Thursday, July 14, 2011

အစိုးရတပ်နှင့် KIA ဆက်လက် တိုက်ခိုက်

သန်းထိုက်ဦး
14 July 2011

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ဆက်သွယ် ပြောဆို နေကြသော်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်ဟု KIA က ပြောသည်။


ယမန်နေ့က KIA ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် အစိုးရတပ်များနှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဧရာဝတီကို ပြောသည်။

တိုက်ပွဲတွင် ဒဏ်ရာ ရသွားသော အစိုးရတပ်မှ ၃ ဦး နမ္မတူ ဆေးရုံတွင် ရောက်နေသည်ဟု သိရ ကြောင်း ဗိုလ်မှူးကြီး ဇော်ရော က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်စခန်း များသည်လည်း ယမန်နေ့ ညနေပိုင်းအထိ ၆ ရက်ကြာ တိုက်ခိုက်ခံခဲ့ရ သည် ဟု ဆိုသည်။

အစိုးရက ကချင်ဒေသ တိုက်ပွဲအခြေအနေအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့က နှစ်ဘက် အဆင့်မြင့်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တွေ့ဆုံပြီး အပစ်ရပ်ရေး ဆွေးနွေး ခဲ့ကြသေးသည်။ ၄ ရက် အကြာတွင် အစိုးရက KIA ကို စာတစောင် ပေးပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု ကာလအတွင်း တိုက်ခိုက်ခြင်း မပြုရန် ကမ်းလှမ်းခဲ့သည်။

KIA ကလည်း ဆက်လက် ညှိနှိုင်းလိုကြောင်း ရက်ပိုင်းအတွင်း စာပြန်လိုက်သည်။

ဤအတောအတွင်း အဆက်အသွယ် မရှိကြဘဲ ပစ်ခတ်မှုများသာ ဖြစ်ပွားနေသည်ဟု KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေး လျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရကြောင်း ဦးလနန်က ပြောသည်။

သွားရောက် တွေ့ဆုံမည့်သူများထဲတွင် ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ပါဝင်မည် ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိကြောင်း သူက ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခ တချို့ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်လတွင်မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက် ခိုလှုံနေကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့