပစ္စည်း၊ အရက်၊ ဘီယာ၊ အလှကုန်၊ အိမ်တွင်း အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်နှင့် စားသောက်ကုန်များကို နယ်စပ်အခြေစိုက် အစိုးရ အာဏာပိုင်များနှင့် အစိုးရလက်အောက်ခံ ကရင်လက်နက်ကိုင် နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်များက နားလည်မှုဖြင့် တရားမဝင် တင်သွင်းနေကြခြင်းဖြစ်ပြီး စီမံချက်အသစ်ဖြင့် စတင်ဆောင်ရွက်သည့်နေ့မှစ၍ ယင်းသို့ တင်သွင်းခွင့် မရှိတော့ကြောင်း အစိုးရက သတိပေးထားပြီး ဖြစ်သည်ဟု သိရသည်။

မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ယခင်က နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနအပါအဝင် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းကာ အထိုင်ဂိတ်များချ၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ Mobile Team ပုံစံဖြင့် နှိမ်နင်းရန် ပုံစံပြောင်း လဲလိုက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောသည်။

“အရင်ကလို ဂိတ်တွေ မထားတော့ဘူး၊ Mobile Team က ရွေ့လျားမှာပေါ့၊ ဒီနေ့ ဝေါမှာ ထိုင်ရင်ထိုင်မယ်၊ နောက်နေ့ ဘားအံမှာ ထိုင်ရင်ထိုင်မယ်၊ ကော့ကရိတ်မှာ ထိုင်ရင်ထိုင်မယ်၊ အဲလိုပုံစံမျိုးပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်၊ နယ်စပ်ကုန်သည်အသင်း ကိုယ်စားလှယ်နှင့် သတင်းမီဒီယာအဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော Mobile Team အဖွဲ့က မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်က ကားများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာအစိုးရက တင်သွင်းခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအမည်ဖြင့် ထိုင်းနိုင်ငံဘက်မှ တဆင့် အခွန်ဆောင်ခြင်းမရှိဘဲ တင်သွင်းလာသည့် ကုန်ပစ္စများကို တရားမဝင် မှောင်ခိုပစ္စည်းအဖြစ် သတ်မှတ်ကြောင်း၊ ကုန်ပစ္စည်း တင်သွင်းခွင့် လိုင်စဉ်ကိုလည်း ၂၄ နာရီအတွင်း အပြီးလုပ်ပေးနေကြောင်း၊ ထို့အတူ ယခင်ပို့ကုန် အခွန်ကောက်ခံမှု ရှိခဲ့သော်လည်း ယခုအခါ ပယ်ဖျက်၍ ဖြေလျှော့ပေးထားကြောင်း သိရသည်။

“Export ဆိုရင် အရင်တုန်းကလို ၁၀ ရာခိုင်နှုန်းတို့ ၈ ရာခိုင်နှုန်းတို့ မရှိတော့ဘူး။ ဒီလိုဖြေလျှော့ပေးမှုကိုမှ လုပ်ငန်းရှင်တွေ အနေနဲ့ တရားမဝင် နည်းလမ်းတွေနဲ့ သွားနေတဲ့အတွက်ကြောင့် ကုန်သွယ်မှု Volume တွေက ကျနေတဲ့ အတွက်ကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့အတွက် အထက်ကို တင်ပြပြီးတော့မှ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

Mobile Team လုပ်ငန်း အစီအစဉ်နှင့် ပတ်သက်၍လည်း ယခုလဆန်းပိုင်းမှစ၍ ရန်ကုန်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင် အစည်း အဝေးခန်းမ၊ ဘားအံ ဇွဲကပင်ခန်းမ၊ မော်လမြိုင် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်ခန်းမ၊ မြဝတီ ကုန်သွယ်ရေးဇုန် အစည်း အဝေးခန်းမတို့၌ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုန်သည်အသင်း၊ လုပ်ငန်းရှင် များ အသင်းနှင့် သတင်းမီဒီယာများကိုလည်း ရှင်းလင်းအသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်သို့ တင်ပို့မှုမှာ လစဉ် ဘတ် သန်း ၃,၀၀၀ ဖိုး ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းက ပြောသည်။ သို့သော် ထိုင်းကုန်သည်ကြီး တဦး၏အဆိုအရ လစဉ် မြန်မာဘက်သို့ တင်ပို့သည့် ထိုင်းကုန်ပစ္စည်း တန်ဖိုးပမာဏမှာ ဘတ်ငွေ သန်း ၅၀၀၀ ဖိုးအထိ ရှိသည်ဟု ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ အဆိုအရ တရားမဝင် ကုန်သွယ်မှု၊ ကူးသန်းသွားလာမှုနှင့် နိုင်ငံတွင်း စီးပွားဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ အလုပ်အကိုင် ရရှိရေးတို့အတွက် ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း၊ ကယားပြည်နယ် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ထားဝယ် ခရိုင်အတွင်းရှိ ထီးစီး နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဖွင့်လှစ်သွားရန်ရှိကြောင်းသိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့