July 13, 2011
နန်းမြနဒီ
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းမှာ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေအကြားတိုက်ပွဲမှာ အစိုးရတပ်ဘက်က လေယာဉ်နဲ့ ဗုံး ကြဲချသွားတယ်လို့ ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အက်စ်အက်စ် အေတပ်ဖွဲ့တွေနဲ့ အစိုးရတပ် ခလရ ၂၈၆၊ ၂၈၇ တို့နဲ့ ဝမ်ဟိုင်းဌာနချုပ် ဝန်းကျင် လွိုင်ဆိုင်းတောင်၊ ဝမ့်ကိုင်ဖိုက် (ကြက်ဖြူရွာ) ရွာအနီးမှာ ဒီမနက်ကနေ အခုထိ ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ သူက ပြောပါတယ်။
စိုင်း လောဝ်ဆိုင်က “မနေ့က သူတို့ထိုင်ထားတဲ့ ရှေ့တန်းစခန်းကို ကျနော်တို့က သိမ်းဆည်းရမိပါတယ်။ သူတို့က အခုပြောတဲ့ (ဝမ်ဆိုင်း) တောင်ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျနော်တို့တပ်တွေက လိုက်ရင်းနဲ့ ပိတ်ထားတဲ့သဘောဖြစ်ပါတယ်။ သူတို့ကိုကူညီဖို့အတွက် ဒီနေ့မွန်းလွဲပိုင်း တနာရီကျော်လောက်မှာ ဝေဟင်ကနေ အမ်အိုင်ဂျီ ၂၆ အမျိုးအစား တိုက်လေယာဉ်လို့ယူဆရတဲ့ လေယာဉ်နှစ်စင်းနဲ့ ကျနော်တို့ အက်စ်အက်စ်အေတပ်တွေကို ဗုံး ၁၀ လုံးကြဲသွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ရာ နေရာဟာ ဝမ်ဟိုင်းဌာနချုပ်ရဲ့ အနောက်မြောက် ၁၃ မိုင်ခန့်အကွာမှာ ဖြစ်နေတာလို့ ရှမ်းတပ်မတော် တပ်မှူးငယ် တဦးက ပြောပြီး လက်ရှိ အစိုးရတပ်က အင်အား ၂၀၀ လောက်က လွိုင်စိုင်းတောင်ပေါ်ရောက်နေပြီး အောက်မှာ ရှမ်းတပ်မတော် အင်အား ၄၀၀ လောက်က ပိတ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစိုးရတပ်ကို စစ်ကူလာတဲ့ ခလရ (၆၄) တပ်ရင်းကို ရှမ်းတပ်က ကျေးသီးမြို့နယ် နောင်ဆွမ်းရွာအနီးမှာ ဒီမနက် ၂ နာရီခန့်က တိုက်ခိုက်လို့ စစ်သား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ရှမ်း ပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) ရဲ့ ပြောခွင့်ရ ဗိုလ်မှူးတယောက်ကတော့ အစိုးရခြေလျင်တပ်က ကူညီဖို့ ခက်ခဲ သွားတဲ့နောက် ဝေဟင်ကနေ ရုရှားလုပ်လေယာဉ်တွေနဲ့ ဗုံးလာကြဲတာဖြစ်သလို ဒီလေယာဉ်တွေ ပြန်သွားပြီးတဲ့နောက် သေနတ် သံတွေ ကြိုးကြားထွက်နေတုန်းပဲလို့ပြောပြီး ဝမ်ဟိုင်းနားက တပ်တွေ ဆုတ်ခွာဖို့ တောင်းဆိုလိုက်ပါတယ်။
“သူတို့က ကျနော်တို့ ဝမ့်ဟိုင်းတလျှောက် အဲဒီ သွားမယ့် လမ်းမှာ အခြေပြုထားတဲ့ တပ်တွေ ရှိတာကော သူတို့ တဆင့်ပြီးတဆင့် ချေမှုန်းပြီး ဝမ့်ဟိုင်းကို ဖြိုမယ့်သဘော ဖြစ်တယ်လေ။ ဒါကြောင့်လဲ ကျနော်တို့ ဌာနချုပ် သူတို့လက်ထဲ မကျအောင် ကျနော်တို့က ဖြစ်နိုင်သလောက် ကျနော်တို့က ခုခံပြီး ကာကွယ်ထားရမှာပဲပေါ့။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က စစ်ရေးနဲ့ မဖြေရှင်းချင်ပါဘူး။ ကျနော်တို့နယ်မြေထဲမှာ ထိုးစစ်ဆင်နေတဲ့တပ်တွေကြောင့် ကျနော်တို့ ပြည်လူထုလည်း အခုဆိုရင် ပုံမှန်ဆန်ရေစပါး ရှားပါးတဲ့ အချိန် ဆိုတော့ တော်တော် ဒုက္ခရောက်နေတယ်လေ။ ထိုးစစ်ဆင်နေရင် ဘယ်တော့မှ ပြီးဆုံးနိုင်မယ် မဟုတ်ဘူးလို့ ကျနော်တို့ ခံယူထားတယ်။”
အစိုးရတပ် တွေက ဝမ့်ဟိုင်းဌာနချုပ်အခြေပြု ရှမ်းပြည်တပ်မတော်နဲ့ ဒီနှစ်ဆန်းကတည်းက ဆက်တိုက် တိုက်ပွဲဖြစ်နေတာပါ။ အစိုးရဘက်က ကေအိုင်အိုနဲ့ အပစ်ရပ်ဖို့ ကြိုးပမ်းတာ တွေ့ရပေမယ့် ရှမ်းတပ်မတော်နဲ့ အပစ်ရပ်ဖို့ ကြိုးပမ်းတာ မတွေ့ရသေးပါဘူး။
Ref: ဒီဗွီဘီ
Thursday, July 14, 2011
အစိုးရက ရှမ်းပြည်တပ်မတော်ကို ဗုံးကြဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment