Wednesday, July 13, 2011

NLD ဆက်လက် ရပ်တည်ရေး စိုးရိမ်နေရ

လင်းသန့်
12 July 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ် ဖိအားပေးခြိမ်းခြောက်မှုများကို အစိုးရက ဆက်တိုက် ပြုလုပ်လာ သည့် အတွက် ပါတီ ဆက်လက် ရပ်တည်ရေးအတွက် စိုးရိမ်မှု မြင့်မားနေသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။


“NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် အလွန်သိမ်မွေ့တဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက မြန်မာအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး လက်မှတ်ဖြင့် NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေ ထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ သတိပေးစာ ၁ စောင် ပေးပို့ထားပြီး NLD ပါတီအနေဖြင့် တရားမ၀င် တော့ကြောင်း ၎င်းစာ တွင် ထောက်ပြထားသည်။

NLD ပါတီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ၎င်းတို့ပါတီသည် တရားဥပဒေအရ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီဖြစ်ပြီး မတူကွဲလွဲနေသည့် ကိစ္စများကို ဆွေးနွေးအဖြေရှာမည်ဟု အကြောင်းပြန်စာ ပေးပို့ခဲ့သည်။

ယခုရက်ပိုင်း NLD ရုံးချုပ်ကို အာဏာပိုင်များက လုံခြုံရေး ထူးခြားစွာ ချမှုများ လုပ်ဆောင်လာပြီး NLD ပါတီကို မှတ်ပုံတင်ရန် ခြိမ်းခြောက် ဖိအားပေးမှုများလည်း ရှိနေသည်ဟု သိရသည်။

“တရားဥပဒေနဲ့အညီ စနစ်တကျဖွဲ့စည်းထားတဲ့ NLD ပါတီကို စာပို့တာတို့၊ မှတ်ပုံတင်ရမယ် ဘာမယ်ဆိုပြီး လုပ်နေတာတွေက ပါတီရပ်တည်ရေးကို ခြိမ်းခြောက်နေတာပါပဲ။ အစိုးရက မပျက်ပျက်အောင် ဖျက်ဖို့ ကြိုးစား နေတာကို တဖက်က ပါတီဝင်တွေ ကလည်း ထောင်ကျကျ၊ သတ်သတ် သေသေ၊ အဲဒီလို စွန့်စွန့်စားစားနဲ့ ပါတီကို ကာကွယ်ကြရမယ့် အခြေအနေမှာ ရှိနေတယ်” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သံတမန်ဟောင်း သခင်ချန်ထွန်းက ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ တချို့သော ဥပဒေများကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သော်လည်း ယခင် စစ်အစိုးရက မည်သို့မျှ အကြောင်းပြန်ခြင်းမရှိသဖြင့် ပါတီထပ်မံ မှတ်ပုံတင်ရန် မလိုကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယင်းသို့ တုံ့ပြန်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ အငြင်းပွားနေရခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ကလည်း ဥပဒေကြောင်းအရ ကျနော်တို့ မှန်တယ်လို့ လက်ခံထားသလို၊ သူတို့ဘက်ကလည်း မှန်တယ် ဆိုပြီး အကြောင်းကြားစာ ပို့ထားတဲ့ လတ်တလော ဖိအားပေးမှုက ရှိနေတယ်။ ဒါကြောင့် မတူကွဲလွဲနေတာကို ဥပဒေ အရရော၊ နိုင်ငံရေးအရပါ ဖြေရှင်းလို့ရတယ်လို့ ယုံကြည်လို့ ဆွေးနွေးခွင့်ပေးဖို့ ပြောထားတယ်။ ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ဒီမိုကရေစီ အင်အားစုများဘက်က တွေ့ဆုံဆွေးနွေးရေး အစဉ်တစိုက် တောင်းဆိုနေသော်လည်း တွေ့ဆုံဆွေးနွေးရေး မျှော်လင့်ချက် သည် ပြောရခက်နေပြီး တည်ဆဲအစိုးရဘက်မှ ဆက်လက် ဖိအားပေးနေမှုများကြောင့် နောက်ဆက်တွဲ တိုင်းပြည် အခြေအနေ ပို၍ ဆိုးလာနိုင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

“ဒီအတိုင်းဆိုရင် မှတ်ပုံမတင်ဘူး ဆိုပြီးတော့ NLD ကလည်း သူ့လှုပ်ရှားမှု သူ ဆက်လုပ်သွားမှာပဲ။ တဘက်ကလည်း မှတ်ပုံ မတင်ဘူး ဆိုပြီးတော့ အရေးယူတာမျိုး ဖြစ်လာနိုင်တော့ NLD ကလည်း သူ့လှုပ်ရှားမှုနဲ့ သူတုံ့ပြန်မှာပဲ” ဟု ၎င်းက ဆက်ပြော သည်။

သို့သော် လက်ရှိအခြေအနေတွင် အစိုးရဘက်မှ NLD ပါတီကို တရားဝင်ပါတီအဖြစ် ရပ်တည်စေလိုကြောင်း· သတင်းစာများတွင် ရေးသားထားသည်။ အဆိုပါ ရေးသား ဖိအားပေးမှုများသည် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံခဲ့ပြီး အမေရိကန်နိုင်ငံကိုလည်း ထိုကိစ္စ အကောင်အထည် ပေါ်လာစေရန် တိုက် တွန်းပြောကြားမှုများ၏ နောက်ဆက်တွဲဟု ဝေဖန်သူများက ထောက်ပြကြသည်။

လက်ရှိအနေအထားတွင် NLD ပါတီအနေဖြင့် တရားဝင်မှုမရှိဘဲ နိုင်ငံရေးပါတီ တရပ်အနေဖြင့် ပြည်တွင်း၌ ရပ်တည်ရန် ခက်ခဲ ကြောင်း၊ ထိုကိစ္စကို ပထမ အရေးကြီးဆုံး ကိစ္စအဖြစ် စဉ်းစားလုပ်ဆောင်သင့်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား တဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“NLD ပါတီ တရားဝင် ဆက်လက်တည်ရှိနေမှသာ ဒီမိုကရေစီ ခရီးတလျှောက်မှာ ဦးဆောင်နိုင်တဲ့ ပါတီတခု အနေနဲ့ ပြည်သူ လူထု တရပ်လုံးနဲ့ လက်တွဲပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ရည်မှန်းချက် ပန်းတိုင် ရောက်အောင် လုပ်ဆောင်နိုင်မယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့