Wednesday, July 13, 2011

ရခိုင်သဟာယ ရွှေရတု အထိမ်းအမှတ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

7/12/2011

ရခိုင်သဟာယ အသင်း(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတု သဘင် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့မုတ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ တွင် ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။

တက်ရောက်ခဲ့သူ လူငယ် တစ်ဦးက " အခမ်းအနားကို နံနက် ၉ နာရီမှာ စဖွင့်ပါတယ်။ ၉ နာရီကနေပြီး ၁၂ နာရီထိ ကျင်းပခဲ့ ပါတယ်။ ခန့်မှန်းခြေ လူပေါင်း ၅၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ " ဟု ပြောသည်။


အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်၊ ဒေါက်တာကျော်သိန်း၊ အကယ်ဒမီနေအောင်၊ ဦးထွန်းရွှေခိုင် အပါအ၀င် ရခိုင် လွတ်တော်ကိုယ်စားလှယ် အမတ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို စတင်ဖွင့်လှစ်ပြီးနောက် နာယကကြီး ဦးမင်းကြည် (အငြိမ်းစား နိုင်ငံခြားရေး ၀န်ကြီးဌာန) မှ အဖွင့်အမှာ စကားပြောကြားကြောင်း၊ ၎င်းနောက်တွင် နာယကကြီး ဦးမြသိန်းနှင့် နာယကကြီး ဒေါ်တင်တင် တို့မှ လည်း အမှာစကား ပြောကြားကြောင်း သိရသည်။

ရခိုင်သဟာယအသင်း မှ ဒု ဥက္ကဌ ဦးမျိုးဆွေနှင့် ဦးသာမြကျော်တို့မှ လည်း အသင်း၏ လုပ်ဆောင် ချက်များ၊ ရှေ့လုပ်ငန်းစဉ် များကို ပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း ရခိုင်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်အေးမောင်က ယခုကဲ့သို့ တက်ရောက် အမှာစကားပြော ခဲ့သည်ဟု အဆိုပါ လူငယ်က ပြောသည်။

" ဦးဇော်အေးမောင်က ကမ္ဘာတည်သရွေ့ ရခိုင်သား ရှိရဖို့၊ ရခိုင်သားရှိ သရွေ့ ရခိုင်သဟာယ အသင်း ရှိရဖို့၊ ရခိုင်သဟာယ အသင်းရှိ သရွေ့ ရခိုင်ပြည် အကျိုးကို သယ်ပိုး လားကြရဖို့ ဆိုပီး ပြောဆို သွားပါတယ်" ဟု သူက ဆက်ပြောသည်။

အခမ်းအနားတွင် ရခိုင်မောင်မယ်တံမြက်စည်းလှည်း အသင်းက ရခိုင်မောင်မယ်များမှ ရခိုင်ရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဗျာလ ရုပ်ဖြင့် ကပြဖျော်ဖြေမူကို တက်ရောက်သူများက စိတ်ဝင် တစား ကြည့်ရှု့ အားပေးခဲ့ကြသည်ဟု သိရသည်။

ဆုရကျောင်းသား ၂ ယောက် ဖြစ်ကြသည့် ဦးလှဝင်းမောင်နှင့် ကိုရဲမင်းသိန်းတို့မှလည်း ကျေးဇူးတင် စကား ပြောကြားခဲ့သည်ဟု သိရသည်။ ရခိုင်သဟာယအသင်း၏ ဂုဏ်ထူးဆောင်ဆု တံဆိပ်များ ကိုလည်း တာဝန်ရှိ လူကြီးများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

နိဂုံးချုပ်စကားကို ရခိုင်သဟာယအသင်း ဥက္ကဌကြီး ဦးခင်မောင်စိုးက ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းချီ-ဓါတ်ပုံ-စာအုပ် စာတမ်းပြပွဲနှင့် ရခိုင်ရိုးရာ အစားအစာများကိုလည်း ရောင်းချ ခဲ့ကြောင်း သိရသည်။

Ref: နိရဉ္စရ

0 comments:

အပေါ်သို့