Wednesday, November 21, 2012

မိုးထိမိုးမိ ရွှေလုပ်သားများ ချီတက်ပွဲ ခေတ္တဆိုင်းငံ့ထား

ကွန်းချမ်း
နိုဝင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက် ချီတက် ဆန္ဒပြသည့် မိုးထိမိုးမိ ရွှေလုပ်သား ၈ဝ ခန့်မှာ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ မြို့လှမြို့အရောက်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မေတ္တာ ရပ်ခံချက်ကြောင့် ၎င်းတို့၏ ချီတက်ပွဲကို ခေတ္တရပ်နားထားကြောင်း ဆန္ဒပြ ရွှေလုပ်သားများက ပြောသည်။

တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်ခဲ့ခြင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကမ္ဘောဒီးယား နိုင်ငံသို့ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်နေခြင်းကြောင့် သုံးရက်ခန့် ရပ်နားပေးရန် မေတ္တာရပ်ခံသည့် အတွက် နေပြည်တော် ရောက်ရန် မိုင် ၄ဝ ခန့်အလိုတွင် ၎င်းတို့၏ ၁၃ ရက်မြောက် ချီတက်ပွဲကို ရပ်နားထားခြင်း ဖြစ်သည်။

“ကိုယ့်နိုင်ငံကို ပြည်ပ ဧည့်သည်တော်ကြီးများ လာတဲ့အချိန် ဖြစ်တဲ့အတွက် သုံးရက် ဆိုင်းငံ့ပေးပါ။ ဆက်လက် ထွက်ခွာရင် တတ် နိုင်သမျှ အကူအညီပေးမယ်လို့ ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောတဲ့အတွက် ကျနော်တို့ ရွှေလုပ်သားတွေ ကလည်း ကိုယ့် အမိနိုင်ငံတော်ရဲ့ ကျေးဇူး၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူကြီးများရဲ့ ဂုဏ်သိက္ခာကို သိတတ်သော အားဖြင့် တောင်းဆိုတဲ့ သုံးရက်ကို နားထားပါတယ်” ရွှေလုပ်သား ကိုယ်စားလှယ် ကိုနေထက်အောင် က ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ ရွှေမြင်တင် သဘောတူညီချက်ကို အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စု ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက် နာသည့်အတွက် ရွှေလုပ်သားမားက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ပြေလည်မှု တစုံတရာ မရရှိသည့်အတွက် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ မိုင် ၂၇ဝ ခန့် ကွာဝေးသည့် နေပြည်တော်သို့ လမ်းလျှောက် ချီတက်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတော၌ တပိုင်တနိုင် ရွှေတူးခွင့်ကို မေလဆန်းတွင် ကုမ္ပဏီက ပိတ်လိုက်သည့်အတွက် ရွှေလုပ်သားများက နေပြည်တော်ထိ ပထမအကြိမ် ချီတက် ဆန္ဒပြကြရာ လမ်းခုလတ်ဖြစ်သည့် ရွှေမြင်တင်ဘုရားအရောက် ဇွန်လ ၁၄ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြေလည်ခဲ့ပြီး သဘောတူချက် ၆ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် “အင်း အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက် များကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါဝင်သည်။

နေပြည်တော်သို့ လမ်းလျှောက် ချီတက် ဆန္ဒပြသည့် ရွှေလုပ်သား ၇၆ ဦးတွင် အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင် သည်ဟု ကိုနေထက်အောင် က ပြောသည်။

ချီတက်ပွဲ ရပ်နားထားစဉ် အင်္ဂါနေ့တွင်ပင် ‘ဇွန်လ ၁၄ ရက်နေ့ ရွှေမြင်တင် စာချုပ်ပါ သဘောတူညီချက် ၆ ချက်အား အပြည့်အဝ မရရှိသေးသူများ ပါဝင်ခဲ့ပါက နိုဝင်ဘာလ ၂ဝ ရက်နေ့မှ ၃ဝ ရက်နေ့အတွင်း ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် လာရောက် ညှိနှိုင်း ဖြေရှင်းနိုင်ပါကြောင်းနှင့် ဖြေရှင်းရန် အသင့်ရှိပါကြောင်း’ ကုမ္ပဏီဘက်က စာဖြင့် အကြောင်းကြားလာခဲ့သည်ဟု ကိုနေထက်အောင် က ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီများ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် က “ကျနော်တို့ကတော့ လာသမျှလူအားလုံး ကို အကုန်လုံး လုပ်ပေးထားပြီးပြီ။ သို့သော်ငြားလည်း ဒီလိုမျိုး ဆန္ဒပြမှုတွေ၊ ထပ်ပြီး တောင်းဆိုမှုတွေ ရှိနေတဲ့အခါကျတော့ ကျနော်တို့ပဲ လုပ်ပေးဖို့ ကျန်နေလို့ သူတို့က တောင်းဆိုနေတာလား။ ကျန်တဲ့သူတွေ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ ဆီမှာ လာတောင်းဆိုပါ။ ကျနော်တို့ဘက်က ညှိနှိုင်းပေးမယ် ဆိုပြီး ပို့လိုက်တာ” ဟု ပြောသည်။

ရွှေလုပ်သားများဘက်ကမူ ကုမ္ပဏီနှင့် ညှိနှိုင်းလာခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း မလိုက်လျောသည့် အတွက် ဆက်လက်ညှိနှိုင်းမည် မဟုတ်ဘဲ နေပြည်တော်သို့သာ ချီတက်ကြမည်ဟု ဆိုသည်။

၎င်းပြင် ရွှေလုပ်သားများက ၎င်းတို့ ချီတက် ဆန္ဒပြနေစဉ်အတွင်းတွင်ပင် မိုးထိမိုးမိတောင် ဇုန် ၆ (ဆင်သေဇုန်) ရှိ ၎င်းတို့၏ အလုပ်သမားရုံးခန်းကို ကုမ္ပဏီ လုံခြုံရေးအဖွဲ့က တနင်္လာနေ့တွင် ဖျက်ဆီးလိုက်သည်ဟု ဆိုသည်။

“အလုပ်သမားရုံး တာဝန်ခံ ကိုလှိုင်မျိုးအောင်ကလည်း ကျနော်တို့ အဖွဲ့နဲ့ ပါဝင်နေတဲ့အချိန်မှာ ရုံးကို ဖျက်ဆီးလိုက် တာ။ တော်ပေါ်က အလုပ်သမားတွေ ကျနော်တို့ကို အကြောင်းကြားလို့ ကျနော်တို့ သိရတယ်” ဟု ကိုနေထက်အောင် က ပြောသည်။

ဦးစိုးထွန်းရှိန် ကမူ “အဲဒါတော့ မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ အလုပ်သမားရုံး ဆိုတာလည်း မရှိဘူး။ အလုပ်သမား အများစုက သူတို့အိမ်နဲ့ပဲ သူတို့ နေကြတာ။ အဲဒီမှာ ရဲတွေ အုပ်ချုပ်ရေးမှူးတွေ ရှိတယ်ခင်ဗျ။ အုပ်ချုပ်ရေးပိုင်းနဲ့ ကျနော်တို့က မဆိုင်ဘူး။ ကျေးရွာအုပ်ချုပ်ရေးကပဲ လုပ်ရင် လုပ်မယ်ခင်ဗျ” ဟု ဆိုသည်။

လမ်းလျှောက် ချီတက် ဆန္ဒပြသည့် အလုပ်သမားများသည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြို့လှမြို့မှ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတွင် ၎င်းတို့ ခံစားနေရသည့် အခက်အခဲများကို တင်ပြ တောင်းဆိုသွားမည့်ပြင် သမ္မတ အိမ်တော်သို့လည်း အသနားခံ တင်ပြသွားမည်ဟု ဆိုသည်။

ချီတက်ရာ လမ်းတလျှောက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ၊ သွေးလှူကွန်ယက်၊ ပြည်သူ့အခြေပြု ညီမျှခြင်း ကွန်ယက်၊ ပရဟိတ ကွန်ယက်၊ ဗကသ ကျောင်းသားများနှင့် ဒေသခံ ပြည်သူလူထုတို့၏ အကူအညီပေးမှုကြောင့် အခက်အခဲ မရှိကြောင်းလည်း ရွှေလုပ်သား ခေါင်းဆောင်များက ပြောသည်။

“လမ်းလျှောက်တာ မိုင် ၂ဝဝ ကျော်လာပြီ ဖြစ်တဲ့အတွက် ခြေထောက် သွေးကျတာ ရောင်တာ ခြေထောက်ပေါက်ပြဲ ဒဏ်ရာ ရတာတို့ အဲဒါလောက်ပဲ ရှိပါတယ်။ ကျန်တာ အားလုံး အဆင်ပြေပါတယ်” ဟုသူက ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊ မြင့်မိုရ် ရွှေ တောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ် ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁ဝ၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်း ကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နုတ်ကတိ ပြုခဲ့သော်လည်း ၇ လ အကြာတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလိမ့်မည်ဟု လမ်းလျှောက် ချီတက်သည့် ဆန္ဒပြ ရွှေလုပ်သားများက ခန့်မှန်းကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့