Wednesday, July 13, 2011

သမ္မတထံ အိတ်ဖွင့်ပေးစာကြောင့် မနိုဘဲလ်အေး ထောင်ဝင်စာပိတ်ခံရ

ဇာနည်မာန်
13 July 2011

နိုင်ငံရေး အကျဉ်းသားမရှိဟု အစိုးရသစ်၏ ပြောဆိုချက်ကို တလအတွင်း ပြန်ရုတ်သိမ်းပေးရန် အိတ်ဖွင့် ပေးစာ ပေးပို့တောင်း ဆိုမှုကြောင့် ၈၈ မျိုးဆက် ကျောင်းသူ မနိုဘဲလ်အေး (ခေါ်) မနှင်းမေအောင်ကို ထောင်ဝင်စာ ပိတ်လိုက်ကြောင်း သတင်းရရှိ သည်။


“ဇူလိုင် ၇ ရက်နေ့က သွားတွေ့တာ တွေ့ခွင့်လည်း မရဘူး၊ ပစ္စည်းပေးခွင့်လည်း မရခဲ့ဘူး။ သူ့အဖေက ထောင်ပိုင်ကြီးကို မေးတော့ အထက်က ညွှန်ကြားလို့၊ ထောင်စည်းကမ်းကို ချိုးဖောက်ရင် အပြစ်ပေးခံရမှာပဲလို့ပဲ ပြောတယ်။ ဘာစည်းကမ်း ချိုးဖောက်လဲ ဆိုတော့ ဘာမှမပြောဘူး” ဟု မနိုဘဲလ်အေး၏ မိခင် ဒေါ်အေးမြင့်သန်းက ပြောသည်။

မနိုဘဲလ်အေးသည် ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဇူလိုင် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

မနိုဘဲလ်အေးသည် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုမတိုင်ခင် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး အမျိုးသားညီလာခံကို ဆန့်ကျင်သည့် ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် မုံရွာထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်သည်။

ဒေါ်အေးမြင့်သန်းက “ထောင်ပိုင်ကြီးနဲ့ တွေ့ရဖို့ စောင့်နေတဲ့ အချိန်မှာ နိုဘဲလ်က မေမေကြီးရေ မေမေကြီးရေ လို့ အော်ခေါ်တယ် ပြောတယ်။ ထောင်ဝင်စာမတွေ့ရလို့ အော်တာနေမှာပေါ့ လို့ပဲ ထောင်ပိုင်က ပြောတယ်။ သမီးက အသည်းရောင် အသားဝါရောဂါ ရှိတော့ စိတ်ပူတယ်။ အန်တီ့မှာ သမီးအသံ ကြားယောင်ပြီး အိပ်တောင်မပျော်ဘူး။ သူ မလွတ်တဲ့ အတွက်ကတော့ အန်တီတို့က ဘာမှမခံစားရပါဘူး။ ဒါပေမယ့် သူတို့က အဲဒီလိုမျိုး နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ လိမ်လည်လှည့်ဖျားပြီး ပြောတာကိုတော့ အန်တီတို့ မခံချင်ဘူး” ဟု ဆိုသည်။

ထောင်ပိုင်မှတဆင့် ပေးလိုက်သော ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲပါ မနိုဘဲလ်အေး၏ အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသား မရှိပါဟု အစိုးရသစ်၏ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ ပြောကြား ချက်သည် ပကတိ ရှိနေသော အခြေအနေများကို မျက်ကွယ်ပြုပြီး သိက္ခာမဲ့သော စကားများဖြစ်၍ တလအတွင်း ရုတ်သိမ်း ပေးရန် တောင်းဆိုကြောင်း၊ မရုတ်သိမ်းပေးပါက ဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်ဟု မိခင်ဖြစ်သူက ရှင်းပြသည်။

အလားတူ မိထ္ထီလာထောင်တွင် အကျဉ်းကျခံနေရသော ဆရာတော် ဦးစန္ဒာဝရ၊ ကိုထွန်းထွန်းဦး၊ ကိုထွန်းထွန်းနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅ ဦးတို့ ကလည်း နိုင်ငံရေးအကျဉ်းသား မရှိပါက ၎င်းတို့အား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ သို့မဟုတ် ပါက အမှုများကို အများရှေ့တွင် ပြန်လည်စစ်ဆေးပေးရန် သမ္မတသစ် ဦးသိန်းစိန်ထံ စာပေးပို့ တောင်းဆိုခဲ့သည်။

“ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ထောင်ပိုင်ကနေတဆင့် သမ္မတ ဦးသိန်းစိန်ဆီကို ပို့လိုက်တာ။ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတာကို သူတို့ သဘောမတူဘူး။ တကယ်လို့ မရှိဘူးဆိုရင် သူတို့ကို လွှတ်ကိုလွှတ်ပေးရမှာ။ မလွှတ်ပေးဘူး ဆိုရင်လည်း လူတိုင်း လာနားထောင်နိုင်တဲ့ တရားရုံးမှာ မျှတအောင် စစ်ပေးဆိုပြီး ရေးလိုက်တယ်” ဟု ကိုထွန်းထွန်းနိုင်၏ ဇနီး မအေးသက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသား မရှိဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်ပြီး နိုင်ငံအ၀န်း ထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား များနှင့် ၎င်းတို့၏ မိသားစုဝင်များသည်လည်း မကျေနပ်ကြကြောင်း သိရသည်။

ဘားအံထောင်တွင် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသော ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကလည်း နိုင်ငံရေးအကျဉ်းသားမရှိဟု ပြောဆိုနေသူများသည် နိုင်ငံရေးအကျဉ်းသားများကို စွဲဆိုထားသည့် အမှုများကို ပြန်လည်စိစစ်ပြီးမှ ပြောဆိုသင့်သည်ဟု ထောင်ဝင်စာလာတွေ့သည့် မိခင်ကို ပြောဆိုခဲ့သည်။

“အပြစ်မရှိဘဲလည်း ထောင်ချခံရသေးတယ်။ နောက်ပြီးတော့ ရာဇ၀တ်မှုနဲ့ ထောင်ချထားတာလို့လည်း ပြောသေးတယ်။ အဲဒီတော့ သူတို့လည်း မခံနိုင်ဘူး။ အန်တီတို့ အပြင်က လူတွေကလည်း မခံစားနိုင်ဘူး” ဟု ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက ဆိုသည်။

ဘားအံထောင်တွင် ကိုနေဘုန်းလတ်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ကိုဥာဏ်လင်း၊ ကိုနေကျော်၊ ကိုကျော်ကျော်နိုင် ကိုပြည့်ဖြိုးအောင် စသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဉ်းသား မရှိဆိုသည့် အစိုးရသစ်၏ လှည့်ဖျား ပြောဆိုနေမှုကို နိုင်ငံတကာက အမှန်အတိုင်း သိစေလိုနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေကြောင်း၊ နိုင်ငံရေး အကျဉ်းသားများသည် ၎င်းတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - မြန်မာနိုင်ငံ (AAPP) ၏ စာရင်းများအရ သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့