July 12, 2011
အေးနိုင်
တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးတဲ့ စစ်ပြေးဒုက္ခသည်ကလေးငယ်တွေအကြား ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ပျံ့နှံ့နေပြီး ကလေးသုံးဦး သေဆုံးခဲ့ပြီးပြီလို့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
“ကလေးကတော့ နှစ်ယောက်ဆုံးသွားတယ်။ အသက် ငါးနှစ်လောက်အရွယ်နဲ့ နှစ်နှစ်လောက်ရှိတဲ့အရွယ် တနေ့တည်းမှာ ဆုံးသွားပါတယ်။ စုစုပေါင်း ဆုံးသွားတာ သုံးယောက်ရှိသွားပြီ။ ပထမဆုံးသွားတဲ့ကလေး အဆုတ်အအေးမိပြီး ရောက်လာတဲ့ကလေး။ နောက် ကလေးနှစ်ယောက်က ဝမ်းရောဂါနဲ့ပဲ ဆုံးတယ်။”
တရုတ်အစိုးရက အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေကို စစ်ပြေးဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်မပြုသေးတာကြောင့် ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ရောက်နိုင်ရေးမှာ အခက်ကြုံနေပါတယ်။
အစိုးရတပ် တွေနဲ့ တိုက်ပွဲပြန်ဖြစ်တဲ့ လွန်ခဲ့တဲ့ တလခန့်ကတည်းက နယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကေအိုင်အို ဌာနချုပ်ရဲ့ ဂိုဒေါင်တွေမှာ နေရာချထားပေးထားတာပါ။
ဒုက္ခသည်တွေဟာ သောက်သုံးရေး မသန့်ရှင်းမှုအကျိုးဆက်၊ မိလ္လာစနစ် မလောက်ငတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရသလို လတ်တလော ဆေးရုံမှာ ကလေးလူနာ သုံးရာလောက် ရောက်ရှိနေတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
“အခု အဓိကဖြစ်တာက ကလေးတွေ တုပ်ကွေးဖြစ်နေကြတယ်။ ဝမ်းပျက်တယ်၊ အဲလို ပြဿနာတွေက အများကြီးပေါ်နေကြ တယ်။ ဒီထက်ပို ရေရှည်မှာတော့ ကျန်းမာရေးပြဿနာက အများကြီး ကြုံတွေ့လာနိုင်တယ်။ တရက်ကိုဆိုရင် ဆေးရုံမှာ ဆေးခန်းလာပြတဲ့လူနာ ပျမ်းမျှ ၃၀၀ လောက်ရှိတယ်။ တုပ်ကွေးက ခြင်ကြောင့်၊ ဝမ်းက ရေကြောင့်ဖြစ်တာပါ။”
ဒုက္ခသည်တွေဟာ တလနီးပါးကြာတဲ့တိုင်အောင် ဖြစ်သလို စားသောက်နေထိုင်လို့ရပေမယ့် ခန်းမတခုတည်းမှာ လူပေါင်းများစွာကို နေရာချထားပေးရတဲ့အတွက် ကလေးတဦးမှာ ကူးစက်ရောဂါဖြစ်ရင် ကျန်ကလေးတွေကို ကူးစက်နိုင်တယ့် အခြေအနေ ဖြစ်ပါတယ်။
ဒါပေမယ့် ခုလက်ရှိ ကာလအထိ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်း တသင်းတဖွဲ့မှ မဆက်သွယ်လာသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ပွဲတလအကြာမှာ စစ်ပြေးဒုက္ခသည် နှစ်သောင်းဝန်းကျင်လောက် ရောက်နေပြီလို့ ကေအိုင်အိုက ထုတ်ပြန်ထားပါတယ်။
ဝိုင်း မော်မြို့နယ် ပန်ဖော်ကျေးရွာကနေ ထွက်ပြေးလာပြီး လိုင်ဇာရောက်နေတဲ့ စစ်ပြေးဒုက္ခသည် အမျိုးသမီးတဦးက ဒုက္ခသည်တွေအဖို့ ထွက်ပေါက်မပိတ်အောင် ခွင့်ပြုစေချင်တာကို ခုလို ပြောပြပါတယ်။
“မြန်မာစစ်တပ်နဲ့ တွေ့မှာစိုးလို့ရှင့်။ သူတို့တွေ့ရင် ကျမတို့ကို မုဒိမ်းကျင့်မှာကြောက်တယ်။ ပေါ်တာဆွဲမှာကြောက်တယ်။ ဟိုအရင် စစ်ဖြစ်တုန်းကအကြောင်း မိဘတွေလက်ထက်တုန်းက နှိပ်စက်တာတွေ ပြောပြထားတော့ ကျမတို့က ကြောက်လို့ ထွက်ပြေးလာခဲ့ကြတာ။”
ဒုက္ခသည်တွေ စတင်ပြေးကာစက တရုတ်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့တခုက ခြင်ထောင်တွေ စောင်တွေ လာလှူဖူးပြီး နောက်ပိုင်း ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတာမရှိတော့ဘဲ ကေအိုင်အိုက တောက်လျှောက် တာဝန်ယူ ကျွေးမွေးနေရတာလို့ ဦးလနန်းက ပြောပါတယ်။
