Monday, November 19, 2012

ဖနွမ်းပင်မှ အမှတ်တရ

မျိုးသန့်
နိုဝင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

ဟိုတယ်ဝန်ထမ်းတွေအတွက်တော့ ကြာလိုက်တာလို့ ထင်မှာပါ။ တစ်မနက်လုံး သူတို့မယ် အနားမရဘဲ ပြင်ဆင်နေခဲ့ကြရတာ မွန်းလွဲ ၁၂း ၃ဝ ကြမှပဲ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ရောက်လာလို့ အဆုံးသတ်သွားပါတော့တယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တာင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်မယ့် မြန်မာသမ္မတ နဲ့ ဧည့်သည်တော်တွေအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က ကမ္ဘောဒီးယားနား Cambodiana ဟိုတယ်မှာ မိုးလင်းပြီဆိုကတည်းက သန့်ရှင်းရေးတွေလုပ်ကြ၊ မှန်တွေကို ဖုန်သုတ်ကြ၊ ရေမွှေးဖြန်းတဲ့သူက ဖြန်းနဲ့ အလုပ်ရှုတ်နေခဲ့ပါတယ်။

အခန်း နံပါတ် ၅၁၅ မှာ တည်းမယ့် သမ္မတ ဦးသိန်းစိန် မရောက်လာခင် ၄၅ မိနစ်အလိုထိတောင် ဟိုတယ်အဝင် ကနေ ဓာတ် လှေကားသွားတဲ့လမ်းအထိ ကော်ဇောနီခင်း၊ ပြီးတော့ ဖုန်စက်စက် တဗြည်းဗြည်းနဲ့ ဖုန်စုပ်ကာ အနံ့အသက်ကောင်းအောင် လေသန့်ဆေး အဲဖရက်ရှာဖြန်းပြီး ရေမွှေးပန်းလိုက်ကြသေးတာ တွေ့လိုက်ရသေးတယ်။

BMW ကားအနက်ပေါ်က ဦးသိန်းစိန်ဆင်းလာတော့ဟိုတယ်က လှပျိုဖြူလေးတွေက ပန်းကုံးကမ်းလို့ ကြိုဆိုတာပေါ့။

ဒီဟိုတယ်မှာ အရင်တစ်ရက်အလိုထဲက X-ray ဖြတ်ပြီးမှ လူဝင်ခံ၊ ဟိုတယ် ပရဝဏ်အတွင်းနှင့် အပြင်မှာလည်း လက်နက်ကိုင် လုံခြုံရေးတပ်သားတွေ ၂၄ နာရီ စောင့်ကြပ်ခဲ့ကြပါတယ်။

သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း နဲ့ ဦးတင်နိုင်သိန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒေါက်တာကံဇော်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက ဖနွမ်းပင် ရောက်နေတာပါ။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ပြီးရင် ဝန်ကြီး အရေအတွက် တတိယအများဆုံး တက်ရောက်တာ မြန်မာနိုင်ငံလို့ ပြောပါ တယ်။

သမ္မတဦးသိန်းစိန် ကတော့ နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖနွမ်းပင်မှာ နေထိုင်ပြီး အစည်းအဝေးတက်မှာ
ဖြစ်ပါ တယ်။ ကြားထဲမှာတော့ မြန်မာပြည်ကို လှစ်ခနဲ ပြန်ပြီး အလည်ရောက်မယ့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့ တွေ့လိုက်ဦးဆိုတဲ့ သတင်းတွေကလည်း နိုင်ငံတကာ သတင်းထောက်တွေ အကြား ပြောစရာစကား တစ်ခု ဖြစ်နေပါတယ်။ ဒီသတင်း တကယ်သာမှန်ရင် အိုဘားမားလည်း ဖနွမ်းပင်မှာ အစည်းအဝေးတက်မယ့်ဟာ တကူးတက ပြန်ပြီး တွေ့ရမယ့် မြန်မာသမ္မတရဲ့ အဖြစ်ကလည်း မသက်သာလိုက်တာလို့ တွေးမိပါရဲ့။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့