Wednesday, July 13, 2011

ကြံ့ဖွံ့ခေါင်းဆောင်များ ကချင်အရေးအတွက် မြစ်ကြီးနားသွား

ဖနိဒါ
ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး မရနိုင်ဘဲ ဖြစ်နေချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဖွဲ့စည်းထားသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်သည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ၁ နှင့် ၂ ဖြစ်သော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့က ငြိမ်းတည်ညှိနှိုင်း အဖွဲ့ဝင် ၅ ဦးနှင့် မြစ်ကြီးနားမြို့သို့ လာရောက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌ မွန်းလွဲ ၂ နာရီတွင် ဆွေးနွေးမှာဖြစ်သည်။


“သမ္မတဆီ တိုက်ရိုက်ရောက်ဖို့ သူတို့ (ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းဆောင်များ) နဲ့ စကားပါးရမယ်” ဟု ငြိမ်းတည်ညှိနှိုင်း အဖွဲ့ဝင် ဦးဆင်ဝါးနော်က မဇ္ဈိမကို ပြောသည်။

နယ်စပ်မြို့ လိုင်ဇာတွင် KIO ၏ နှစ်ရက်ကြာ လူထုဆန္ဒခံယူပွဲကို ဗုဒ္ဓဟူးနေ့တွင် ဆက်လုပ်ရာ ကိုယ်စားလှယ် ၁၃ဝ ခန့်အနက် အများစုက အစိုးရဘက်က အပစ်ခတ်ရပ်ဆိုင်းကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား မပြနိုင်လျှင် ဆက်လက် တိုက် ခိုက် ရန် ဆန္ဒပြုခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူတဦးက ပြောသည်။

“တိုက်မယ်ဆိုတဲ့ လူတွေက ၉ဝ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တိုက်နေလို့လည်း ငြိမ်းချမ်းရေး ရဖို့ ခက်တယ်။ အစိုးရဘက်က နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် လက်ခံသင့်တယ်ဆိုတာမျိုး ပြောတယ်။ အခုတော့ တရားဝင် အစိုးရ ဖြစ်တဲ့အတွက် ဆွေးနွေးမယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

“အမျိုးသားရေးအတွက် အခုက Right Time အချိန်ကျပြီ။ အချိန်တန်ပြီဆိုတော့ မိမိတို့ကျရာ ကဏ္ဍကနေ လူငယ်တွေ အားလုံး က ဘာကိုလိုချင်တယ်ဆိုတာတွေ သိနေတဲ့အတွက် လက်နက်ကိုင်တဲ့ စစ်တပ်ကလည်း စစ်တပ်ရဲ့ တာဝန်ဆက်သွားမယ်။ နိုင်ငံရေး ဆွေးနွေးတဲ့ လူတွေကလည်း နိုင်ငံရေးဆက်သွားမယ်။ ကျနော်တို့ လူငယ်တွေကလည်း ကိုယ့်လူငယ်တွေရဲ့ နေရာကနေ ကျရာကဏ္ဍကနေ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောတူညီကြတယ်” ဟု ရန်ကုန်မြို့မှနေ၍ လာရောက်သော ကချင်ကိုယ်စားလှယ်တဦးက မဇ္စျိမကို ပြောသည်။

Ref: မဇ်ၥိမ

0 comments:

အပေါ်သို့