Wednesday, November 21, 2012

မည့်သည့်နေရာတွင်မဆို ကား ဝယ်ယူနိုင်ခွင့်မူ ရောင်းဝယ်သူများ လိုလား

ခင်မျိုးသွယ်
နိုဝင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

ပြည်တွင်းတွင် အမှန်တကယ် အသုံးပြုသူများ အတွက် မည်သည့်နေရာ ဒေသတွင်မဆို မော်တော်ယာဉ် ဝယ်ယူနိုင်ခွင့်မူ ချပေး သင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီကြီးများက ဆိုသည်။

“ကားတစီးပဲ လိုချင်ချင်၊ နှစ်စီးပဲ လိုချင်ချင် ပြည်ပကို လှမ်းမှာရတာ ဝယ်ယူ သုံးစွဲသူတွေအတွက် အခက်အခဲ အတားအဆီး ဖြစ်စေပါတယ်။ အမှန်တကယ် သုံးစွဲလိုသူတွေအတွက် ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဝယ်ယူ နိုင်ခွင့်မူကို ချပေးသင့်ပါတယ်” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းအေး က ပြော သည်။

လက်ရှိအချိန်အထိ ပြည်တွင်းရှိ အရောင်းပြခန်းများတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ယာဉ်သွင်းခွင့် အထူးပါမစ် စလစ် ပါရှိသူ များကိုသာ ရောင်းချခွင့် ပေးထားသည်။

“ပါမစ်ဆိုတာလည်း မရှိသင့်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတဦးချင်း ကားတင်သွင်းခွင့်ကို လျှောက်ခွင့် ပေးထားပြီးပြီ။ အဲဒီလူတွေက ကိုယ်တိုင် ဘဏ်စာရင်း ဖွင့်တာ၊ ပြည်ပကုမ္ပဏီတွေဆီ လှမ်းဝယ်ဖို့ နိုင်ငံတကာ ကနေ သင်္ဘောနဲ့သယ်ယူတာ၊ ပြည်တွင်း အကောက်ခွန်ကိစ္စတွေကို တဦးချင်း လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို လုပ်ဆောင်ဖို့ဆိုတာ အတော်လက်ဝင်မယ့် ကိစ္စတွေပါ” ဟု ကမာရွတ်မြို့နယ်၊ ရွာမကျောင်းလမ်းပေါ်ရှိ ကားအ ရောင်းပြခန်း ဖွင့်လှစ် ရောင်းချနေသူ လုပ်ငန်းရှင် တဦးက ပြောသည်။

ပါမစ်စနစ်ကြောင့် ပါမစ်ဖြင့် ကိုယ်တိုင်သုံးစွဲရန် ဝယ်ယူသူများအတွက် အခက်အခဲ ရှိသည်ဟု ဆိုသည်။

“ပြည်ပနိုင်ငံတွေမှာလို အရောင်းပြခန်းတွေမှာ ကားကို အလွယ်တကူ ဝယ်ယူနိုင်တဲ့ အနေအထား မရောက်သေး ပါဘူး။ အလွယ် တကူ ဝယ်ယူနိုင်တဲ့ အနေအထား ရောက်သင့် နေပါပြီ” ဟု ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ ကား အရောင်းပြခန်း တခုမှ အရောင်း မန်နေဂျာတဦး က ဆိုသည်။

ထို့အပြင် တဦးချင်း ဝယ်ယူခွင့် လျှောက်ထားရသည့် ကိစ္စများကြောင့် ကြားတဆင့်ခံ ပွဲစားများ ပေါ်ပေါက်လာခဲ့ ရပြီး နောက်ဆက် တွဲပြဿနာများလည်း ရှိလာသည်ဟု ဆိုသည်။

“ကြားတဆင့်ခံ ပွဲစားတွေကြောင့် ကားသုံးစွဲသူတွေက တိုက်ရိုက်နာမည်ပေါက် မဟုတ်ဘဲ ပါမစ်လျှောက်ပြီး ရောင်း စားတဲ့ ကုမ္ပဏီတွေ ဆီကပဲ ပြန်ဝယ်သုံးကြရတာ များတယ်။ ကားဝယ်သူရဲ့ တိုက်ရိုက်နာမည်ပေါက် မဟုတ်တဲ့ အတွက် ကားတိုက်မှု ရာဇဝတ်မှုတွေ ဖြစ်ခဲ့ရင် ကားပိုင်ရှင်ကို လိုက်ရှာရတာ ခက်ခဲနိုင်တယ်။ သက်တမ်းတိုး မယ့် နေရာမှာလည်း ကားပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ပြဿနာတွေ ရှုတ်ထွေးလာနိုင်တယ်” ဟု ရှေ့နေ ဦးလှမျိုးက သုံးသပ်ပြောကြားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့