Wednesday, July 13, 2011

အပစ်ရပ်ရေး သဘောထား KIO က ဒေသခံများနှင့် ဆွေးနွေး

သန်းထိုက်ဦး
12 July 2011

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်တချို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒေသခံများ၏ သဘောထားကို မေးမြန်းရန် ယင်းဒေသခံ ကိုယ်စားလှယ်များနှင့် ယနေ့ လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။


ယင်းဆွေးနွေးပွဲ၌ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်မော်မြို့နယ်နှင့် တခြားမြို့နယ်များမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်ပြီး မြန်မာအစိုးရနှင့် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများကို KIO က ရှင်းပြ၍ ၎င်းတို့၏ သဘောထား အမြင်များ ကို မေးမြန်းဆွေးနွေးခြင်း ဖြစ်ကြောင်း KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

တက်ရောက်လာသော ကချင် ကိုယ်စားလှယ်အများစုက စစ်မှန်သော ပြည်ထောင်စုကို လိုလားသည်ဟု ထုတ်ဖော်ပြောဆိုကြ ကြောင်း ၎င်းက ဆိုသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကလည်း ယာယီ အပစ်အခတ် ရပ်စဲရန် မြန်မာအစိုးရ အာဏာပိုင် များထံ ဇူလိုင်လ ၈ ရက်နေ့က စာရေး အကြောင်းကြားခဲ့ကြောင်း၊ ယင်းအကြောင်းကြားစာတွင် ယာယီ အပစ်အခတ် ရပ်စဲရေး ကာလအတွင်း အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လိုကြောင်း ဖော်ပြထားသည်ဟု သိရှိရသည်။

မြန်မာအစိုးရအနေနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ပါက တိုက်ပွဲများ ဆက်ရှိနေမည်ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

KIA တပ်မှူးနှင့် တပ်သားတချို့ကမူ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရအပေါ် အယုံအကြည် မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်လမှစ၍ KIA ထိန်းချုပ်ရာနယ်မြေသို့ အစိုးရတပ်များ ဝင်ရောက်ရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာဒေသသို့ သွားရောက် ခိုလှုံနေကြသည်။

ကချင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့