Tuesday, July 12, 2011

ရခိုင်တွင် နွားခိုးဂိုဏ်း သောင်းကျန်း

ခင်ဦးသာ
12 July 2011

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ လယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်မှ နွားများ ခိုးယူခံနေ၍ လယ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


“နေခင်းဘက်တွေတောင် နွားတွေပျောက်နေပါတယ်။ ကျနော်တို့ရွာက ဦးစံသာကျော်ဆိုရင် တညတည်းမှာ ၃ ကောင် အခိုးခံ လိုက်ရတယ်” ဟု စစ်တွေခရိုင် ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာသားတဦး က ဧရာဝတီသို့ ပြောသည်။

ဂုပ္ပီထောင့် ကျေးရွာတခုတည်းတွင် ဇွန်လကုန်မှ ဇူလိုင်လဆန်းအထိ နွား ၁၅ ကောင်အထိ အခိုးခံနေကြရကြောင်း၊ လယ်သမား တဦးလျှင် ၃ ကောင်၊ ၂ ကောင်၊ ၁ ကောင် စသည်ဖြင့် အခိုးခံနေရ၍ လယ်ယာလုပ်ငန်းခွင် ရပ်ဆိုင်းထားရသော လယ်သမား များရှိကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ကျောက်တော်မြို့နယ် ကျေးရွာစု အများအပြား၌ နွားများပျောက်ဆုံးမှု ဇွန်၊ ဇူလိုင် တို့တွင် ဖြစ်ပွားနေကြောင်း၊ ထိုကိစ္စအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာအာဏာပိုင်များအား တိုင်ကြားသော်လည်း အရေးယူမှုမရှိ၍ ဒေသခံနိုင်ငံရေးပါတီကို တိုင်ကြားထားကြောင်း ဂုပ္ပီထောင့် ရွာသားက ဆိုသည်။

ကျောက်တော်မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင် လှကျော်က “၂ ပတ်အတွင်းမှာ နွား ၃၃ ကောင် အခိုးခံရတဲ့တိုင်စာ ရောက်လာပါတယ်။ ကျေးရွာအုပ်စု ၅ ခုက လယ်သမား ၁၄ ယောက်ရဲ့လုပ်ငန်းခွင်က နွားတွေဖြစ်ပါတယ်” ဟု ပြောသည်။

နွားခိုးခံရမှုသည် ယခင်ကရှိခဲ့သော်လည်း အလွန်နည်းပါးကြောင်း၊ ယခုကဲ့သို့ ရက်ပိုင်းအတွင်း နွားကောင်ရေ များစွာ ပျောက်ဆုံး နေခြင်းသည် ဒေသခံလယ်သမားများအတွက် အန္တရာယ်ရှိကြောင်း၊ နွားခိုးသူများသည် အုပ်စုဖွဲ့ပြီး ဂိုဏ်းဖြင့် ခိုးနေသည်ဟု ယူဆ ရကြောင်း ဦးမောင်လှကျော်က ဧရာဝတီသို့ ပြောဆိုသည်။

ထိုကိစ္စများအား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ်အာဏာပိုင်များ၊ ပြည်နယ်အစိုးရ၊ RNDP ပါတီ ဗဟို စသည့်နေရာများသို့ တိုင်ကြားထားကြောင်း၊ ဒေသတွင်း နွားသူခိုးများ သောင်းကျန်းနေမှုကို ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ ပပျောက်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နွားခိုးခံရမှုသည် ကျောက်တော်တမြို့နယ်ထဲ၌ မဟုတ်ဘဲ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များ၌ လည်းဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံများထံမှ သိရှိရသည်။

“ကျောက်တော်မှာ နွားတွေ အခိုးခံနေရတဲ့အပြင် မြို့ပေါ်ရပ်ကွက်တွေမှာလည်းပဲ တညကို ၅ အိမ်လောက် ၅ ရက်နေ့က ၉ ရက်နေ့ထိ ဆက်တိုက် ဖောက်ထွင်းခံလိုက်ရတယ်” ဟု ဦးမောင်လှကျော်က ပြောသည်။

ကျောက်တော်ဒေသခံများ၏ အဆိုအရ သူခိုးများသည် အကျဉ်းထောင်များမှ လွတ်မြောက်သော လူမိုက်များက ဂိုဏ်းဖွဲ့ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒေသခံများသည် မိမိတို့လုပ်ငန်းခွင်များသို့ တဦးတည်း မသွားရဲတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေကြကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၌ အစိုးရစစ်တပ်၏ ခြေလျှင် တပ်ရင်းများဖြစ်သော ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၅၃၉ စသည့် တပ်ရင်းများနှင့်တပ်မတခုတို့ အခြေစိုက်ထားသော နယ်မြေဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှ အခိုးခံရသော နွားများအား ကျောက်တော်မှတဆင့် ဘူးသီးတောင်၊ မောင်းတော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ နွားတကောင်လျှင် ဘင်္ဂလားဒေ့ရှ် ကာတာငွေ ၅ သောင်း (ကျပ် ၅ သိန်းဝန်းကျင်) မှ ကာတာ ၂ သိန်း (ကျပ် သိန်း ၂၀ ဝန်းကျင်) အထိ ဈေးရကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသခံတဦး က ဆိုသည်။

“ဘင်္ဂလားဒေ့နိုင်ငံက မြန်မာကလာတဲ့ နွားနဲ့ အိန္ဒိယက တင်သွင်းတဲ့နွားတွေကို အဓိက မှီခိုနေနေရတာပါ။ အိန္ဒိယက နွားတွေကို အစိုးရက တရားဝင် တင်သွင်းခွင့်ပြုထားတယ်၊ မြန်မာအစိုးရက ပိတ်ထားတော့ ခိုးမှုတွေ၊ မှောင်ခိုဈေးကွက်တွေ ဖြစ်ပေါ်လာ တယ်” ဟု ဘင်္ဂလားဒေ့ရှ် ဒေသခံက ဆက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပမှတင်သွင်းသော နွားများကို စားသုံးမှုအတွက် အများဆုံး အသုံးပြုသည်ဟု သိရသည်။

ကျောက်တော်မှ ဘူးသီးတောင်၊ မောင်တော နယ်စပ်သို့ရောက်ရန် အစိုးရစစ်တပ်၏ စစ်ဆေးရေး ဂိတ် ၅ ခုခန့် ဖြတ်ကျော် ပြီးမှသာ နယ်စပ်သို့ ရောက်သည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်၏ မြို့နယ်များမှ နွားများကို နွားကုန်သည်များက ၀ယ်ယူကာ အာဏာပိုင်များနှင့်ပေါင်း၍ ဘူးသီးတောင်၊ မောင်းတော နယ်စပ်ဒေ မှောင်ခိုလမ်းကြောင်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွင်းမှုများလည်းရှိသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့