Friday, July 15, 2011

အလုပ်သမား လက်မှတ်သစ် ပြုလုပ်သူ မြန်မာ ၆ သိန်းခန့်ရှိ

ဘစောတင်
15 July 2011

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းနီးပါး အလုပ်သမား လက်မှတ်သစ် ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။


ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်သမား လက်မှတ်သစ်များကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့အထိ ယင်းသုံးနိုင်ငံမှ စုစုပေါင်း အလုပ်သမား ၉ သိန်းခွဲကျော် မှတ်ပုံတင်ပြီးဖြစ်ရာ မြန်မာက ၇၀ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ဧရာဝတီသို့ ပြောသည်။

“မနေ့က နောက်ဆုံးပြုလုပ်ခဲ့တဲ့ စာရင်းအတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီနေ့ဝါဆိုလပြည့်နေ့မို့လို့ ရုံးပိတ်ရက် ခံသွားပြီလေ။ ဒါပေမယ့် ၁၃ ရက်နေ့အထိ သိထားရတာကတော့ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ၃ နိုင်ငံက အလုပ်သမား ၉ သိန်းခွဲနီးပါး လက်မှတ်လုပ်ပြီးနေပြီဆိုတာကို သိရတယ်။ အရင်တုန်းကလည်း လက်မှတ်သစ်လုပ်တိုင်း မြန်မာက ၇၀ ရာခိုင်နှုန်းလောက် ပါနေကျ” ဟု ပြောသည်။

ယနေ့ ၀ါဆိုလပြည့်နေ့ အပါအ၀င် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များသည် ထိုင်းအစိုးရရုံးပိတ်ရက်များဖြစ်သဖြင့် အလုပ်သမားဝန်ကြီးဌာနက စာရင်းများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ (HRDF) မှ အကြံပေး မစ္စတာ အန်ဒီဟောလ်က “ဇူလိုင်လ ၁၃ ရက်နေ့အထိကတော့ မြန်မာက ၅၅၂၂၈၉ ယောက် ပါဝင်တယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ်သမားလက်မှတ် မပြုလုပ်သေးဘဲ ကျန်ရှိနေသော အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ရရှိစေရန် ရည်ရွယ်ပြီး ထိုင်းအစိုးရက ယခုအကြိမ် ထံမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ်သစ် ပြုလုပ်ပေးမည်ဟု သတင်းထွက်ပေါ်ချိန်မှစ၍ ပွဲစားများက နည်းမျိုးစုံဖြင့် တင်သွင်းလာခဲ့ကြသော အလုပ်သမားသစ် အများအပြားလည်း ယခုလက်မှတ်သစ် ပြုလုပ်ရာတွင် ပါဝင်သည်ဟု သိရသည်။

ယခုပြုလုပ်သော အလုပ်သမားလက်မှတ်သစ် ပြုလုပ်ရေးအစီအစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားများ အားလုံးပါဝင်ခြင်းမရှိနိုင်ဘဲ တချို့ဒေသများတွင် ကျန်ရှိနေသေးသည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

၎င်းက “စိုက်ပျိုးရေး လုပ်ငန်းလိုနေရာမျိုးနဲ့ ချောင်ကျတဲ့နေရာမျိုးက လူတွေ ကျန်နေဦးမှာ သေချာတယ်။ နောက်ပြီး အလုပ်ရှင်တွေကိုယ်တိုင်က အလုပ်သမားလက်မှတ် မလုပ်ပေးချင်တဲ့အတွက် လက်မှတ် မလုပ်ရတာမျိုးလည်း ရှိတယ်။ နောက်ပြီးတော့ ပွဲစားတွေနဲ့ အချိန်မီတက်လာခဲ့ကြတဲ့ လူသစ်တွေ အကုန်လုံးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကယ်ရီခ၊ အလုပ်ဝင်ခ၊ ဟိုခ ဒီခတွေကလည်း များတော့ လက်မှတ်လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့သူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

ယခင်က လက်မှတ်ပြုလုပ်ပြီး ထိုင်းနိုင်အတွင်းတွင် အလုပ်လုပ်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ ၁ သန်း ၃ သိန်းနီးပါးရှိရာ ယခုအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု အလုပ်သမားလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေမှာ ၂ သန်းနီးပါး ရှိလာမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်သစ် ပြုလုပ်ပြီးနောက် ယင်းအလုပ်သမားများသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ယာယီ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်နေသူ မြန်မာ ၅ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများမှာ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့