ကချင်ဒေသနဲ့ ရှမ်းမြောက်ဘက်က စစ်ပြေးဒုက္ခသည်တွေဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာလို အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက ကူညီဆောင်ရွက်တာ မတွေ့ရသေးသလို တရုတ်အစိုးရကိုယ်တိုင်ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်မပြု သေးဘူးလို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“ အခုအချိန်မှာ တရုတ်အစိုးရကနေပြီးတော့ ဒီမှာရောက်လာတဲ့ စစ်ကြောင့် ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အသိ အမှတ်မပြုသေးဘူး။ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်မရှိသေးဘူး။ ဒါကြောင့် ဝင်လာတဲ့လူတွေကလည်း ဒုက္ခသည်တွေမဟုတ်ဘူးဆိုပြီး ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း မပြုသေးဘူး။ အခုထက်ထိ ပြည်နယ်အစိုးရလို့ ပြောရမလား၊ ခရိုင်အစိုးရလို့ပြောရမလား၊ ဒုက္ခသည်နဲ့ပတ်သက်ပြီးတော့ တရားဝင် လာကြည့်တာမျိုး၊ စုံစမ်းတာမျိုး၊ သတင်းမေးတာမျိုး မရှိသေးဘူး။”
ဒီလို တဖက်က စစ်တိုက်နေသလို တဖက်ကလည်း ဒုက္ခသည်ထောင်ပေါင်းများစွာကို ကျွေးမွေးထားတဲ့ ကေအိုင်အေအဖွဲ့ကို အစိုးရက သုံးကြိမ်ထက်မနည်း အပစ်အခတ်ရပ်စဲဖို့ လူလွှတ်ကမ်းလှမ်းခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအဆင့်ကို မရောက်သေးပါဘူး။
သုံးကြိမ် တွေ့ဆုံပွဲတွေမှာ နေအိမ်လယ်ယာပိုင်ဆိုင်မှုတွေနဲ့ စာသင်ကျောင်းတွေကို စွန့်လွှတ်ခဲ့တဲ့ ဒုက္ခသည်အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေခြင်း မရှိသေးပါဘူး။
ဒီဒုက္ခသည်တွေကို ကချင်အမျိုးသားအဖွဲ့ (ကေအန်အို) က ဦးစီးပြီး အကူညီထောက်ပံ့ရအောင် ဆောင်ရွက်နေပါတယ်။
လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ကေအန်အိုခေါင်းဆောင်ပိုင်းဟာ united kingdom နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အစိုးရနဲ့ ကေအိုင်အိုအကြား ဖြစ်ပွားနေတဲ့အခြေအနေကို ရှင်းလင်းခဲ့သလို ဒုက္ခသည်တွေအခြေအနေကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကေအန်အို-ယူ ကေ အဖွဲ့တာဝန်ခံ အယ်လ်ဂွန်းတောင်က အဲဒီတွေ့ဆုံပွဲမှာ ယူကေအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး တရုတ်ကို ဖိအားပေးရေးအပါအဝင် တင်ပြချက်သုံးခုကို ခုလို ပြောပါတယ်။
“ကျနော်တို့ တောင်းဆိုတာတော့ အချက် (၃) ချက်ပေါ့လေ။ မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဆိုင်းဖို့၊ နောက်ပြီးတော့ အခုဖြစ်ပျက်နေတဲ့ ဒုက္ခသည်ကိစ္စနဲ့ပတ်သက်လို့ ယူကေအစိုးရကနေ စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့၊ နောက်တခုကတော့ တရုတ်ပြည်ကို လည်း ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး လက်ခံပေးဖို့အတွက် ဖိအားပေးဖို့ ယူကေအစိုးရကို တိုက်တွန်းထားတာတွေရှိတယ်” လို့ ပြောပါတယ်။
မကြာသေးခင်ကတင် ကေအန်အို-ယူကေ က ကချင်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ (kachin relief fund) အမည်နဲ့ ယူကေအစိုးရထံမှာ မှတ်ပုံတင်ထားလိုက်ပြီလို့ ပြောပါတယ်။
ကေအန်အိုဟာ အာရှ၊ ဥရောပနဲ့ အမေရိကန် စတဲ့နိုင်ငံ ခုနှစ်နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ပြီး ကချင်ဒုက္ခသည်တွေအတွက် အလှူငွေ ကောက်ခံလှူဒါန်းနေပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ ဒုက္ခသည်တွေလိုပဲ နှစ်ပေါင်း ၂၀ ကျော် ထိုင်း-မြန်မာနယ်စပ်မှာလည်း စစ်ပြေးဒုက္ခသည် တသိန်းသုံးသောင်းလောက် ရောက်ရှိခိုလှုံနေကြပါတယ်။
Ref: ဧရာဝတီ
Wednesday, July 13, 2011
စစ်ပြေးဒုက္ခသည်ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၊ သုံးဦးသေဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment