Friday, July 15, 2011

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများ ၃ လနား

15 July 2011

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများကို ဇူလိုင်လဆန်းမှ စတင်၍ ၃ လ ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

“ဘက်ဂျက်လျှော့ချရေး အစီအစဉ်အရ အရေးမကြီးသေးတဲ့ တည်ဆောက်ရေး စီမံကိန်းတွေကို ခေတ္တရပ်နားတယ်လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်” ဟု ACE ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာတဦးက ပြောသည်။ ACE ဆောက်လုပ်ရေးလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်သည်။


ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်ကောင်စီရုံးအနီးတွင် တည်ဆောက် နေသော ဒုတိယ ဝန်ကြီးများအတွက် အိမ်ရာများ၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း နှင့် စစ်တပ်မှ ဆောက်လုပ်သည့် စီမံကိန်း များမှအပ ကျန် တည်ဆောက်ရေး လုပ်ငန်း များအားလုံး ပါဝင်ကြောင်း နေပြည်တော် အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှ သိရသည်။

“အစိုးရက အရေးမကြီးသေးတဲ့ စီမံကိန်းတွေကို ရွှေ့ဆိုင်းပြီး အရေးကြီးတဲ့ စီမံကိန်းတွေကို အရင်ပြီးစီးအောင် လုပ်မယ်လို့ ပြောပါတယ်” ဟု ACE မှ အင်ဂျင်နီယာက ပြောသည်။

ယင်းရွှေ့ဆိုင်းမည့် အစီအစဉ်တွင် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက်နေသာ ဇေယျာ သီရိနှင့် ဇမ္ဗူသီရိမြို့နယ်များရှိ မက်စ်မြန်မာမှ ဘောလုံးကွင်းနှစ်ကွင်း ပါဝင်ခြင်းရှိ၊ မရှိ မသိရသေးကြောင်းလည်း ၎င်းက ပြော ကြားသည်။

“ကျနော်တို့လည်း ရပ်နား၊ မရပ်နား မသိရသေးပါဘူး” ဟု ဇေယျာသီရိမြို့နယ်ရှိ ဘောလုံးကွင်းတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာက တယ်လီုဖုန်းဖြင့် ဖြေကြားသည်။

ရပ်တန့်လိုက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်ဧည့်ဂေဟာ၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမျိုးသားစာကြည့်တိုက် စသည့် တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်။

“၃ လ ဆိုပေမယ့် ပိုရင်လည်း ပိုနိုင်တယ်ကြားတယ်။ အလုပ်သမားတွေကိုလည်း ပြန်လွှတ်လို့ မဖြစ်သေးဘူး။ အလုပ်မလုပ်ရဘဲ နေ့တွက်၊ လစာပေးနေရမလားပဲ မသိပါဘူး” ဟု နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ စီမံကိန်းဒါရိုက်တာတဦးက ပြောသည်။

ACE, အေဝမ်း၊ IEG, TZTM, ရွှေတောင် စသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ အနေဖြင့်မူ အမြဲတမ်းဝန်ထမ်းများကို လစာဆက်ပေးထားမည် ဖြစ်သော်လည်း လက်ခွဲဆောက်လုပ်ရေးလုပ်ငန်းများကမူ လုပ်သားများကို ပြန်လွှတ်နေရကြောင်း ဆောက်လုပ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတရပ်တွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် အရေးကြီးသော စီမံကိန်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လောလောဆယ် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချရန်ပြောကြားခဲ့သည်။

ယခင် အစိုးရလက်ထက်က နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွင် တရက်လျှင် မြန်မာငွေကျပ် သန်း ၄ဝဝဝ ခန့် သုံးစွဲခဲ့ကြောင်း စည်ပင်သာယာရေး ဘဏ်အရာရှိတဦးက ပြောသည်။

နအဖ အစိုးရလက်ထက်တွင် နေပြည်တော်ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ တွင် အပြီးသတ်ရန် စီမံကိန်း ချထားခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့