Tuesday, July 12, 2011

အဆိုတော် ရသ လူမှုရေးအဖွဲ့ တည်ထောင်

ထွန်းထွန်း
ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ်

ပညာရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ ကူညီပေးရန် ရည်ရွယ်ပြီး Hip Hop အဆိုတော် ရသနှင့် လူငယ်ကဗျာဆရာအချို့ စုကာ “ကုသလ ပရဟိတ သမဂ္ဂ” အမည်ဖြင့် အစိုးရနှင့် မပတ်သက်သည့် လူမှုရေးအဖွဲ့တခုကို ရန်ကုန်မြို့၌ တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့သည်။

“ကုသလ ပရဟိတ သမဂ္ဂ" အဖွဲ့တွင် ကဗျာဆရာ သစ္စာနီက နာယက၊ ကိုရသက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အမာခံအဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။ ဦးဆောင်သူများထဲတွင် လူငယ်ကဗျာဆရာများဖြစ်သည့် သားဇော်၊ လောက၊ ဖြိုးဝေ၊ ယူကိုလတ် နှင့် အဆိပ်ဝိုင်တို့လည်း ပါဝင်သည်။

“အခုက ရုံးအဖွဲ့လေးအနေနဲ့ နောင်အနာဂတ်အတွက် ရည်ရွယ်ချက်နဲ့ အခြေခံမူဝါဒတွေ ချမယ်ပေါ့။ နောင် ဘာလုပ်မယ်ဆိုတဲ့ အခြေခံမူဝါဒလေးတွေ ချမှတ်တဲ့အဆင့်ပဲ ရှိပါသေးတယ်” ဟု အဆိုတော် (ကို) ရသက မဇ္ဈိမကို ပြောသည်။

(ကို) ရသမှာ “ကိစ္စမရှိဘူး”၊ “မြန်မာပြည်တွင် လုပ်သည်” စသည့် တကိုယ်တော် စီးရီးခွေများအပြင် အခြား ပူးတွဲအခွေများ သီဆိုခဲ့သူဖြစ်သည်။ နာယကဖြစ်သူ ကဗျာဆရာ သစ္စာနီမှာ စာပေဝေဖန်ရေးနှင့် မော်ဒန်ကဗျာဆရာ တဦးဖြစ်ကာ “နိုင်ငံရေး ဝေါဟာရ အဘိဓာန်” နှင့် “ကမ္ဘာ့နိုင်ငံရေး အတွေးအမြင်သမိုင်း” စာအုပ်များကိုလည်း ရေးသားခဲ့သည်။

အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ခက်ခဲနေသူများအား တတ်နိုင်သမျှ ကူညီသွားရန် ရည်ရွယ်ထားပြီး လူငယ်အများအပြားလည်း ပါဝင်နိုင်ရန် စည်းရုံးသွားမည်ဟု သိရသည်။

“HIV ရောဂါရှင်တွေတို့ဘာတို့ကို မထားချင်တာတို့၊ ဘယ်မှာနေလို့ နေရမှန်း မသိတာတို့။ အဲဒီလို ပြဿနာမျိုးတွေ၊ ပညာရေး ပြဿနာမျိုးတွေ။ အဲဒါတွေကို တဖွဲ့ထဲလုပ်ရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ လက်တံအများကြီး ခွဲထွက်ပြီးတော့ ဒီမိုကရေစီထုံးစံအတိုင်း ဖြန့်ကျက်ပြီး လုပ်သွားရင်တော့ ပိုပြီး နှံ့နှံ့စပ်စပ် ဖြစ်မယ်” ဟု ကိုရသက ဆိုသည်။

အဖွဲ့ရန်ပုံငွေအဖြစ် အဖွဲ့ဝင်တဦးလျှင် တလကြေး ကျပ် ၂ဝဝဝ စီ ထည့်ဝင်ထားပြီး ဈေးရောင်းပွဲများဖြင့် ရံပုံငွေရှာရန် စီစဉ်ထားသည်။ အဖွဲ့တည်ထောင်ခွင့်နှင့် ပတ်သက်၍လည်း လာမည့်အပတ်အတွင်း သက်ဆိုင်ရာသို့လျှောက်ထားမည်ဟု သိရသည်။

အဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းပုံစည်းမျဉ်းအရ အဖွဲ့တွင်း နိုင်ငံရေး မလုပ်ဆောင်ရန်နှင့် နိုင်ငံရေးအရ အသင်းအား အသုံးချခြင်း မပြုရန် တားမြစ်ထားသည်။

“ကျနော်တို့ မူဝါဒမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို “ကုသလ ပရဟိတ သမဂ္ဂ” ကနေပြီးတော့ လက်ဖျားနဲ့တောင် မတို့ပါဘူး။ အကယ်၍ နိုင်ငံရေးလုပ်ချင်လည်း မလုပ်နဲ့လို့ မပြောထားပါဘူး။ အကုန်လုံး နိုင်ငံရေး လုပ်လို့ ရပါတယ်။ အဖွဲ့ထဲ မှာတော့ နိုင်ငံရေးပြဿနာတွေ၊ ကိစ္စတွေကို လုံးဝ သယ်မလာရပါဘူး။ ပရဟိတ အဖွဲ့စစ်စစ်လေး ဖြစ်သွားစေချင်လို့ပါ” ကိုရသ က ဆိုသည်။

သို့သော် အဆိုတော် ကိုရသမှာမူ NDF ခေါင်းဆောင်ဟောင်း ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) ခွဲထွက်များဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်တွင်မူ ပါတီအဖွဲ့ဝင်တဦး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့