Wednesday, July 13, 2011

အီကိုလိုင်ပိုး မြန်မာပြည်တွင် တွေ့ရှိ

ဟိန်းဇော်
13 July 2011

ဥရောပတွင် အန္တရာယ် အကြီးအကျယ် ပေးနေသည့် အီကိုလိုင် (E.Coli) ဗက်တီးရီးယားပိုးကို မြန်မာနိုင်ငံတွင်လည်း မကြာ သေးမီက တွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

သို့သော်လည်း အီကိုလိုင်ပိုး ၅ မျိုး ရှိသည့်အနက် မြန်မာပြည်တွင်တွေ့သည့် ပိုးမှာ လူ့အသက်ကို အန္တရာယ် ပေးစေနိုင်သော Enteroharmorrhagic Escherichia Coli (EHEC) အမျိုးအစား မဟုတ်ကြောင်း သူက ပြောသည်။

“EHEC အမျိုးအစားတော့ မဟုတ်ဘူး။ အဲဒီပိုး မပေါက်ပွားအောင်တော့ အစားသောက်တွေ အသီးအနှံတွေကို သေချာ ဆေးကြော ဖို့တော့ လိုအပ်တယ်” ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်လင်းက ဆိုသည်။

၎င်းတို့၏ ဌာနက စားသောက်ဆိုင်များကို သွားရောက် စစ်ဆေးရာမှ အစားအစာ တချို့တွင် အီကိုလိုင်ပိုး စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အီကိုလိုင်ကြောင့် ရောဂါဖြစ်ခြင်းကို ကာကွယ်ရန် စိုက်ပျိုး မွေးမြူရေးခြံ၊ သားသတ်ရုံတို့မှ ၀န်ထမ်းများကို လုပ်ငန်းခွင်အတွင်း သန့်ရှင်းစွာ ကိုင်တွယ်၊ ဆောင်ရွက်နည်းများ ပညာပေးရန် လိုအပ်ကြောင်း ဒေါက်တာကျော်လင်းက ရှင်းပြသည်။

အများပြည်သူလည်း အီကိုလိုင်ပိုး ကူးစက်မှုအကြောင်း သိရှိရန် အရေးကြီးသည်ဟု ရန်ကုန်မြို့ရှိ အထွေထွေ ရောဂါ အထူးကု ဆရာဝန်တဦးက ဆိုသည်။

“အဲဒီလိုဖြစ်တယ်ဆို ကျန်းမာရေး ဦးစီးဌာန အနေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တာကိုတော့ သိအောင် ပညာ ပေးသင့်တယ်။ ဒီပိုးက ဝမ်းလျှောတာ၊ ဝမ်းကိုက်တာ၊ အစာ အဆိပ်သင့်တာ စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။ အသားစိမ်း ငါးစိမ်းတွေ၊ နွားနို့ အစိမ်းတွေကနေ တဆင့် ရောဂါများ ရနိုင်တယ်” ဟု ထိုဆရာဝန်က ပြောသည်။

အီကိုလိုင်ကြောင့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံ တို့တွင် မကြာသေးမီက လူ ၅၀ နီးပါး အထိ သေဆုံးခဲ့ရသည်။
သို့သော် လည်း မြန်မာ ပြည်သူ အများစု အတွက် အီကိုလိုင်က အသစ်အဆန်း ဖြစ်နေသည်။

“ကျမတို့တွေကတော့ အီကိုလိုင် ဆိုတဲ့ ပိုးလည်း မကြားဖူးဘူး။ ဘယ်ကနေ စဖြစ်တယ် ဆိုတာလည်း တိတိကျကျ မသိဘူး။ ရောဂါတွေကလည်း ဝက်နားရွက်ပြာ ဖြစ်လိုက်၊ စုံနေတာပဲ။ ဘယ်အစားအစာ စားရမလဲတောင် မသိဘူး” ဟု ဗိုလ်တထောင် မြို့နယ်ရှိ အိမ်ရှင်မ တဦးက ဆိုသည်။

လူ့အသက်ကို အန္တရာယ် ပေးစေနိုင်သော EHEC အမျိုးအစား အီကိုလိုင်ကြောင့် ကြွက်တက်ခြင်း၊ ဖျားနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှော ခြင်း၊ တခါတရံ သွေးဝမ်းသွားခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

တခြားသော အီကိုလိုင်ပိုး ၄ မျိုးမှာ Enteropathogenic Escherichia Coli (EPEC), Entertoxaegenic Escherichia Coli (ETEC), Enteroaggregative Escherichia Coli (EAEC), Enteroinvasive Escherichia Coli (EIEC) တို့ ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့